YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 32:1-32

ကမ္ဘာဦး 32:1-32 Judson Bible (JBMLE)

ယာ​ကုပ်​သည်​ခ​ရီး​သွား​ပြန်၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​တို့​သည် ကြို​ဆို​ခြင်း​ငှာ​လာ​ကြ​သည်​ကို၊ ယာ​ကုပ်​မြင်​လျှင် ဘု​ရား​သ​ခင်၏​တပ်​တော်​ဖြစ်​သည်​ဟု ဆို၍၊ ထို​အ​ရပ်​ကို မ​ဟာ​နိမ်​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​အ​ခါ ယာ​ကုပ်​သည်၊ အစ်​ကို​ဧ​သော​နေ​ရာ ဧ​ဒုံ​ပြည်​တည်း​ဟူ​သော စိ​ရ​ပြည်​သို့၊ တ​မန်​တို့​ကို မိ​မိ​ရှေ့​မှာ​စေ​လွှတ်၍ မှာ​လိုက်​သည်​ကား၊ ကိုယ်​တော်၏​ကျွန်​ယာ​ကုပ်​က၊ ကျွန်​တော်​သည် လာ​ဗန်​ထံ​မှာ​တည်း​ခို၍၊ ယ​ခု​တိုင်​အောင်​နေ​ပါ​ပြီ။ ကျွန်​တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန်​ယောက်ျား မိန်း​မ​များ​ရှိ​ကြ​ပါ၏။ ကျွန်​တော်​သည် သ​ခင်၏​စိတ်​တော်​နှင့်​တွေ့​စေ​ခြင်း​ငှာ၊ လျှောက်​ကြား​လိုက်​ပါ​သည်​ဟု၊ ငါ့​သ​ခင်​ဧ​သော​ကို​လျှောက်​ကြ​ဟု မှာ​လိုက်​လေ​၏။ တ​မန်​တို့​လည်း ယာ​ကုပ်​ထံ​သို့​ပြန်​လာ၍၊ ကျွန်​တော်​တို့​သည်၊ ကိုယ်​တော်၏​အစ်​ကို​ဧ​သော​ထံ​သို့ ရောက်​ခဲ့​ပါ​ပြီ။ သူ​သည်​ကိုယ်​တော်​ကို တွေ့​ခြင်း​ငှာ၊ လူ​လေး​ရာ​နှင့်​ချီ​လာ​ပါ​သည်​ဟု လျှောက်​ကြ​၏။ ထို​အ​ခါ​ယာ​ကုပ်​သည်၊ အ​လွန်​ကြောက်၍ စိတ်​ပူ​ပန်​လျှင်၊ မိ​မိ​တွင်​ပါ​သော လူ​စု၊ သိုး​ဆိတ်​စု၊ နွား​စု၊ ကု​လား​အုတ်​များ​တို့​ကို နှစ်​စု​ခွဲ၍​ထား​လေ​၏။ အ​ကြောင်း​မူ​ကား၊ တစ်​စု​ကို ဧ​သော​တွေ့၍​လုပ်​ကြံ​လျှင်၊ ကြွင်း​သော တစ်​စု​လွတ်​လိမ့်​မည်​ဟု​ဆို​၏။ တစ်​ဖန်​ယာ​ကုပ်​က၊ အ​ကျွန်ုပ်​အ​ဘ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ဘ ဣ​ဇာက်၏​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​က၊ သင်၏​ပြည်၊ သင်၏​အ​မျိုး​သား​ချင်း​တို့​ထံ​သို့ ပြန်​လော့။ ငါ​သည်​သင်၌​ကျေး​ဇူး​ပြု​မည်​ဟု မိန့်​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ကျွန်၌​ပြ​တော်​မူ​သော က​ရု​ဏာ​သ​စ္စာ​တော်​အ​ငယ်​ဆုံး​ကို​မျှ အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။ အ​ကျွန်ုပ်​သည်​အ​ထက်​က၊ ဤ​ယော်​ဒန်​မြစ်​ကို လက်​စွဲ​တောင်​ဝှေး​နှင့်​သာ​ကူး​ပါ၏။ ယ​ခု​မူ​ကား၊ အ​ပေါင်း​အ​သင်း​နှစ်​စု​ဖြစ်​ပါ၏။ သို့​ဖြစ်၍၊ အ​ကျွန်ုပ်​ကို​အစ်​ကို​ဧ​သော​လက်​မှ ကယ်​လွှတ်​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ပါ၏။ သူ​သည်​လာ၍ အ​ကျွန်ုပ်​ကို​လည်း​ကောင်း၊ သား​မ​ယား​တို့​ကို​လည်း​ကောင်း သတ်​မည်​ဟု အ​လွန်​စိုး​ရိမ်​ပါ​၏။ ကိုယ်​တော်​က၊ ငါ​သည်​သင်၌ အ​မှန်​ကျေး​ဇူး​ပြု၍၊ မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သော သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ၊ သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ​ပါ​ပြီ​ဟု တောင်း​လျှောက်​လေ၏။ ထို​အ​ရပ်၌ တစ်​ည​ပတ်​လုံး​နေ​ပြီး​မှ၊ မိ​မိ​လက်​ရှိ​ဥ​စ္စာ​စု​ထဲ​က အစ်​ကို​ဧ​သော​အား လက်​ဆောင်​ဆက်​စ​ရာ​ဖို့၊ ဆိတ်​မ​နှစ်​ရာ၊ ဆိတ်​ထီး​နှစ်​ဆယ်၊ သိုး​မ​နှစ်​ရာ၊ သိုး​ထီး​နှစ်​ဆယ်၊ နို့​စို့​သား​ငယ်​နှင့်​တ​ကွ၊ နို့​ညှစ်​ကု​လား​အုတ်​မ​သုံး​ဆယ်၊ နွား​မ​လေး​ဆယ်၊ နွား​ထီး​တစ်​ဆယ်၊ မြည်း​မ​နှစ်​ဆယ်​နှင့် မြည်း​က​လေး​တစ်​ဆယ်​တို့​ကို​ယူ​၍၊ အ​သီး​အ​သီး​တစ်​စု​တ​ခြား​စီ ခွဲ​သန့်​လျက်၊ ကျွန်​တို့ လက်​သို့​အပ်​ပြီး​လျှင်၊ သင်​တို့​သည် ငါ့​ရှေ့​မှာ​ကူး​သွား၍၊ တစ်​စု​နှင့်​တစ်​စု​ကို ခ​ရီး​ကွာ​စေ​လော့​ဟု၊ ကျွန်​တို့​အား​မှာ​ထား​လေ​၏။ ရှေ့​ဦး​စွာ​သွား​သော​သူ​ကို​လည်း၊ ငါ့​အစ်​ကို​ဧ​သော​သည် သင့်​ကို​တွေ့၍၊ သင်​ကား၊ အ​ဘယ်​သူ၏​လူ​ဖြစ်​သ​နည်း၊ အ​ဘယ်​အ​ရပ်​သို့​သွား​သ​နည်း။ သင့်​ရှေ့​မှာ​ရှိ​သော​တိ​ရ​စ္ဆာန်​များ​ကား အ​ဘယ်​သူ၏​ဥ​စ္စာ​ဖြစ်​သ​နည်း​ဟု​မေး​လျှင်၊ ကိုယ်​တော်​ကျွန်​ယာ​ကုပ်၏​ဥ​စ္စာ​ဖြစ်​ပါ၏။ သ​ခင်​ဧ​သော​အား ဆက်​သ​လိုက်​သော လက်​ဆောင်​ဖြစ်​ပါ၏။ သူ​သည်​လည်း နောက်​မှာ​ရှိ​ပါ၏​ဟု၊ လျှောက်​ရ​မည်​ဟု မှာ​ထား​လေ၏။ ထို​နည်း​တူ၊ ဒု​တိ​ယ​သူ၊ တ​တိ​ယ​သူ​မှ​စ၍၊ အ​စု​စု​တို့​နှင့် လိုက်​သော​သူ​အ​ပေါင်း​ကို​လည်း၊ သင်​တို့​သည်​ဧ​သော​နှင့်​တွေ့​လျှင်၊ ဤ​သို့ လျှောက်​ရ​မည်​ဟူ၍​လည်း​ကောင်း၊ ကိုယ်​တော်​ကျွန်​ယာ​ကုပ်​သည်​လည်း နောက်​မှာ​ရှိ​ပါ၏​ဟု၊ ကြား​လျှောက်​ရ​မည်​ဟူ၍​လည်း​ကောင်း မှာ​ထား​လေ၏။ ယာ​ကုပ်​က၊ ယ​ခု​ငါ့​ရှေ့​တွင် ထွက်​သွား​သော​လက်​ဆောင်​ဖြင့်၊ သူ၏​စိတ်​ကို​ငါ​ဖြေ​မည်။ နောက်​မှ မျက်​နှာ​ချင်း​ဆိုင်​တွေ့​သော​အ​ခါ၊ ငါ့​ကို​လက်​ခံ​ကောင်း လက်​ခံ​လိမ့်​မည်​ဟု အ​ကြံ​ရှိ​သ​တည်း။ ထို​သို့​ယာ​ကုပ်​ရှေ့​မှာ လက်​ဆောင်​သည် အ​ရင်​ကူး​သွား၍၊ သူ​ကိုယ်​တိုင် ထို​ည၌ လူ​အ​စု​အ​ဝေး​နှင့်​အ​တူ အိပ်၍​နေ၏။ ည​မ​ကုန်​မီ​ထ၍ မ​ယား​နှစ်​ယောက်၊ ကျွန်​မ​နှစ်​ယောက်၊ သား​တစ်​ဆယ်​နှင့်​တစ်​ယောက်​တို့​ကို ဆောင်​ယူ၍၊ ယ​ဗ္ဗုတ်​ချောင်း​ရေ​တိမ်​ရာ အ​ရပ်​ကို​ကူး​လေ၏။ ထို​သို့​သူ​တို့​ကို​ယူ၍ မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​နှင့်​တ​ကွ ချောင်း​တစ်​ဖက်​သို့​ကူး​စေ​ပြီး​မှ၊ ယာ​ကုပ်​သည်​တစ်​ယောက်​တည်း​နေ​ရစ်၍၊ လူ​တစ်​ဦး​သည် မိုး​လင်း​သည်​တိုင်​အောင် သူ​နှင့်​လုံး​ထွေး​လေ၏။ ထို​သူ​သည် မိ​မိ​မ​နိုင်​မှန်း​ကို​သိ​လျှင်၊ ယာ​ကုပ်​ပေါင်​ခြံ​ကို​ထိုး၍၊ လုံး​ထွေး​စဉ်​တွင် ပေါင်​ဆစ်​ပြုတ်​လေ၏။ ထို​သူ​က​လည်း၊ ငါ့​ကို​လွှတ်​ပါ၊ မိုး​လင်း​ဆဲ​ရှိ​ပြီ​ဟု​ဆို​လျှင်၊ ယာ​ကုပ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ကောင်း​ချီး​မ​ပေး​လျှင်၊ မ​သွား​ရ​ဟု​ဆို၏။ ထို​သူ​က​လည်း၊ သင်၏​အ​မည်​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင်၊ ယာ​ကုပ်​ဖြစ်​ပါ​သည်​ဟု ပြန်​ဆို၏။ နောင်၌ သင်၏​အ​မည်​ကို​ယာ​ကုပ်​ဟူ၍ မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ လူ​နှင့်​လည်း​ကောင်း၊ မင်း​ကဲ့​သို့​ပြိုင်၍ နိုင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။ ယာ​ကုပ်​က​လည်း၊ နာ​မ​တော်​ကား​အ​ဘယ်​သို့​နည်း။ အ​ကျွန်ုပ်​အား ဖော်​ပြ​တော်​မူ​ပါ​ဟု မေး​လျှောက်​လျှင်၊ ငါ့​နာ​မ​ကို​အ​ဘယ်​ကြောင့်​မေး​သ​နည်း​ဟု ဆို၍၊ ထို​အ​ရပ်၌ ကောင်း​ချီး​ပေး​တော်​မူ၏။ ထို​အ​ရပ်​ကို​ပေ​ညေ​လ​ဟူ၍၊ ယာ​ကုပ်​သည် သ​မုတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင်​ကို မျက်​နှာ​ချင်း​ဆိုင်၍ ဖူး​မြင်​ရ​သော်​လည်း၊ အ​သက်​ချမ်း​သာ​ပြီ​ဟု ဆို​သ​တည်း။ ပေ​နွေ​လ​အ​ရပ်​ကို ယာ​ကုပ်​လွန်​သွား​သော​အ​ခါ၊ နေ​ထွက်​ချိန်​ရှိ၍၊ သူ​သည် ထော့​နဲ့​သွား​လေ၏။ ထို​သို့​ယာ​ကုပ်၏​ပေါင်​ခြံ​အ​ကြော​ကြီး​ကို ထိုး​တော်​မူ​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပေါင်​ချန်၌​ရှိ​သော​အ​ကြော​ကြီး​ကို ယ​နေ့​တိုင်​အောင်​မ​စား ရှောင်​လေ့​ရှိ​ကြ​၏။

ကမ္ဘာဦး 32:1-32 Common Language Bible (BCL)

ယာ​ကုပ်​သည်​ခ​ရီး​ဆက်​လက်​သွား​စဉ် ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​တို့​နှင့်​တွေ့​ဆုံ​လေ သည်။- ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင်​ယာ​ကုပ် က``ဤ​အ​ရပ်​ကား​ဘု​ရား​သ​ခင်​၏​တပ်​တော် ဖြစ်​သည်'' ဟု​ဆို​၍​၎င်း​ကို​မ​ဟာ​နိမ်​ဟု​မှည့် ခေါ်​လေ​သည်။ ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။- ထို​စေ​တ​မန်​တို့​အား``ကိုယ်​တော်​၏​အ​စေ​ခံ ယာ​ကုပ်​က`ကျွန်ုပ်​သည်​လာ​ဗန်​နှင့်​အ​တူ​နေ ထိုင်​ပြီး​ယ​ခု​မှ​ပြန်​ခဲ့​ရ​ပါ​သည်။- ကျွန်ုပ်​တွင်​နွား၊ မြည်း၊ သိုး၊ ဆိတ်​နှင့်​ကျွန်​များ​ရှိ ပါ​သည်။ ကိုယ်​တော်​ထံ​၌​ကျွန်ုပ်​မျက်​နှာ​သာ​ရ နိုင်​မည်​ဟု​မျှော်​လင့်​လျက် ဤ​သို့​သ​တင်း​ပို့ လျှောက်​ထား​ပါ​သည်' ဟု​ပြော​လော့'' ဟု​မှာ ကြား​လိုက်​လေ​သည်။ စေ​တ​မန်​တို့​သည်​ယာ​ကုပ်​ထံ​သို့​ပြန်​ရောက် လာ​၍ ``ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အစ်​ကို ဧ​သော​ထံ​သို့​ရောက်​ခဲ့​ပါ​သည်။ သူ​သည်​လည်း ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ရန်​လာ​နေ​ပါ​ပြီ။ သူ့ ထံ​၌​လူ​အင်​အား​လေး​ရာ​ရှိ​ပါ​သည်'' ဟု ပြန်​ကြား​ကြ​သည်။- ထို​အ​ခါ​ယာ​ကုပ်​သည်​အ​လွန်​ကြောက်​ရွံ့​၍ စိတ်​ပူ​ပန်​သ​ဖြင့် သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့ ကို​လည်း​ကောင်း၊ သိုး၊ ဆိတ်၊ နွား​နှင့်​ကု​လား​အုတ် တို့​ကို​လည်း​ကောင်း​နှစ်​စု​ခွဲ​၍​ထား​လိုက်​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ဧ​သော​ရောက် လာ​၍​ပ​ထ​မ​အ​စု​ကို​တိုက်​ခိုက်​သည်​ရှိ​သော် ကျန်​တစ်​စု​ကား​လွတ်​မြောက်​နိုင်​လိမ့်​မည်'' ဟု တွေး​တော​မိ​သော​ကြောင့်​တည်း။ ထို​နောက်​ယာ​ကုပ်​က``အ​ကျွန်ုပ်​၏​အ​ဘိုး အာ​ဗြ​ဟံ​နှင့်​အ​ကျွန်ုပ်​၏​ဖ​ခင်​ဣ​ဇာက်​တို့ ၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​ဆု​တောင်း​သံ​ကို နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​က`သင်​၏ ပြည်၊ သင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့​ပြန် လော့။ ငါ​သည်​သင့်​ကို​ကြီး​ပွား​စေ​မည်' ဟု မိန့်​တော်​မူ​ပါ​၏။- ကိုယ်​တော်​အ​မြဲ​ထား​တော်​မူ​သော​က​ရု​ဏာ တော်​နှင့်​ကိုယ်​တော်​၏​ကျွန်​သည်​မ​ထိုက်​တန် ပါ။ အ​ကျွန်ုပ်​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး စဉ်​အ​ခါ​က အ​ကျွန်ုပ်​၌​လက်​ကိုင်​တောင်​ဝှေး တစ်​ချောင်း​သာ​ပါ​သွား​သော်​လည်း ယ​ခု​မှာ မူ​ဤ​လူ​စု​နှစ်​စု​ပါ​လျက်​ပြန်​လာ​ခဲ့​ရ ပါ​သည်။- အ​ကျွန်ုပ်​၏​အစ်​ကို​ဧသော​၏​လက်​မှ​အ​ကျွန်ုပ် အား​ကယ်​တင်​ရန်​တောင်း​လျှောက်​ပါ​၏။ သူ သည်​မိန်း​မ​နှင့်​က​လေး​များ​အ​ပါ​အ​ဝင် အ​ကျွန်ုပ်​တို့​အား​လုံး​အား​တိုက်​ခိုက်​ဖျက် ဆီး​မည်​ကို​အ​ကျွန်ုပ်​စိုး​ရိမ်​ကြောက်​ရွံ့​ပါ​၏။- ကိုယ်​တော်​က`သင့်​ကို​ကြီး​ပွား​စေ​မည်။ သင်​၏ အ​ဆက်​အ​နွယ်​များ​ကို​ပင်​လယ်​ကမ်း​ခြေ​ရှိ သဲ​ပွင့်​များ​ကဲ့​သို့ မ​ရေ​မ​တွက်​နိုင်​အောင်​များ ပြား​စေ​မည်' ဟူ​သော​ကတိ​တော်​ကို​သ​တိ​ရ တော်​မူ​ပါ'' ဟု​တောင်း​လျှောက်​လေ​သည်။ ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​တစ်​ည​တည်း​ခို ပြီး​နောက် အစ်​ကို​ဧ​သော​အား​လက်​ဆောင်​ပေး ရန် မိ​မိ​၏​တိ​ရစ္ဆာန်​အုပ်​ထဲ​မှ​ဆိတ်​မ​နှစ်​ရာ နှင့်​ဆိတ်​ထီး​နှစ်​ဆယ်၊ သိုး​မ​နှစ်​ရာ​နှင့်​သိုး ထီး​နှစ်​ဆယ်၊ နို့​စား​ကု​လား​အုတ်​မ​သုံး​ဆယ် နှင့်​သား​ကောင်​ငယ်​များ၊ နွား​မ​လေး​ဆယ်​နှင့် နွား​ထီး​ဆယ်​ကောင်၊ မြည်း​မ​နှစ်​ဆယ်​နှင့် မြည်း​ထီး​ဆယ်​ကောင်​တို့​ကို​ရွေး​ယူ​လေ​၏။- ထို​တိ​ရစ္ဆာန်​များ​ကို​အုပ်​လိုက်​ခွဲ​ပြီး​လျှင် တစ် အုပ်​စီ​ကို​အ​စေ​ခံ​တစ်​ယောက်​ကျ​အုပ်​ထိန်း စေ​၏။ ထို​နောက်​အ​စေ​ခံ​တို့​အား``သင်​တို့​သည် တစ်​အုပ်​နှင့်​တစ်​အုပ်​ရှေ့​နောက်​ခြား​၍​ငါ့​ရှေ့ မှ​သွား​ကြ​လော့'' ဟု​မှာ​ကြား​လေ​သည်။- ရှေ့​ဆုံး​မှ​သွား​ရ​သော​အ​စေ​ခံ​အား``ငါ​၏ အစ်​ကို​ဧသော​က​သင့်​ကို​တွေ့​၍`သင်​၏​သ​ခင် ကား​မည်​သူ​နည်း၊ မည်​သည့်​အ​ရပ်​သို့​သွား မည်​နည်း။ သင့်​ရှေ့​၌​ရှိ​သော​တိရစ္ဆာန်​တို့​ကို မည်​သူ​ပိုင်​သ​နည်း' ဟု​မေး​လျှင်၊- `ကိုယ်​တော်​၏​အ​စေ​ခံ​ယာ​ကုပ်​ပိုင်​ပါ​သည်။ သ​ခင်​ဧ​သော​အား​ဆက်​သ​လိုက်​သော​လက် ဆောင်​များ​ဖြစ်​ပါ​သည်။ ယာ​ကုပ်​ကိုယ်​တိုင် အ​ကျွန်ုပ်​တို့​နောက်​မှ​လိုက်​ပါ​လာ​ပါ​သည်' ဟူ​၍​ညွှန်​ကြား​လေ​သည်။- ထို​နည်း​တူ​ဒု​တိ​ယ​အ​စေ​ခံ၊ တ​တိ​ယ အ​စေ​ခံ​မှ​စ​၍ တိ​ရစ္ဆာန်​အုပ်​တို့​ကို​အုပ် ထိန်း​ရ​သူ​အ​ပေါင်း​တို့​အား၊- သင်​တို့​သည်​ဧ​သော​နှင့်​တွေ့​သော​အ​ခါ`ကိုယ်​တော် ၏​အ​စေ​ခံ​ယာ​ကုပ်​သည်​ကျွန်ုပ်​တို့​နောက်​မှ​လိုက် ပါ​လာ​ပါ​သည်' ဟု​ပြော​ရ​မည်'' ဟူ​၍​မှာ​ကြား ၏။ ယာ​ကုပ်​က``ယ​ခု​ပေး​လိုက်​သော​လက်​ဆောင် များ​အား​ဖြင့် အစ်​ကို​၏​စိတ်​ကို​ပြေ​စေ​၍​သူ နှင့်​တွေ့​ဆုံ​ရ​သော​အ​ခါ ငါ့​အ​ပြစ်​ကို​ခွင့် လွှတ်​ကောင်း​ခွင့်​လွှတ်​ပေ​လိမ့်​မည်'' ဟု စိတ်​ကူး​မိ​လေ​၏။- သူ​သည်​လက်​ဆောင်​များ​ကို​ကြို​တင်​ပို့​ပြီး နောက်​ထို​ည​တွင်​စ​ခန်း​၌​အိပ်​လေ​၏။ ထို​ည​ချင်း​တွင်း​ယာကုပ်​သည်​ထ​၍​မ​ယား​နှစ် ယောက်၊ မ​ယား​ငယ်​နှစ်​ယောက်၊ သား​သ​မီး​တစ် ဆယ့်​တစ်​ယောက်​တို့​ကို​ခေါ်​ဆောင်​လျက်​ယဗ္ဗုတ် မြစ်​ကို​ဖြတ်​ကူး​စေ​၏။- သား​မ​ယား​တို့​နှင့်​အ​တူ​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း တို့​ကို​တစ်​ဖက်​ကမ်း​သို့​ပို့​လေ​၏။- ယာ​ကုပ်​က​မူ​တစ်​ယောက်​တည်း​နေ​ရစ်​ခဲ့​လေ သည်။ ထို​အ​ခါ​လူ​တစ်​ယောက်​သည်​မိုး​လင်း​အံ့​ဆဲ ဆဲ​တိုင်​အောင်​သူ​နှင့်​န​ပန်း​လုံး​လေ​၏။- ထို​သူ​သည်​မ​နိုင်​မှန်း​သိ​သော​အ​ခါ​ယာ​ကုပ် ၏​တင်​ပါး​ကို​ထိုး​သ​ဖြင့်​အ​ဆစ်​ပြုတ်​လေ​၏။- ထို​သူ​က``ငါ့​ကို​လွှတ်​ပါ။ မိုး​လင်း​လု​ပြီ'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​က``အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မှ​လွှတ် မည်'' ဟု​ပြော​၏။ ထို​သူ​က​လည်း``သင်​၏​နာ​မည်​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။ ``ယာ​ကုပ်'' ဟု​ပြန်​ဖြေ​၏။ ထို​သူ​က``နောင်​တွင်​သင်​၏​နာမည်​ကို`ယာ​ကုပ်' ဟူ ၍​မ​ခေါ်​စေ​ရ။ သင်​သည်​ဘု​ရား​နှင့်​သော်​လည်း ကောင်း၊ လူ​နှင့်​သော်​လည်း​ကောင်း​ဆိုင်​ပြိုင်​၍​အ​နိုင် ရ​ခဲ့​သော​ကြောင့်​သင်​၏​နာ​မည်​မှာ`ဣ​သ​ရေ​လ' ဟူ​၍​ဖြစ်​ရ​မည်'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​က``ကိုယ်​တော်​၏​နာမ​ကို​သိ​ပါ​ရ​စေ'' ဟု​လျှောက်​လေ​၏။ ထို​သူ​က``သင်​သည်​ငါ​၏​နာ​မ​ကို​အ​ဘယ် ကြောင့်​သိ​လို​သ​နည်း'' ဟု​မေး​၏။ ထို​နောက် ယာ​ကုပ်​ကို​ကောင်း​ချီး​ပေး​လေ​၏။ ယာ​ကုပ်​က``ငါ​သည်​ဘု​ရား​သ​ခင်​ကို​မျက်​နှာ ချင်း​ဆိုင်​ဖူး​တွေ့​ရ​သော်​လည်း အ​သက်​ချမ်း သာ​ရ​လျက်​ရှိ​သေး​၏'' ဟု​ဆို​၍​ထို​အ​ရပ် ကို​ပေ​နွေ​လ​ဟု​သ​မုတ်​လေ​၏။- ယာ​ကုပ်​သည်​ပေ​နွေ​လ​အ​ရပ်​မှ​ထွက်​ခွာ​လာ သော​အ​ခါ​နေ​ထွက်​ပြီ​ဖြစ်​၏။ သူ​သည်​ခါး​ဆစ် ဒဏ်​ရာ​ကြောင့်​ထော့​နဲ့​ကျိုး​နင်း​သွား​ရ​လေ​သည်။- ယာ​ကုပ်​သည်​တင်​ပါး​ကြွက်​သား​တွင်​အ​ထိုး ခံ​ခဲ့​ရ​သည်​ဖြစ်​သော​ကြောင့် ယ​နေ့​ထက်​တိုင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တင်​ပါး ကြွက်​သား​ကို​မ​စား​ကြ​ချေ။

ကမ္ဘာဦး 32:1-32 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယာကုပ်​သည် ခရီး​ဆက်သွား​ရာ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် သူ​နှင့်​လာတွေ့​ကြ​၏​။ ယာကုပ်​သည် သူ​တို့​ကို​မြင်​သောအခါ “​ဤ​နေရာ​သည် ဘုရားသခင်​၏​တပ်စခန်း​ဖြစ်​၏​”​ဟု ဆို​လျက် ထို​အရပ်​၏​အမည်​ကို မဟာနိမ် ဟု​ခေါ်​၏​။ ထို့နောက် ယာကုပ်​သည် စိရ​ပြည်​၊ ဧဒုံ​အရပ်​ရှိ မိမိ​အစ်ကို​ဧသော​ထံသို့ စေတမန်​တို့​ကို ရှေ့ပြေး​အဖြစ်​စေလွှတ်​၍ “​သင်​တို့​သည် ငါ​၏​သခင်​ဧသော​အား သခင်​၏​အစေအပါး​ယာကုပ်​က ‘​အကျွန်ုပ်​သည် လာဗန်​ထံ၌ ယခု​ထိတိုင် တည်းခို​နေထိုင်​ခဲ့​ပါ​၏​။ အကျွန်ုပ်​တွင် နွား​များ​၊ မြည်း​များ​၊ သိုးဆိတ်​များ​နှင့် ကျွန်ယောက်ျား​များ​၊ ကျွန်မိန်းမ​များ​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် သခင့်​ရှေ့​၌​မျက်နှာရ​မည့်​အကြောင်း လူ​လွှတ်​၍ အကျွန်ုပ်​၏​သခင်​အား ကြိုတင်​ကြားလျှောက်​ပါ​၏​’​ဟူ၍ ပြော​ရ​မည်​”​ဟု မှာကြား​လိုက်​လေ​၏​။ စေတမန်​တို့​သည် ယာကုပ်​ထံသို့​ပြန်ရောက်​လာ​၍ “​အကျွန်ုပ်​တို့​သည် သခင်​၏​အစ်ကို​ဧသော​ထံသို့​ရောက်​ခဲ့​ပါ​ပြီ​။ သူ​သည်​လည်း သခင်​နှင့်​တွေ့ဆုံ​ရန် လူ​လေး​ရာ​နှင့်အတူ လာ​နေ​ပါ​သည်​”​ဟု လျှောက်​ကြ​၏​။ ထိုအခါ ယာကုပ်​သည် အလွန်​ကြောက်​၍ စိတ်ပူပန်​သဖြင့် မိမိ​နှင့်အတူ​ရှိ​သော​လူ​တို့​ကို​လည်းကောင်း​၊ သိုးဆိတ်​၊ နွား​နှင့် ကုလားအုတ်​တို့​ကို​လည်းကောင်း အုပ်စု​နှစ်​စု​ခွဲ​ထား​၏​။ ယာကုပ်​က “​အကယ်၍ ဧသော​သည် တစ်​စု​ကို​လာ​၍​တိုက်ခိုက်​လျှင် ကျန်​တစ်​စု​သည် လွတ်​လိမ့်မည်​”​ဟု ဆို​၏​။ ထို့နောက် ယာကုပ်​က “​အကျွန်ုပ်​အဖ​အာဗြဟံ​၏​ဘုရား​၊ အကျွန်ုပ်​အဖ​ဣဇက်​၏​ဘုရား​၊ အကျွန်ုပ်​အား ‘​သင့်​ပြည်​၊ သင့်​ဆွေမျိုးသားချင်း​တို့​ထံသို့ ပြန်သွား​လော့​။ ငါ​သည် သင့်​ကို​ကောင်းစား​စေ​မည်​’​ဟု မိန့်​တော်မူ​သော​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး​အပေါ်​ထား​တော်မူ​သော မေတ္တာကရုဏာ​တော်​အလုံးစုံ​၊ သစ္စာ​တော်​အလုံးစုံ​ကို အကျွန်ုပ်​မခံထိုက်​ပါ​။ အကျွန်ုပ်​သည် ဤ​ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ခဲ့​စဉ်က တောင်ဝှေး​တစ်​ချောင်း​သာ​ပါ​ပါ​၏​။ ယခု​မူကား အုပ်စု​နှစ်​စု​ဖြစ်လာ​ပါ​ပြီ​။ အကျွန်ုပ်​အစ်ကို​ဧသော​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အကြောင်းမူကား သူ​သည်​လာ​၍ အကျွန်ုပ်​ကို​လည်းကောင်း​၊ ကလေး​နှင့်​မိခင်​တို့​ကို​လည်းကောင်း တိုက်ခိုက်​မည်​ကို​အကျွန်ုပ်​ကြောက်​ပါ​၏​။ သို့သော် ကိုယ်တော်​က ‘​ငါ​သည် သင့်​ကို​အမှန်ပင်​ကောင်းစား​စေ​၍ သင်​၏​သားစဉ်မြေးဆက်​တို့​ကို မ​ရေတွက်​နိုင်​အောင် များပြား​သော​ပင်လယ်​သဲပွင့်​ကဲ့သို့​ဖြစ်​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။ ယာကုပ်​သည် ထို​ည​တွင် ထို​အရပ်​၌​ညအိပ်နား​ပြီးလျှင် အစ်ကို​ဧသော​အား လက်ဆောင်​ပေး​ရန် မိမိ​၏​လက်​ရှိ​ဥစ္စာ​ထဲမှ ဆိတ်မ​အကောင်​နှစ်ရာ​၊ ဆိတ်ထီး​အကောင်​နှစ်ဆယ်​၊ သိုးမ​အကောင်​နှစ်ရာ​၊ သိုးထီး​အကောင်​နှစ်ဆယ်​၊ နို့တိုက်​ကုလားအုတ်​အကောင်​သုံးဆယ်​နှင့် ၎င်း​တို့​၏​သားပေါက်​များ​၊ နွားမ​အကောင်​လေးဆယ်​၊ နွားထီး​ဆယ်​ကောင်​၊ မြည်းမ​အကောင်​နှစ်ဆယ်​နှင့် မြည်းထီး​ဆယ်​ကောင်​တို့​ကို​ယူ​၍ ၎င်း​တို့​ကို သူ့​အမျိုး​နှင့်​သူ အုပ်လိုက် အုပ်လိုက် မိမိ​ကျွန်​တို့​လက်​သို့​အပ်​လေ​၏​။ ထို့နောက် ထို​ကျွန်​တို့​အား “​ငါ့​ရှေ့​မှ ကူးသွား​နှင့်​ကြ​လော့​။ တိရစ္ဆာန်​တစ်​အုပ်​နှင့်​တစ်အုပ်​ကို ခပ်လှမ်းလှမ်းခွာ​ထား​လော့​”​ဟု ဆို​၏​။ ထို့ပြင် ရှေ့ဆုံး​မှ​သွား​သော​သူ​အား “​ငါ့​အစ်ကို​ဧသော​သည် သင့်​ကို​တွေ့​၍ ‘​သင်​သည် မည်သူ​၏​လူ​ဖြစ်​သနည်း​။ မည်သည့်​အရပ်​သို့​သွား​မည်နည်း​။ သင့်​ရှေ့​၌​ရှိ​သော​ဤ​အရာ​တို့​ကား မည်သူ​၏​ဥစ္စာ​ဖြစ်​သနည်း​’​ဟု သင့်​ကို​မေး​လျှင် ‘​သခင့်​အစေအပါး ယာကုပ်​၏​ဥစ္စာ​ဖြစ်​ပါ​၏​။ ဤ​အရာ​တို့​သည် သခင်​ဧသော​အား ဆက်သ​လိုက်​သော​လက်ဆောင်​ဖြစ်​ပါ​၏​။ သူ​သည်​လည်း အကျွန်ုပ်​တို့​နောက်မှ လိုက်လာ​ပါ​၏​’​ဟူ၍ လျှောက်​ရ​မည်​”​ဟု မှာကြား​လေ​၏​။ ဒုတိယ​လူ​၊ တတိယ​လူ​နှင့် တိရစ္ဆာန်အုပ်​နောက်မှ​လိုက်​သော​သူ​အပေါင်း​တို့​ကို​လည်း “​သင်​တို့​သည် ဧသော​ကို​တွေ့​သောအခါ ထို​အတိုင်း​လျှောက်​ရ​မည်​။ ထို့ပြင် ‘​အရှင့်​အစေအပါး ယာကုပ်​သည်​လည်း အကျွန်ုပ်​တို့​နောက်မှ လိုက်လာ​ပါ​၏​’​ဟူ၍ လျှောက်​ရ​မည်​”​ဟု မှာကြား​လေ​၏​။ ယာကုပ်​က “​ငါ့​အလျင်​ရောက်​နှင့်​သော​လက်ဆောင်​ဖြင့် သူ့​ကို​စိတ်ပြေ​စေ​ပြီးမှ သူ​နှင့်​ငါ​တွေ့ဆုံ​မည်​။ သို့ပြုလျှင် သူ​သည် ငါ့​ကို​လက်ခံ​ကောင်း​လက်ခံ​လိမ့်မည်​”​ဟု တွေးထင်​သောကြောင့်​ဖြစ်​၏​။ ထိုသို့ ယာကုပ်​သည် မိမိ​ထက်​အလျင် လက်ဆောင်​ကို တစ်ဖက်ကမ်း​သို့​ပို့​လိုက်​၏​။ သူ​ကိုယ်တိုင်​မူကား ထို​ည​တွင် စခန်း​ထဲ၌ ညအိပ်နား​လေ​၏​။ သို့သော် ထို​ည​တွင် သူ​သည် ထ​၍ မိမိ​၏​မယား​နှစ်​ယောက်​၊ မိမိ​၏​ကျွန်မ​နှစ်​ယောက်​နှင့် မိမိ​၏​သား​တစ်ဆယ့်​တစ်​ယောက်​တို့​ကို​ခေါ်ဆောင်​၍ ယဗ္ဗုတ်​ရေဆိပ်​မှ ဖြတ်ကူး​၏​။ ထိုသို့ သားမယား​တို့​ကို ချောင်း​တစ်ဖက်ကမ်း​သို့​ဖြတ်ကူး​စေ​ပြီးလျှင် မိမိ​ပိုင်ဆိုင်​သော​ဥစ္စာ​တို့​ကို​လည်း တစ်ဖက်ကမ်း​သို့​ပို့​လိုက်​၏​။ ယာကုပ်​သည် တစ်ယောက်တည်း​ကျန်​ခဲ့​၏​။ ထိုအခါ လူ​တစ်​ယောက်​သည် အရုဏ်တက်​ချိန်​အထိ ယာကုပ်​နှင့်​နပန်းလုံး​လေ​၏​။ ထို​သူ​သည် ယာကုပ်​ကို မ​နိုင်​မှန်း​သိမြင်​သောအခါ ယာကုပ်​၏​တင်ပါးဆုံ​အဆစ်​ကို​ထိုး​၏​။ ထို့ကြောင့် ထို​သူ​နှင့်​နပန်းလုံး​စဉ်တွင် ယာကုပ်​၏​တင်ပါးဆုံ​အဆစ်​သည် လွဲ​လေ​၏​။ ထို​သူ​က “​အရုဏ်တက်​ပြီ​ဖြစ်၍ ငါ့​ကို​လွှတ်​ပါ​”​ဟု ဆို​၏​။ သို့သော် ယာကုပ်​က “​အကျွန်ုပ်​ကို​ကောင်းချီး​မ​ပေး​လျှင် အရှင့်​ကို အကျွန်ုပ်​မ​လွှတ်​ပါ​”​ဟု ဆို​၏​။ ထို​သူ​က​လည်း “​သင့်​နာမည်​ကား အဘယ်နည်း​”​ဟု မေး​လျှင် “​ယာကုပ် ဖြစ်​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။ ထိုအခါ ထို​သူ​က “​သင်​၏​အမည်​ကို ယာကုပ် ဟု​မ​ခေါ်​တော့​ဘဲ အစ္စရေး​ဟု​ခေါ်​ရ​မည်​။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်​လည်းကောင်း​၊ လူ​နှင့်​လည်းကောင်း ပြိုင်​၍​နိုင်​လေ​ပြီ​”​ဟု ဆို​၏​။ ယာကုပ်​က​လည်း “​အရှင်​၏​အမည်​ကို သိ​ပါရစေ​”​ဟု ဆို​လျှင် ထို​သူ​က “​အဘယ်ကြောင့် ငါ​၏​အမည်​ကို​မေး​သနည်း​”​ဟု ဆို​ပြီး ထို​အရပ်​၌ ယာကုပ်​ကို ကောင်းချီးပေး​လေ​၏​။ ထို့ကြောင့် ယာကုပ်​က “​ငါ​သည် ဘုရားသခင်​ကို မျက်နှာချင်းဆိုင်​မြင်​ရ​လျက်​နှင့် အသက်​ချမ်းသာ​ရာ​ရ​သေး​၏​”​ဟု ဆို​လျက် ထို​အရပ်​၏​အမည်​ကို ပေနွေလ ဟု​ခေါ်​၏​။ ပေနွေလ​အရပ်​ကို ယာကုပ်​လွန်သွား​သောအခါ နေ​ထွက်​ပြီ​ဖြစ်​၏​။ သူ​သည် သူ​၏​တင်ပါးဆုံ​အဆစ်လွဲ​သွား​သောကြောင့် ထော့နဲ့​ထော့နဲ့​ဖြင့်​သွား​လေ​၏​။ ထိုသို့ ယာကုပ်​၏​တင်ပါးဆုံ​အဆစ်​၌​ရှိ​သော​အကြော​ကို ထိုး​သောကြောင့် ယနေ့​တိုင်အောင် အစ္စရေး​အမျိုးသား​တို့​သည် တင်ပါးဆုံ​အဆစ်​၌​ရှိ​သော​အကြော​ကို မ​စား​ကြ​ချေ​။