YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 28:10-22

ကမ္ဘာဦး 28:10-22 Judson Bible (JBMLE)

ယာ​ကုပ်​သည် ဗေ​ရ​ရှေ​ဘ​ရွာ​မှ​ထွက်၍၊ ခါ​ရန်​ပြည်​သို့​ခ​ရီး​သွား​စဉ်​တွင်၊ တစ်​စုံ​တစ်​ခု​သော​အ​ရပ်​သို့​ရောက်၍၊ မိုး​ချုပ်​သော​ကြောင့်၊ ည​ကို လွန်​စေ​မည်​အ​ကြံ​ရှိ​သည်​နှင့်၊ ထို​အ​ရပ်၌ ကျောက်​ကို​ယူ၍ ခေါင်း​အုံး​ဖို့​ထား​ပြီး​လျှင် အိပ်​လေ​၏။ မြင်​ရ​သော​အိပ်​မက်​ဟူ​မူ​ကား၊ မြေ​ကြီး​ပေါ်၌ လှေ​ကား​ထောင်​လျက် အ​ဖျား​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​မီ၏။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​တို့​သည်၊ ထို​လှေ​ကား​ဖြင့် ဆင်း​လျက်​တက်​လျက်​ရှိ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် လှေ​ကား​ထက်၌ ရပ်​တော်​မူ​လျက်၊ ငါ​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​အိပ်​သော​မြေ​ကို သင်​နှင့် သင်၏ အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်။ သင်​၏​အ​မျိုး​အ​နွယ်​သည် မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ​အ​ရပ်​တို့​သို့​နှံ့​ပြား​ကြ​လိမ့်​မည်။ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ သင်​သွား​လေ​ရာ​ရာ​၌ ငါ​စောင့်​မ​မည်။ ဤ​ပြည်​သို့​တစ်​ဖန် ဆောင်​ခဲ့​ဦး​မည်။ က​တိ​ထား​သည်​အ​တိုင်း​မ​ပြည့်​စုံ​မီ၊ သင့်​ကို​ငါ​မ​စွန့်​ဟု မိန့်​တော်​မူ​၏။ ယာ​ကုပ်​သည်​အိပ်​ပျော်​ရာ​မှ​နိုး​လျှင်၊ အ​ကယ်​စင်​စစ်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​ရပ်၌​ရှိ​တော်​မူ၏။ ရှိ​တော်​မူ​ကြောင်း​ကို​ငါ​မ​သိ။ ဤ​အ​ရပ်​ကား၊ အ​ဘယ်​မျှ​လောက် ကြောက်​မက်​ဖွယ်​ဖြစ်​သည်​တ​ကား။ ဤ​အ​ရပ်​ကား၊ အ​ခြား​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏​ဘုံ​ဗိ​မာန်၊ ကောင်း​ကင်​တံ​ခါး​ဝ​ဖြစ်​သည်​တ​ကား​ဟု၊ ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍ ဆို၏။ နံ​နက်​စော​စော ယာ​ကုပ်​သည်​ထ​၍၊ ခေါင်း​အုံး​သော ကျောက်​ကို​ယူ​သ​ဖြင့်၊ မှတ်​တိုင်​ဖြစ်​စေ​လျက် ထူ​ထောင်​ပြီး​လျှင်၊ ကျောက်​ထိပ်​ဖျား​အ​ပေါ်၌ ဆီ​ကို​လောင်း​လေ​၏။ ထို​အ​ရပ်​ကို​လည်း၊ ဗေ​သ​လ​အ​မည်​ဖြင့်​မှည့်​လေ၏။ ထို​မြို့၏ အ​မည်​ဟောင်း​ကား၊ ဥ​လံ​လု​ဇ​ဟူ​သ​တည်း။ ထို​အ​ခါ ယာ​ကုပ်​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​ရှိ​လျက်၊ ငါ​ယ​ခု​သွား​ရာ​လမ်း​မှာ၊ ငါ့​ကို​စောင့်​မ၍ စား​စ​ရာ​အ​စား၊ ဝတ်​စ​ရာ​အ​ဝတ်​ကို ပေး​သ​နား​တော်​မူ​လျှင်​လည်း​ကောင်း၊ ငါ​သည် တစ်​ဖန် အ​ဘ၏​အိမ်​သို့ ငြိမ်​ဝပ်​စွာ​ပြန်​ရောက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ၏​ဘု​ရား​ဖြစ်​တော်​မူ​လျှင်​လည်း​ကောင်း၊ မှတ်​တိုင်​ပြု၍ ငါ​ထူ​ထောင်​သော ဤ​ကျောက်​သည်​လည်း၊ ဘု​ရား​သ​ခင်၏​ဗိ​မာန်​ဖြစ်​ရ​မည်။ ပေး​သ​နား​တော်​မူ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​ပါ​မည်​ဟူ၍ သ​စ္စာ​ပြု​လေ၏။

ကမ္ဘာဦး 28:10-22 Common Language Bible (BCL)

ယာ​ကုပ်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ​ခါ​ရန် မြို့​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။- နေ​ဝင်​ချိန်​၌​သူ​သည်​တစ်​နေ​ရာ​သို့​ရောက် ရှိ​၍​ခ​ရီး​တစ်​ထောက်​နား​လေ​သည်။ သူ​သည် ကျောက်​တုံး​တစ်​တုံး​ကို​ခေါင်း​အုံး​၍​အိပ်​သည်။- ထို​သို့​အိပ်​နေ​စဉ်​အိပ်​မက်​ထဲ​၌​မြေ​ပြင်​မှ​မိုး ကောင်း​ကင်​သို့​တိုင်​အောင်​ထောင်​လျက်​ရှိ​သော လှေ​ကား​ပေါ်​တွင် ကောင်း​ကင်​တ​မန်​များ​တက် လျက်​ဆင်း​လျက်​ရှိ​သည်​ကို​မြင်​ရ​၏။- ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​နီး​တွင် ရပ်​နေ​သည်​ကို​မြင်​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​တို့​၏​ဘု​ရား​တည်း​ဟူ သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​ယ​ခု​နား​နေ ရာ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်။- သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။- ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင်​သွား​ရာ အ​ရပ်​၌​သင့်​ကို​စောင့်​ရှောက်​မည်။ သင့်​ကို​ဤ ပြည်​သို့​တစ်​ဖန်​ပို့​ဆောင်​ဦး​မည်။ ငါ​သည်​သင့် အား​ထား​သော​ကတိ​အ​တိုင်း​အ​ကောင်​အ​ထည် မ​ပေါ်​မီ​သင့်​ကို​စွန့်​ပစ်​၍​မ​ထား'' ဟု​မိန့်​တော် မူ​၏။ ထို​နောက်​ယာ​ကုပ်​သည်​အိပ်​ရာ​မှ​နိုး​၍``ထာ​ဝ​ရ ဘု​ရား​သည်​စင်​စစ်​ဤ​အ​ရပ်​၌​ရှိ​တော်​မူ​၏။ ရှိ တော်​မူ​ကြောင်း​ငါ​မ​သိ​ပါ​တ​ကား'' ဟု​ဆို လေ​၏။- သူ​သည်​ကြောက်​ရွံ့​လျက်``ဤ​အ​ရပ်​သည်​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ရပ်​ဖြစ်​ပါ​သည်​တ​ကား။ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဗိ​မာန်​ကောင်း​ကင်​ဘုံ တံ​ခါး​ဝ​ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော အိပ်​ရာ​မှ နိုး​ထ​၍​သူ​ခေါင်း​အုံး​သော​ကျောက်​တုံး​ကို​ယူ​ပြီး လျှင် မှတ်​တိုင်​အ​ဖြစ်​စိုက်​ထူ​လေ​သည်။ ထို​နောက်​မှတ် တိုင်​ပေါ်​တွင်​သံ​လွင်​ဆီ​လောင်း​လျက် ထို​မှတ်​တိုင် ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​လေ​၏။- ထို​အ​ရပ်​ကို​ဗေ​သ​လ​ဟု​နာ​မည်​မှည့်​ခေါ်​လေ သည်။ (ယ​ခင်​က​ထို​မြို့​ကို​လု​ဇ​ဟု​ခေါ်​တွင်​၏။)- ထို​နောက်​ယာ​ကုပ်​က​ထာ​ဝ​ရ​ဘု​ရား​အား ``ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​၍ အ​ကျွန်ုပ်​သွား​ရ​မည့်​ခ​ရီး​၌​စောင့်​ရှောက်​လျက် အ​စား​အ​စာ​နှင့်​အ​ဝတ်​ကို​ပေး​သ​နား​တော် မူ​ပြီး​လျှင်၊- အ​ကျွန်ုပ်​ဖ​ခင်​အိမ်​သို့​ချော​မော​စွာ​ပြန်​လည်​ပို့ ဆောင်​တော်​မူ​ပါ​က​ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် ဘု​ရား​ဖြစ်​တော်​မူ​မည်။- အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။

ကမ္ဘာဦး 28:10-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယာကုပ်​သည် ဗေရရှေဘ​အရပ်​မှ​ထွက်ခွာ​၍ ဟာရန်​ပြည်​သို့​သွား​လေ​၏​။ တစ်နေရာ​သို့​ရောက်​သောအခါ နေဝင်​သွား​သောကြောင့် ထို​နေရာ​တွင် ညအိပ်နား​လေ​၏​။ သူ​သည် ထို​နေရာ​မှ​ကျောက်​ကို​ယူ​ပြီးလျှင် ခေါင်းအုံး​လုပ်​၍ ထို​အရပ်​၌ပင်​အိပ်​လေ​၏​။ ထိုအခါ သူ​အိပ်မက်မက်​သည်​မှာ မြေကြီး​ပေါ်တွင်​လှေကား​တစ်​စင်း​ထောင်​ထား​လျက်​ရှိ​၍ ၎င်း​၏​ထိပ်​သည် မိုးကောင်းကင်​အထိ​ရောက်​၏​။ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် ထို​လှေကား​ပေါ်တွင် တက်​လျက်​၊ ဆင်း​လျက်​ရှိ​ကြ​၏​။ ထာဝရဘုရား​သည် သူ့​အနား​တွင်​ရပ်​နေ​၍ “​ငါ​သည် သင့်​ဖခင်​အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​ဖြစ်​၏​။ သင်​အိပ်​နေ​သော​မြေ​ကို သင်​နှင့်​သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​။ သင်​၏​သားစဉ်မြေးဆက်​သည် မြေမှုန့်​ကဲ့သို့​များပြား​၍ အရှေ့​၊ အနောက်​၊ တောင်​၊ မြောက် အရပ်ရပ်​သို့​ပျံ့နှံ့​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့်​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​အားဖြင့်​လည်းကောင်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။ ကြည့်ရှု​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ သင်​သွား​လေရာရာ​၌ သင့်​ကို​စောင့်ရှောက်​၍ ဤ​ပြည်​သို့ သင့်​ကို ပြန်ခေါ်လာ​ဦး​မည်​။ အကယ်စင်စစ် သင့်​အား​ငါ​ကတိပေး​သည့်​အရာ မ​ပြည့်စုံ​မ​ချင်း ငါ​သည် သင့်​ကို​စွန့်ပစ်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။ ယာကုပ်​သည် အိပ်ပျော်​ရာ​မှ​နိုး​လာ​သောအခါ “​အကယ်စင်စစ် ထာဝရဘုရား​သည် ဤ​အရပ်​၌ ရှိ​တော်မူ​၏​။ သို့ပါလျက် ငါ​မ​သိ​ခဲ့​ပါ​တကား​”​ဟု ဆို​၏​။ သူ​သည် ကြောက်ရွံ့​၍ “​ဤ​အရပ်​သည် အံ့ဩဖွယ်​ကောင်း​လှ​ပါ​သည်​တကား​။ ဤ​အရပ်​ကား အခြား​မ​ဟုတ်​၊ ဘုရားသခင်​၏​အိမ်​တော်​ပေတည်း​။ ဤ​အရပ်​ကား ကောင်းကင်​တံခါးဝ​ပေတည်း​”​ဟု ဆို​၏​။ ယာကုပ်​သည် နံနက်​စောစောထ​၍ သူ​ခေါင်းအုံး​ခဲ့​သော​ကျောက်​ကို​ယူ​ကာ မှတ်တိုင်​အဖြစ်​စိုက်ထူ​ပြီးလျှင် ထိပ်ဖျား​၌ ဆီ​ကို​လောင်း​လေ​၏​။ သူ​သည် ထို​အရပ်​၏​အမည်​ကို ဗေသလ ဟု​ခေါ်​၏​။ ယခင်က ထို​မြို့​၏​အမည်​မှာ လုဇ​ဖြစ်​၏​။ ထို့နောက် ယာကုပ်​က “​ဘုရားသခင်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​၍ အကျွန်ုပ်​သွား​သော​ဤ​ခရီး​တွင် အကျွန်ုပ်​ကို​စောင့်ရှောက်​လျက် စားစရာ​အစာ​နှင့် ဝတ်​စရာ​အဝတ်​ကို အကျွန်ုပ်​အား​ပေးသနား​တော်မူ​သဖြင့် အကျွန်ုပ်​သည် အကျွန်ုပ်​ဖခင်​၏​အိမ်​သို့ ငြိမ်းချမ်း​စွာ​ပြန်လာ​ရ​လျှင် ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​မည်​။ မှတ်တိုင်​အဖြစ် အကျွန်ုပ်​စိုက်ထူ​သော ဤ​ကျောက်​သည်​လည်း ဘုရားသခင်​၏​အိမ်​တော်​ဖြစ်​မည်​။ အကျွန်ုပ်​အား​ပေးသနား​တော်မူ​သော​အရာ​ရှိသမျှ​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို ကိုယ်တော်​အား မုချ​ပူဇော်​ပါ​မည်​”​ဟု ဆို​လျက် ကတိသစ္စာ​ပြု​လေ​၏​။