ယာကုပ်သည် ဗေရရှေဘရွာမှထွက်၍၊ ခါရန်ပြည်သို့ခရီးသွားစဉ်တွင်၊ တစ်စုံတစ်ခုသောအရပ်သို့ရောက်၍၊ မိုးချုပ်သောကြောင့်၊ ညကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဖို့ထားပြီးလျှင် အိပ်လေ၏။ မြင်ရသောအိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုးကောင်းကင်တိုင်အောင်မီ၏။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည်၊ ထိုလှေကားဖြင့် ဆင်းလျက်တက်လျက်ရှိကြ၏။ ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူလျက်၊ ငါသည် သင်၏အဘ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်သောမြေကို သင်နှင့် သင်၏ အမျိုးအနွယ်အားငါပေးမည်။ သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာအရပ်တို့သို့နှံ့ပြားကြလိမ့်မည်။ သင်နှင့် သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။ ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့တစ်ဖန် ဆောင်ခဲ့ဦးမည်။ ကတိထားသည်အတိုင်းမပြည့်စုံမီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။ ယာကုပ်သည်အိပ်ပျော်ရာမှနိုးလျှင်၊ အကယ်စင်စစ်ထာဝရဘုရားသည် ဤအရပ်၌ရှိတော်မူ၏။ ရှိတော်မူကြောင်းကိုငါမသိ။ ဤအရပ်ကား၊ အဘယ်မျှလောက် ကြောက်မက်ဖွယ်ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ဘုံဗိမာန်၊ ကောင်းကင်တံခါးဝဖြစ်သည်တကားဟု၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ ဆို၏။ နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံးသော ကျောက်ကိုယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျက် ထူထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကိုလောင်းလေ၏။ ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့်မှည့်လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူသတည်း။ ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါ့ဘက်၌ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ ငါ့ကိုစောင့်မ၍ စားစရာအစား၊ ဝတ်စရာအဝတ်ကို ပေးသနားတော်မူလျှင်လည်းကောင်း၊ ငါသည် တစ်ဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာပြန်ရောက်၍၊ ထာဝရဘုရားသည်ငါ၏ဘုရားဖြစ်တော်မူလျှင်လည်းကောင်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက်သည်လည်း၊ ဘုရားသခင်၏ဗိမာန်ဖြစ်ရမည်။ ပေးသနားတော်မူသမျှတို့ကို ဆယ်ဖို့တစ်ဖို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။
ကမ္ဘာဦး 28 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 28:10-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ