ဂလာတိ 3:19-29
ဂလာတိ 3:19-29 Judson Bible (JBMLE)
သို့ဖြစ်၍ ပညတ်တရားသည် အဘယ်အကျိုးရှိသနည်း ဟူမူကား၊ ကတိတော်ကိုခံသော အမျိုးအနွယ် မဖြစ်မီတိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ ပေးတော်မူ၏။ ထိုတရားကို ကောင်းကင်တမန်များအားဖြင့် အာမခံ၏ လက်၌ထားတော်မူ၏။- အာမခံမည်သည်ကား၊ တစ်ဖက်နှင့်သာ ဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တစ်ဖက်ဖြစ်တော်မူ၏။ သို့ဖြစ်၍ ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ ထိုသို့ မဖြစ်နိုင်ရာ။ အသက်ရှင်စေနိုင်သော ပညတ်တရားကို ပေးတော်မူသည်မှန်လျှင်၊ အကယ်စင်စစ် ထိုတရားအားဖြင့် ဖြောင့်မတ်ခြင်းကိုရလိမ့်မည်။- ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ကတိတော်ကို ရမည်အကြောင်း ကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်၌ချုပ်ထား၏။- ယုံကြည်ခြင်းတရားမရောက်မီ ပညတ်တရားသည် စောင့်နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှားလတ္တံ့သော ယုံကြည်ခြင်းတရားကို မျှော်လင့်၍ ချုပ်ထားလျက်ရှိကြ၏။- ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။- ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ၊ ငါတို့သည် ထိုအထိန်းလက်မှ လွတ်ကြ၏။- အဘယ်သို့နည်း ဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏။- ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။- ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။- ခရစ်တော်နှင့်စပ်ဆိုင်လျှင်အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ကတိတော်အတိုင်း အမွေခံ၏အရာ၌ တည်ကြ၏။
ဂလာတိ 3:19-29 Common Language Bible (BCL)
ထိုသို့ဖြစ်ပါမူပညတ်တရား၏ရည်ရွယ် ချက်ကားအဘယ်နည်း။ ပညတ်တရားကို ဘုရားသခင်ချပေးတော်မူခဲ့ခြင်းမှာ အပြစ် ဒုစရိုက်၏သဘောကိုထုတ်ဖော်ပြသရန် သာဖြစ်၏။ ထိုပညတ်တရားသည်ကတိ တော်ကိုခံယူရရှိသူ အာဗြဟံ၏သားမြေး မပေါ်သေးမီကာလအတွင်း၌သာလျှင် တည်ရှိရန်ဖြစ်သည်။ ဘုရားသခင်သည်ထို ပညတ်တရားကိုကောင်းကင်တမန်များ အားဖြင့် ကြားဝင်စေ့စပ်သူလူတစ်ဦးမှ တစ်ဆင့်ပေးအပ်တော်မူခဲ့၏။- သို့ရာတွင်တစ်ဦးတည်းသာပါဝင်ဆောင်ရွက် သောအခါ ကြားဝင်စေ့စပ်သူကိုမလိုတော့ ချေ။ ဘုရားသခင်သည်တစ်ပါးတည်းဖြစ် တော်မူသတည်း။ ဤသို့ဆိုရာ၌ပညတ်တရားနှင့်ဘုရား သခင်၏ကတိတော်တို့သည် ဆန့်ကျင်ဘက် ဖြစ်၍နေပါသလော။ အဘယ်နည်းနှင့်မျှ မဟုတ်။ အကယ်၍အသက်ရှင်စေနိုင်သည့် ပညတ်တရားကိုလူသားတို့ရရှိခဲ့ပါ လျှင် လူတိုင်းပင်ထိုပညတ်တရားကိုစောင့် ထိန်းခြင်းဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိနိုင်ကြမည်သာဖြစ်၏။- သို့ရာတွင်ကမ္ဘာလောကတစ်ခုလုံးပင်အပြစ် ဒုစရိုက်၏လက်အောက်တွင်ရောက်ရှိနေကြောင်း ကျမ်းစာတော်တွင်ဖော်ပြထားပေသည်။ သို့ဖြစ် ၍ယေရှုခရစ်ကိုယုံကြည်မှု၌အခြေခံသည့် ကတိတော်ဆိုင်ရာဆုကျေးဇူးကိုယုံကြည် သူတို့ခံစားခွင့်ရရှိကြ၏။ ယုံကြည်ခြင်းတရားမပေါ်မီငါတို့သည်ပေါ် လာမည့်ယုံကြည်ခြင်းတရားလက်ထက်တိုင် အောင် ပညတ်တရား၏အကျဉ်းသားအဖြစ် ချုပ်နှောင်ခြင်းကိုခံရကြ၏။- ငါတို့သည်ယုံကြည်ခြင်းအားဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံနိုင်ကြစေရန် ပညတ်တရား သည်ခရစ်တော်ကြွလာချိန်တိုင်အောင်ငါတို့၏ အထိန်းဖြစ်၏။- သို့ရာတွင်ယခုယုံကြည်ခြင်းတရားရောက် လာပြီဖြစ်၍ ငါတို့သည်အထိန်း၏လက် အောက်၌မရှိကြတော့ပြီ။ သင်တို့အပေါင်းသည်ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ဘုရားသခင်၏သားများဖြစ် ကြ၏။- သင်တို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်စေရန် ဗတ္တိဇံမင်္ဂလာကိုခံယူကြ သဖြင့် ခရစ်တော်ကိုအဝတ်တန်ဆာသဖွယ် ဝတ်ဆင်ကြရလေပြီ။- သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။- သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် ပါလျှင် အာဗြဟံ၏သားမြေးများလည်း ဖြစ်သဖြင့် ကတိတော်ရှိသည်အတိုင်းဘုရား သခင်၏ဆုကျေးဇူးတော်ကိုခံစားရကြ လိမ့်မည်။
ဂလာတိ 3:19-29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့ဖြစ်လျှင် ပညတ်တရားသည် အဘယ်ကြောင့်ရှိရသနည်း။ ၎င်းသည် ကတိတော်ကိုခံရသောအမျိုးအနွယ်ပေါ်ထွန်းသည်အထိ ဖောက်ဖျက်ကျူးလွန်မှုများကြောင့် ဖြည့်စွက်ထားခြင်းခံရပြီး ကောင်းကင်တမန်များမှတစ်ဆင့် ကြားဝင်စေ့စပ်သူအားဖြင့် ပြဋ္ဌာန်းခြင်းခံရ၏။ ကြားဝင်စေ့စပ်သူသည် တစ်ဖက်နှင့်သာဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တစ်ပါးတည်းဖြစ်တော်မူ၏။ သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ကတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ လုံးဝမဖြစ်ပေ။ အကြောင်းမူကား ပေးအပ်ထားသောပညတ်တရားသည် အသက်ရှင်စေနိုင်သည်ဆိုလျှင် ဖြောင့်မတ်ခြင်းကို ထိုပညတ်တရားအားဖြင့် အမှန်ပင်ရရှိခဲ့ပေလိမ့်မည်။ သို့သော် ယေရှုခရစ်တော်ကိုယုံကြည်ခြင်းနှင့်စပ်ဆိုင်သောကတိတော်ကို ယုံကြည်သောသူတို့အားပေးအပ်ရန် ကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်တရား၏လက်အောက်တွင် ချုပ်နှောင်ထား၏။ သို့ရာတွင် ငါတို့သည် ယုံကြည်ခြင်းတရားရောက်မလာမီ ပညတ်တရားအောက်၌ စောင့်ရှောက်ခြင်းခံရလျက် ယုံကြည်ခြင်းတရားထင်ရှားလာသည့်အထိ ချုပ်နှောင်ထားခြင်းခံရကြ၏။ ထို့ကြောင့် ပညတ်တရားသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုငါတို့အသိအမှတ်ပြုခြင်းခံရရန် ငါတို့ကို ခရစ်တော်ထံသို့ပို့ဆောင်သော ငါတို့၏အုပ်ထိန်းသူဖြစ်၏။ သို့သော် ယုံကြည်ခြင်းတရားရောက်လာပြီဖြစ်၍ ငါတို့သည် အုပ်ထိန်းသူ၏လက်အောက်၌ မရှိကြတော့ပေ။ အကြောင်းမူကား သင်တို့အားလုံးသည် ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်၌ဗတ္တိဇံခံသောသူရှိသမျှတို့သည် ခရစ်တော်ကိုဝတ်ဆင်ကြ၏။ သင်တို့အားလုံးသည် ခရစ်တော်ယေရှု၌ တစ်လုံးတစ်ဝတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့်ဂရိလူမျိုးဟူ၍မရှိ။ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ယောက်ျားနှင့်မိန်းမဟူ၍လည်းမရှိ။ သင်တို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ ကတိတော်အရ အမွေခံများဖြစ်ကြ၏။