YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိဩဝါဒစာ 3:19-29

ဂလာတိဩဝါဒစာ 3:19-29 MSBU

သို့ဖြစ်လျှင် ပညတ်​တရား​သည် အဘယ်ကြောင့်​ရှိ​ရ​သနည်း။ ၎င်း​သည် ကတိ​တော်​ကို​ခံရ​သော​အမျိုးအနွယ်​ပေါ်ထွန်း​သည်​အထိ ဖောက်ဖျက်​ကျူးလွန်​မှု​များ​ကြောင့် ဖြည့်စွက်​ထား​ခြင်း​ခံရ​ပြီး ကောင်းကင်​တမန်​များ​မှ​တစ်ဆင့် ကြားဝင်​စေ့စပ်​သူ​အားဖြင့် ပြဋ္ဌာန်း​ခြင်း​ခံရ​၏။ ကြားဝင်​စေ့စပ်​သူ​သည် တစ်​ဖက်​နှင့်​သာ​ဆိုင်​သည်​မ​ဟုတ်။ ဘုရားသခင်​မူကား တစ်ပါးတည်း​ဖြစ်​တော်မူ​၏။ သို့ဖြစ်လျှင် ပညတ်​တရား​သည် ဘုရားသခင်​၏​ကတိ​တော်​နှင့် ဆန့်ကျင်ဘက်​ဖြစ်​သလော။ လုံးဝ​မ​ဖြစ်​ပေ။ အကြောင်းမူကား ပေးအပ်​ထား​သော​ပညတ်​တရား​သည် အသက်ရှင်​စေ​နိုင်​သည်​ဆိုလျှင် ဖြောင့်မတ်​ခြင်း​ကို ထို​ပညတ်​တရား​အားဖြင့် အမှန်ပင်​ရရှိ​ခဲ့​ပေ​လိမ့်မည်။ သို့သော် ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​နှင့်စပ်ဆိုင်​သော​ကတိ​တော်​ကို ယုံကြည်​သော​သူ​တို့​အား​ပေးအပ်​ရန် ကျမ်းစာ​သည် လူ​အပေါင်း​တို့​ကို အပြစ်​တရား​၏​လက်အောက်​တွင် ချုပ်နှောင်​ထား​၏။ သို့ရာတွင် ငါ​တို့​သည် ယုံကြည်​ခြင်း​တရား​ရောက်​မ​လာ​မီ ပညတ်​တရား​အောက်၌ စောင့်ရှောက်​ခြင်း​ခံရ​လျက် ယုံကြည်​ခြင်း​တရား​ထင်ရှား​လာ​သည့်​အထိ ချုပ်နှောင်​ထား​ခြင်း​ခံရ​ကြ​၏။ ထို့ကြောင့် ပညတ်​တရား​သည် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​ငါ​တို့​အသိအမှတ်ပြု​ခြင်း​ခံရ​ရန် ငါ​တို့​ကို ခရစ်တော်​ထံသို့​ပို့ဆောင်​သော ငါ​တို့​၏​အုပ်ထိန်း​သူ​ဖြစ်​၏။ သို့သော် ယုံကြည်​ခြင်း​တရား​ရောက်လာ​ပြီ​ဖြစ်၍ ငါ​တို့​သည် အုပ်ထိန်း​သူ​၏​လက်အောက်​၌ မ​ရှိ​ကြ​တော့​ပေ။ အကြောင်းမူကား သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​ကို​ယုံကြည်​ခြင်း​အားဖြင့် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၌​ဗတ္တိဇံ​ခံ​သော​သူ​ရှိသမျှ​တို့​သည် ခရစ်တော်​ကို​ဝတ်ဆင်​ကြ​၏။ သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​သောကြောင့် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​ဟူ၍​မ​ရှိ။ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ယောက်ျား​နှင့်​မိန်းမ​ဟူ၍​လည်း​မ​ရှိ။ သင်​တို့​သည် ခရစ်တော်​နှင့်​စပ်ဆိုင်​လျှင် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်၍ ကတိ​တော်​အရ အမွေခံ​များ​ဖြစ်​ကြ​၏။