YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 34:5-9

ထွက်မြောက်ရာ 34:5-9 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် မိုး​တိမ်​ဖြင့်​ဆင်း​သက်၍၊ ထို​အ​ရပ်၌ မော​ရှေ​အ​နား​မှာ​ရပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ကြွေး​ကြော်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ရှေ့၌​ကြွ​သွား​တော်​မူ​လျက်၊ ထာ​ဝ​ရ​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား၊ ချစ်​သ​နား​ခြင်း​မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ကြွယ်​ဝ​တော်​မူ​ထ​သော၊ အ​ထောင်​အ​သောင်း​များ​သော​သူ​တို့​အား သ​နား​ခြင်း​ကျေး​ဇူး​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​ဓ​မ္မ​ကျင့်​ခြင်း၊ တ​ရား​တော်​ကို​လွန်​ကျူး​ခြင်း၊ ပြစ်​မှား​ခြင်း​အ​ပြစ်​တို့​ကို ဖြေ​လွှတ်​သော်​လည်း၊ အ​ချည်း​နှီး​သက်​သက် ဖြေ​လွှတ်​တော်​မ​မူ​ထ​သော၊ သား​စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌​ဆပ်​ပေး​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ဟု ကြွေး​ကြော်​တော်​မူ၏။ မော​ရှေ​သည် အ​လျင်​အ​မြန်​ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​လျက်၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ အ​ကျွန်ုပ်​အ​ရှင်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မူ​ပါ​စေ​သော၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ ဤ​လူ​မျိုး​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး ဖြစ်​သော်​လည်း၊ အ​ကျွန်ုပ်​တို့​ပြစ်​မှား​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို​လွှတ်၍ အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​အ​မွေ​ဥ​စ္စာ​ဖို့ သိမ်း​ယူ​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊

ထွက်မြောက်ရာ 34:5-9 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုက်​ဖြင့်​ကြွ ဆင်း​လာ​၍၊ မော​ရှေ​အ​နီး​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​တော်​ကို ထုတ်​ဖော်​မြွက်​ကြား​တော်​မူ​၏။- ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ရှေ့ တွင်​ဖြတ်​ကြွ​သွား​လျက်``ငါ​ထာ​ဝရ​ဘု​ရား သည်​သ​နား​က​ရု​ဏာ​နှင့်​ပြည့်​စုံ​သော​ဘု​ရား၊ စိတ်​ရှည်​၍​ကျေး​ဇူး​က​ရု​ဏာ​နှင့်​ကြွယ်​ဝ သော​ဘု​ရား၊ သစ္စာ​တည်​သော​ဘု​ရား​ဖြစ်​၏။- ငါ​သည်​ထောင်​သောင်း​မ​က​များ​ပြား​သော အ​မျိုး​အ​စဉ်​အ​ဆက်​တို့​အား ငါ​၏​က​တိ သစ္စာ​ကို​တည်​စေ​မည်။ ငါ​သည်​ဒု​စ​ရိုက်​နှင့် အ​ပြစ်​တို့​အ​တွက်​လူ​တို့​အား​အ​ပြစ်​လွှတ် မည်။ သို့​ရာ​တွင်​မိ​ဘ​တို့​၏​အ​ပြစ်​ကို​သား စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တုတ္ထ အ​ဆက်​သို့​တိုင်​အောင်​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​ချက်​ချင်း​ဦး​ညွှတ်​ရှိ​ခိုး​လျက်၊- ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ် အား​အ​ကယ်​ပင်​နှစ်​သက်​ပါ​လျှင်​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​ကြွ​သွား​တော်​မူ​ပါ။ ဤ​လူ​တို့ သည်​ခေါင်း​မာ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့ ၏​ဒု​စ​ရိုက်​အ​ပြစ်​ကို​လွှတ်​လျက် အ​ကျွန်ုပ်​တို့ အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ်​လက် ခံ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။

ထွက်မြောက်ရာ 34:5-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ထာဝရဘုရား​သည် မိုးတိမ်​ဖြင့် ဆင်းသက်​တော်မူ​၍ ထို​အရပ်​၌ သူ​နှင့်အတူ​ရပ်​လျက် ထာဝရဘုရား​ဟူသော​နာမ​တော်​ကို ထုတ်ဖော်​ပြသ​တော်မူ​၏​။ ထာဝရဘုရား​သည် သူ့​ရှေ့​မှ​ဖြတ်သွား​၍ “​ထာဝရဘုရား​၊ ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​ဘုရား​၊ ကျေးဇူးပြု​တတ်​သော​ဘုရား​၊ စိတ်ရှည်​သော​ဘုရား​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား​၊ သစ္စာတည်​သော​ဘုရား​ဖြစ်​၏​။ မျိုးဆက်​အထောင်​အသောင်း​တို့​အား မေတ္တာကရုဏာ​ထား​၍ ကျူးလွန်​သော​ဒုစရိုက်​အပြစ်​တို့​ကို​ခွင့်လွှတ်​သော်လည်း အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​။ ဖခင်​တို့​၏​အပြစ်​ကို သား​မြေး​တို့​အပေါ် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် အပြစ်ဒဏ်​ကျရောက်​စေ​သော​ဘုရား​ဖြစ်​သည်​”​ဟု မြွက်ဆို​တော်မူ​၏​။ ထိုအခါ မောရှေ​သည် မြေ​ပေါ်သို့ အလျင်အမြန်​ဦးညွှတ်​၍ ရှိခိုးကိုးကွယ်​လျက် “​အို ဘုရားရှင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​လျှင် အကျွန်ုပ်​တို့​နှင့်အတူ ဘုရားရှင်​ကြွ​တော်မူ​ပါ​။ အကယ်စင်စစ် ဤ​သူ​တို့​သည် ခေါင်းမာ​သော​လူမျိုး​ဖြစ်​ပါ​၏​။ သို့သော် အကျွန်ုပ်​တို့​၏​ဒုစရိုက်​အပြစ်​တို့​ကို ဖြေလွှတ်​လျက် အကျွန်ုပ်​တို့​ကို အမွေ​တော်​အဖြစ်​သိမ်းယူ​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။