ထွက်မြောက်ရာ 34:1-10
ထွက်မြောက်ရာ 34:1-10 Judson Bible (JBMLE)
တစ်ဖန် ထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကိုခုတ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည်။ နက်ဖြန်နံနက် သင်သည်အသင့်နေလျက်၊ သိနာတောင်ပေါ်သို့တက်၍ တောင်ထိပ်၌ ငါ့ရှေ့မှာကိုယ်ကိုပြလော့။ သင်နှင့်အတူ အဘယ်သူမျှမတက်ရ။ တောင်တစ်ပြင်လုံး၌ လူကို မထင်ရှားစေနှင့်။ တောင်ခြေရင်း၌ သိုးနွားတို့ကို ကျက်စားရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ အရင်ကျောက်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကိုခုတ်ပြီးမှ၊ မောရှေသည် နံနက်စောစောထ၍ ထိုကျောက်ပြားနှစ်ပြားကိုကိုင်လျက်၊ သိနာတောင်ပေါ်သို့ တက်လေ၏။ ထာဝရဘုရားသည် မိုးတိမ်ဖြင့်ဆင်းသက်၍၊ ထိုအရပ်၌ မောရှေအနားမှာရပ်လျက်၊ ထာဝရဘုရား၏နာမတော်ကို ကြွေးကြော်တော်မူ၏။ ထာဝရဘုရားသည် မောရှေရှေ့၌ကြွသွားတော်မူလျက်၊ ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊ အထောင်အသောင်းများသောသူတို့အား သနားခြင်းကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။ မောရှေသည် အလျင်အမြန်ဦးညွှတ်ချ၍ ကိုးကွယ်လျက်၊ အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသောအမျိုး ဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကိုလွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာဖို့ သိမ်းယူတော်မူပါဟုလျှောက်လျှင်၊ ထာဝရဘုရားက၊ ကြည့်ရှုလော့။ ငါပဋိညာဉ်ပြု၏။ မြေကြီးပေါ်မှာ လူမျိုး၌ မပြုစဖူးသော အံ့ဖွယ်သောအမှုတို့ကို သင်၏လူမျိုးရှေ့မှာ ငါပြုမည်။ သင်တို့အဖို့ ငါထာဝရဘုရားပြုရသောအမှုသည် ကြောက်မက်ဖွယ်သောအမှုဖြစ်ကြောင်းကို သင်ပေါင်းဖော်သောလူအပေါင်းတို့သည် မြင်ရကြလိမ့်မည်။
ထွက်မြောက်ရာ 34:1-10 Common Language Bible (BCL)
ထာဝရဘုရားကမောရှေအား``ပထမ ကျောက်ပြားများနှင့်တူသောကျောက်ပြား နှစ်ချပ်ကိုဆစ်လော့။ သင့်ကြောင့်ကျိုးသွား သောယခင်ကျောက်ပြားများပေါ်တွင် ရေး ထိုးခဲ့သည့်ကမ္ပည်းစာအတိုင်းငါသည်ဤ ကျောက်ပြားများပေါ်၌ရေးထိုးမည်။- နက်ဖြန်နံနက်တွင်ငါနှင့်တွေ့ဆုံရန် သိနာတောင်ထိပ်ပေါ်သို့တက်လာလော့။- သင်နှင့်အတူမည်သူမျှတောင်ပေါ်သို့ မတက်ရ။ တစ်တောင်လုံးတွင်လူမရှိစေ ရ။ တောင်ခြေ၌သိုးနွားများကိုမ ကျောင်းရ'' ဟုမိန့်တော်မူ၏။- ထို့ကြောင့်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ကျောက်ပြားနှစ်ချပ်ကို ဆစ်ပြီးလျှင်၊ နောက်တစ်နေ့နံနက်စောစော တွင်၊ ကျောက်ပြားများကိုကိုင်ဆောင်လျက် သိနာတောင်ပေါ်သို့တက်လေ၏။ ထာဝရဘုရားသည်မိုးတိမ်တိုက်ဖြင့်ကြွ ဆင်းလာ၍၊ မောရှေအနီးတွင်ရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်မြွက်ကြားတော်မူ၏။- ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။- ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။ မောရှေသည်ချက်ချင်းဦးညွှတ်ရှိခိုးလျက်၊- ``အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အားအကယ်ပင်နှစ်သက်ပါလျှင်အကျွန်ုပ် တို့နှင့်အတူကြွသွားတော်မူပါ။ ဤလူတို့ သည်ခေါင်းမာပါ၏။ သို့ရာတွင်အကျွန်ုပ်တို့ ၏ဒုစရိုက်အပြစ်ကိုလွှတ်လျက် အကျွန်ုပ်တို့ အားကိုယ်တော်၏လူမျိုးတော်အဖြစ်လက် ခံတော်မူပါ'' ဟုလျှောက်ထားလေ၏။ ထာဝရဘုရားကမောရှေအား``ငါသည်ယခု ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ်ပြု မည်။ ငါသည်သူတို့၏မျက်မှောက်တွင်ကမ္ဘာပေါ် ရှိမည်သည့်နိုင်ငံတွင်မျှမပြုဘူးသောကြီး မားသောအရာများကိုငါပြုမည်။ ငါထာဝရ ဘုရားသည်ကြီးမားသောအရာများကိုပြု နိုင်ကြောင်းလူအပေါင်းတို့မြင်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့ အတွက်ကြောက်မက်ဖွယ်ရာအမှုကို ပြုမည်။
ထွက်မြောက်ရာ 34:1-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ဖန် ထာဝရဘုရားက မောရှေအား “ယခင်ကျောက်ပြားတို့နှင့်တူသောကျောက်ပြားနှစ်ချပ်ကို သင်ထုဆစ်လော့။ သင်ချိုးဖျက်လိုက်သော ယခင်ကျောက်ပြားတို့၌ပါသည့် နှုတ်ကပတ်တော်အတိုင်း ထိုကျောက်ပြားတို့ပေါ်၌ ငါအက္ခရာတင်ထားမည်။ နံနက်စောစော အဆင်သင့်ပြင်၍ သိနာတောင်ပေါ်သို့ တက်လာလော့။ ထိုတောင်ထိပ်တွင် ငါ့ကိုလာဖူးမြင်လော့။ သင်နှင့်အတူ မည်သူတစ်ဦးတစ်ယောက်မျှ တက်မလာရ။ တောင်တစ်တောင်လုံး၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရစေနှင့်။ သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဤတောင်အရှေ့ဘက်၌ မထိန်းကျောင်းရ”ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယခင်ကျောက်ပြားတို့နှင့်တူသော ကျောက်ပြားနှစ်ချပ်ကိုထုဆစ်ပြီး နံနက်စောစောထ၍ သိနာတောင်ပေါ်သို့တက်သွား၏။ သူ၏လက်ထဲ၌လည်း ကျောက်ပြားနှစ်ချပ်ကို ယူဆောင်သွား၏။ ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ ထိုအရပ်၌ သူနှင့်အတူရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်ပြသတော်မူ၏။ ထာဝရဘုရားသည် သူ့ရှေ့မှဖြတ်သွား၍ “ထာဝရဘုရား၊ ထာဝရဘုရားသည် သနားစုံမက်တတ်သောဘုရား၊ ကျေးဇူးပြုတတ်သောဘုရား၊ စိတ်ရှည်သောဘုရား၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။ မျိုးဆက်အထောင်အသောင်းတို့အား မေတ္တာကရုဏာထား၍ ကျူးလွန်သောဒုစရိုက်အပြစ်တို့ကိုခွင့်လွှတ်သော်လည်း အပြစ်ဒဏ်မခတ်ဘဲမနေ။ ဖခင်တို့၏အပြစ်ကို သားမြေးတို့အပေါ် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အပြစ်ဒဏ်ကျရောက်စေသောဘုရားဖြစ်သည်”ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ မောရှေသည် မြေပေါ်သို့ အလျင်အမြန်ဦးညွှတ်၍ ရှိခိုးကိုးကွယ်လျက် “အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။ ထာဝရဘုရားကလည်း “ငါပဋိညာဉ်ပြုမည်။ ကမ္ဘာမြေတစ်ခွင်လုံး၌လည်းကောင်း၊ လူမျိုးရှိသမျှတို့၌လည်းကောင်း မပြုခဲ့ဖူးသောအံ့ဖွယ်အမှုတို့ကို သင်၏လူအပေါင်းတို့ရှေ့၌ ငါပြုမည်။ သင်နှင့်အတူရှိသောလူအပေါင်းတို့သည် ငါထာဝရဘုရား၏အမှုကို တွေ့မြင်ကြလိမ့်မည်။ ထိုအမှုသည် သင်နှင့်အတူငါပြုမည့် ကြောက်မက်ဖွယ်အမှုဖြစ်၏။