ထွက်မြောက်ရာ 2:1-22
ထွက်မြောက်ရာ 2:1-22 Judson Bible (JBMLE)
ထိုကာလ၌ လေဝိအမျိုးသားတစ်ယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊ မိန်းမသည်ပဋိသန္ဓေယူသဖြင့် သားယောက်ျားကိုဖွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကိုအမိမြင်လျှင်၊ သုံးလပတ်လုံးဝှက်ထားလေ၏။ နောက်တစ်ဖန်ဝှက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေးဖြင့်လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။ သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကိုသိမြင်ခြင်းငှာ အဝေး၌ရပ်နေလေ၏။ ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှာဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌လှည့်လည်စဉ်၊ ကိုင်းတော၌ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှာ ကျွန်မ တစ်ယောက်ကိုစေလွှတ်လေ၏။ ပုခက်ဖုံးကိုဖွင့်သောအခါ၊ ငိုလျက်နေသောသူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးသော်၊ သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကိုထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ခေါ်ရပါမည်လောဟု ဖာရောဘုရင်၏သမီးတော်အား မေးလျှောက်၍၊ မင်းသမီးကသွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။ ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကိုယူသွား၍ ငါ့ဖို့ထိန်းလော။ အခကို ငါပေးမည်ဟုမှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကိုယူသွား၍ ထိန်းလေ၏။ သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ခန့်ထားလျက်၊ မောရှေအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါနုတ်ယူသည်ဟု ဆိုသတည်း။ မောရှေသည်ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့သွား၍ သူတို့အမှုထမ်းရသောအခြင်းအရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတစ်ယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊ ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကိုသိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌မြှုပ်ထားလေ၏။ နက်ဖြန်နေ့၌ထွက်ပြန်သော်၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကိုမြင်လျှင်၊ သင်သည်သင်၏အပေါင်းအဖော်ကို အဘယ်ကြောင့်ရိုက်သနည်းဟု ညှဉ်းဆဲသောသူအားမေးသည်ရှိသော်၊ ထိုသူက၊ အဘယ်သူသည်သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ခန့်ထားသနည်း။ အဲဂုတ္တုလူကိုသတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟုပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှုထင်ရှားပြီဟု သိ၍ကြောက်လေ၏။ ထိုသတင်းကို ဖာရောဘုရင်ကြားသောအခါ၊ မောရှေကိုသတ်ခြင်းငှာ ရှာကြံလေ၏။ မောရှေသည် ဖာရောဘုရင်ထံမှထွက်ပြေး၍၊ မိဒျန်ပြည်သို့ ရောက်လျှင်၊ ရေတွင်းနားမှာထိုင်၍နားနေလေ၏။ ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏သမီး ညီအစ်မခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏သိုးဆိတ်များကို ရေတိုက်ခြင်းငှာလာ၍ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌ လောင်းကြ၏။ သိုးထိန်းအချို့တို့လည်းလာ၍ သိုးဆိတ်များကိုမောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌နေလျက်၊ သိုးဆိတ်များကိုရေတိုက်လေ၏။ ထိုမိန်းမတို့သည် အဘရွေလထံသို့ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန်ရောက်လာရကြသနည်းဟု မေးလေ၏။ သူတို့ကလည်း၊ အဲဂုတ္တုလူတစ်ယောက်သည် အကျွန်ုပ်တို့ကိုသိုးထိန်းတို့လက်မှ ကယ်နုတ်၍၊ ရေလိုသမျှကိုခပ်သဖြင့်၊ သိုးဆိတ်များကိုရေတိုက်ပါသည်ဟု ပြန်ပြော၏။ အဘကလည်း၊ ထိုသူသည်အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာစားစေခြင်းငှာ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။ မောရှေသည် ထိုသူထံမှာနေ၍ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကိုမောရှေအား ထိမ်းမြားပေးစားလေ၏။ ထိုမိန်းမဖွားသောသားကို ဂေရရှုံအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ငါသည်တစ်ကျွန်းတစ်နိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။
ထွက်မြောက်ရာ 2:1-22 Common Language Bible (BCL)
လေဝိအမျိုးသားတစ်ယောက်သည် လေဝိ အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ပြု၍၊- သားတစ်ယောက်ကိုရ၏။ ထိုသားသည်ချစ်ဖွယ် ကောင်းသည်ကိုမိခင်မြင်လျှင်၊ သုံးလကြာ မျှဝှက်ထားလေ၏။- မိခင်သည်သားကိုဆက်လက်၍မဝှက်ထား နိုင်တော့သဖြင့်၊ ကူရိုးများနှင့်ခြင်းတောင်း တစ်လုံးကိုရက်လုပ်၍၊ ကတ္တရာနှင့်သစ်စေး သုတ်ပြီးနောက်၊ ကလေးကိုခြင်းထဲ၌ထည့် ပြီးလျှင်မြစ်ကမ်းစပ်ရှိကိုင်းတောတွင်ချ ထားလေ၏။- ထိုသားငယ်၏အစ်မသည်မလှမ်းမကမ်းနေ ရာမှ ကလေး၏အရိပ်အခြေကိုစောင့်ကြည့် နေလေ၏။ ဖာရောဘုရင်၏သမီးတော်သည်ရေချိုးရန် မြစ်ထဲသို့ဆင်းလာစဉ်၊ သူ၏အခြွေအရံတို့ ကမြစ်ကမ်းပေါ်တွင်လမ်းလျှောက်၍စောင့်ကြပ် နေကြ၏။ သမီးတော်သည်ကိုင်းတောထဲ၌ ခြင်းတောင်းကိုမြင်လျှင်၊ ကျွန်မတစ်ယောက် ကိုလွှတ်၍ထိုခြင်းတောင်းကိုယူခဲ့စေ၏။- ဖာရောဘုရင်၏သမီးတော်သည်ခြင်းတောင်း ကိုဖွင့်ကြည့်သောအခါ၊ ငိုလျက်နေသောသူ ငယ်ကိုမြင်ရသော်ကလေးကိုသနားကြင် နာ၍``ဤကလေးသည်ဟေဗြဲအမျိုးသား ကလေးဖြစ်ပါသည်တကား'' ဟုဆိုလေ၏။ ထိုအခါကလေး၏အစ်မက``အရှင်မ အတွက် ဟေဗြဲနို့ထိန်းတစ်ဦးခေါ်ပေးရ ပါမည်လော'' ဟုမေးလျှင်၊ မင်းသမီးက``သွား၍ခေါ်လော့'' ဟုဆိုလေ ၏။ ထိုကြောင့်မိန်းမငယ်သည်ကလေး၏ မိခင်ကိုခေါ်ခဲ့ရာ၊- မင်းသမီးက``ဤကလေးကိုငါ့အတွက်နို့ တိုက်မွေးပေးပါ။ သင့်အားအခပေးမည်'' ဟု ကလေး၏မိခင်အားဆိုလေ၏။ ထို့ကြောင့် မိခင်သည်ကလေးကိုယူ၍ထိန်းလေ၏။- မင်းသမီးအားပြန်အပ်နိုင်သည့်အရွယ်သို့ ရောက်သောအခါ၊ မိခင်သည်ကလေးကိုမင်း သမီးထံသို့ပြန်အပ်ရာ၊ မင်းသမီးက ထို ကလေးငယ်ကိုသားအဖြစ်မွေးစား၍``ငါ သည်သူငယ်ကိုရေထဲမှထုတ်ယူရသည်'' ဟု ဆိုလျက်မောရှေဟုနာမည်မှည့်လေ၏။ ကာလအတန်ကြာ၍မောရှေသည်အရွယ် ရောက်လာသောအခါ၊ သူ၏အမျိုးသားတို့ ထံသို့သွားရောက်လည်ပတ်လေ၏။ သူသည် မိမိ၏အမျိုးသားများဆင်းရဲပင်ပန်းစွာ အလုပ်ကြမ်းလုပ်နေရသည်ကိုတွေ့မြင်ရ၏။ အီဂျစ်အမျိုးသားတစ်ဦးကသူ၏အမျိုး သားဟေဗြဲလူမျိုးတစ်ယောက်အားရိုက်နှက် နေသည်ကိုမြင်ရသောအခါ၊- သူသည်ဟိုဟိုသည်သည်ကြည့်၍ မည်သူတစ် စုံတစ်ယောက်ကိုမျှမမြင်ရလျှင်၊ အီဂျစ် အမျိုးသားကိုသတ်၍အလောင်းကိုသဲထဲ ၌မြှုပ်ထားခဲ့လေသည်။- နောက်တစ်နေ့တွင်သူသည်ထွက်လာပြန်ရာ ဟေဗြဲအမျိုးသားနှစ်ယောက်တို့သည် အချင်း ချင်းရိုက်ပုတ်ထိုးသတ်နေကြသည်ကိုမြင် ရလေ၏။ သူကမတရားသဖြင့်ပြုကျင့်နေ သူအား``သင်သည်အဘယ်ကြောင့်ကိုယ့်အမျိုး သားချင်းကိုရိုက်နှက်နေရသနည်း'' ဟုမေး လေ၏။ ထိုသူက``ငါတို့အမှုကိုစီရင်ရန်မည်သူ က သင့်အားတရားသူကြီးအဖြစ်ခန့်ထား သနည်း။ သင်သည်အီဂျစ်အမျိုးသားကို သတ်သကဲ့သို့ ငါ့ကိုသတ်ချင်သေးသလော'' ဟုပြန်ပြောလေ၏။ ထိုအခါမောရှေသည်မိမိ ပြုလုပ်ခဲ့သောအမှုကိုလူတို့သိကုန်ကြ ပြီဟူ၍ဆိုလျက်ထိတ်လန့်လေ၏။- ဖာရောဘုရင်သည်ထိုသတင်းကိုကြားရသော အခါ မောရှေအားသတ်ရန်ကြံစည်လေ၏။ သို့ ရာတွင်မောရှေသည်ထွက်ပြေး၍မိဒျန်ပြည် ၌နေထိုင်လေ၏။ တစ်နေ့သ၌မောရှေသည်ရေတွင်းအနီး၌ထိုင် နေစဉ် မိဒျန်ပြည်၌နေထိုင်သောယဇ်ပုရောဟိတ် ယေသရော၏သမီးခုနစ်ယောက်တို့သည် ဖခင် ၏သိုးနှင့်ဆိတ်များအတွက်ရေတွင်းမှရေခပ် ပြီးလျှင် ရေသောက်ခွက်တွင်ရေဖြည့်ရန်လာ ကြ၏။- သို့ရာတွင်သိုးထိန်းအချို့တို့သည်ယေသရော ၏သမီးတို့ကိုနှင်ပစ်လေ၏။ ထိုအခါမောရှေ သည်အမျိုးသမီးတို့ကိုကူညီသည့်အနေ ဖြင့်၊ သူတို့၏သိုးနှင့်ဆိတ်များကိုသူကိုယ် တိုင်ရေတိုက်လေ၏။- အမျိုးသမီးတို့သည်ဖခင်ယေသရောထံသို့ ပြန်ရောက်လာကြသောအခါ၊ ဖခင်က``သင်တို့ ယနေ့အိမ်သို့အပြန်စောလှချည့်လား'' ဟု ဆိုလေ၏။ သူတို့က``အီဂျစ်ပြည်သားတစ်ယောက်က ကျွန်မတို့အား သိုးထိန်းတို့ရန်မှကာကွယ် ပေးသည့်အပြင်ကျွန်မတို့၏သိုးဆိတ်များ အတွက်ရေခပ်၍တိုက်ပါသည်'' ဟုပြန်ဖြေ ကြ၏။ ဖခင်က``ထိုသူယခုအဘယ်မှာရှိသနည်း။ အဘယ်ကြောင့်သူ့ကိုထားခဲ့ကြသနည်း။ သူ့ ကိုဧည့်ဝတ်ပြုရန်သွား၍ဖိတ်ခေါ်လော့'' ဟု စေခိုင်းလေ၏။ မောရှေသည်ယေသရောနှင့်အတူနေထိုင်၍၊ ယေသရော၏သမီးဇိပေါရနှင့်အိမ်ထောင် ဘက်ပြုလေ၏။- ဇိပေါရသည်သားတစ်ယောက်ကိုဖွားမြင်သော အခါ၊ မောရှေက``ငါသည်တစ်ရပ်တစ်ကျေးတွင် ဧည့်သည်ဖြစ်ရပါသည်'' ဟုဆို၍ထိုသားကို ဂေရရှုံဟုနာမည်မှည့်လေ၏။
ထွက်မြောက်ရာ 2:1-22 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
လေဝိအမျိုးသားထဲမှ ယောက်ျားတစ်ဦးသည် လေဝိအမျိုးသမီးနှင့် စုံဖက်ရာ ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွား၏။ ထိုသားသည် အဆင်းလှကြောင်းကို မိခင်သိမြင်လျှင် သူ့ကိုသုံးလပတ်လုံးဝှက်ထား၏။ ထို့နောက်တွင် မိခင်သည် သူ့ကိုဝှက်မထားနိုင်တော့သဖြင့် ကျူရိုးဖြင့်ရက်လုပ်ထားသောဖာတောင်းကိုယူ၍ ကတ္တရာစေးနှင့်သစ်စေးတို့ဖြင့် သုတ်လိမ်းပြီးလျှင် သူငယ်ကို ထိုဖာတောင်းထဲ၌ထည့်ပြီး နိုင်းမြစ်ကမ်းစပ်တွင်ရှိသော ကျူတောထဲ၌ထားလေ၏။ သူငယ်၏အစ်မသည်လည်း သူငယ်၌ မည်သို့ဖြစ်မည်ကိုသိမြင်နိုင်ရန် အဝေးမှရပ်ကြည့်နေ၏။ ထိုစဉ် ဖာရောမင်းကြီး၏သမီးတော်သည် ရေချိုးရန် နိုင်းမြစ်ထဲသို့ဆင်းလာ၏။ သူ၏အပျိုတော်များကား မြစ်ကမ်းနား၌ လမ်းလျှောက်နေကြ၏။ ထိုအခါ သူသည် ကျူတောထဲမှ ဖာတောင်းကိုတွေ့လျှင် ကျွန်မတစ်ယောက်ကို လွှတ်၍ယူစေ၏။ ဖာတောင်းကိုဖွင့်သောအခါ ငိုနေသောကလေးသူငယ်ကိုမြင်လျှင် သူ့ကိုသနားလျက် “ဤသူငယ်သည် ဟေဗြဲကလေးဖြစ်၏”ဟု ဆို၏။ ထိုအခါ သူငယ်၏အစ်မက ဖာရောမင်းကြီး၏သမီးတော်အား “သူငယ်ကို ကြည့်ရှုစောင့်ရှောက်ရန် ဟေဗြဲအမျိုးသမီးထဲမှ နို့ထိန်းတစ်ဦးကို သခင်မအတွက် သွားခေါ်ပေးရမည်လော”ဟု မေးလျှောက်၏။ ဖာရောမင်းကြီး၏သမီးတော်ကလည်း “သွားခေါ်လော့”ဟု ဆိုသဖြင့် မိန်းမငယ်သည် သွား၍ သူငယ်၏မိခင်ကို ခေါ်လာ၏။ ဖာရောမင်းကြီး၏သမီးတော်က “ဤသူငယ်ကိုခေါ်သွား၍ ငါ့အတွက် ကြည့်ရှုစောင့်ရှောက်ပေးလော့။ သင့်ကို ငါလုပ်အားခပေးမည်”ဟု ဆိုသဖြင့် ထိုမိန်းမသည် သူငယ်ကို ခေါ်သွား၍ ကြည့်ရှုစောင့်ရှောက်လေ၏။ သူငယ်ကြီးပြင်းလာသောအခါ မိခင်သည် ဖာရောမင်းကြီး၏သမီးတော်ထံသို့ သူငယ်ကို ခေါ်ဆောင်လာ၍ သူသည် မင်းသမီး၏သားဖြစ်လာ၏။ မင်းသမီးက “သူ့ကိုရေထဲမှငါဆယ်ယူခဲ့၏”ဟု ဆိုပြီး သူ၏အမည်ကို မောရှေ ဟုမှည့်ခေါ်လေ၏။ မောရှေအရွယ်ရောက်ပြီးနောက် တစ်နေ့သောအခါ သူသည် မိမိအမျိုးသားချင်းများထံသို့သွားရာ သူတို့သည် ကြမ်းတမ်းသောအလုပ်များ လုပ်ရသည်ကိုမြင်လေ၏။ ထိုအချိန်၌ မိမိအမျိုးသားချင်းဖြစ်သော ဟေဗြဲအမျိုးသားတစ်ဦးကို အီဂျစ်အမျိုးသားတစ်ဦးက ရိုက်နှက်နေသည်ကိုမြင်လျှင် သူသည် ဟိုဟိုသည်သည်ကြည့်၍ လူတစ်ဦးမျှမရှိသည်ကိုသိမြင်သောအခါ အီဂျစ်အမျိုးသားကို ရိုက်သတ်၍ သဲထဲ၌ မြှုပ်လိုက်လေ၏။ နောက်တစ်နေ့တွင်လည်း သူသည်ထပ်၍သွားပြန်ရာ ဟေဗြဲအမျိုးသားနှစ်ဦး ရန်ဖြစ်နေကြသည်ကိုမြင်လျှင် မတရားသောသူအား “သင်သည် သင်၏အပေါင်းအဖော်ကို အဘယ်ကြောင့် ရိုက်နှက်ရသနည်း”ဟု ဆိုသော် ထိုသူက “မည်သူသည် သင့်ကို ငါတို့၏အကြီးအကဲ၊ ငါတို့ကိုတရားစီရင်သူအဖြစ် ခန့်ထားသနည်း။ သင်သည် အီဂျစ်အမျိုးသားကိုသတ်သကဲ့သို့ ငါ့ကိုသတ်ရန်ကြံရွယ်သလော”ဟု ပြန်ပြော၏။ ထိုအခါ မောရှေသည် ကြောက်ရွံ့လျက် “အကယ်စင်စစ် ဤအမှုကို သိကြကုန်ပြီတကား”ဟု ဆိုလေ၏။ ထိုအမှုကို ဖာရောမင်းကြီးကြားသိသောအခါ မောရှေကိုသတ်ရန်ရှာကြံသဖြင့် မောရှေသည် ဖာရောမင်းကြီးထံမှ ထွက်ပြေး၍ မိဒျန်ပြည်၌နေထိုင်လေ၏။ သူသည် ရေတွင်းနားမှာ ထိုင်နေစဉ် မိဒျန်ယဇ်ပုရောဟိတ်၏သမီးခုနစ်ယောက်သည် ရောက်လာ၍ မိမိတို့ဖခင်၏သိုးဆိတ်တို့ကို ရေတိုက်ရန် ရေခပ်ကြပြီး ရေစားကျင်းများကိုဖြည့်ကြ၏။ ထိုအခါ သိုးထိန်းတို့သည်ရောက်လာ၍ သူတို့ကိုနှင်ထုတ်ကြသဖြင့် မောရှေသည် ထ၍ ထိုမိန်းမတို့ကိုကာကွယ်ပေးပြီး သူတို့၏သိုးဆိတ်တို့ကို ရေတိုက်လေ၏။ သူတို့သည် ဖခင်ရွေလထံသို့ ပြန်ရောက်သော် ဖခင်က “ယနေ့ သင်တို့ အဘယ်ကြောင့် စောစောပြန်ရောက်ကြသနည်း”ဟု မေးလေ၏။ သူတို့ကလည်း “အီဂျစ်အမျိုးသားတစ်ဦးသည် ကျွန်မတို့ကို သိုးထိန်းတို့လက်မှ ကယ်နုတ်၍ ရေလိုသမျှခပ်ပေးပါ၏။ သိုးဆိတ်တို့ကိုလည်း ရေတိုက်ပေးပါ၏”ဟု ပြန်ပြောကြ၏။ ထိုအခါ ဖခင်က မိမိသမီးတို့အား “ထိုသူ အဘယ်မှာရှိသနည်း။ သူ့ကို အဘယ်ကြောင့် ထားခဲ့သနည်း။ အစားအစာစားသောက်ရန် သူ့ကိုသွားခေါ်လော့”ဟု ဆို၏။ မောရှေသည် ရွေလနှင့်အတူနေထိုင်ရန် သဘောတူ၍ ရွေလသည် သူ၏သမီးဇိပေါရကို မောရှေနှင့်ပေးစားလေ၏။ ဇိပေါရသည် သားကိုမွေးဖွားလျှင် မောရှေက “ငါသည် တစ်ပါးအမျိုးသားပြည်၌ ဧည့်သည်ဖြစ်ရပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဂေရရှုံ ဟုမှည့်ခေါ်၏။