ထွက်မြောက်ရာ 14:21-29
ထွက်မြောက်ရာ 14:21-29 Judson Bible (JBMLE)
မောရှေသည် ပင်လယ်ပေါ်မှာလက်ကိုဆန့်၍၊ ထာဝရဘုရားသည် တစ်ညလုံး၌ အားကြီးသောအရှေ့လေအားဖြင့် ပင်လယ်ရေကိုလှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည်ကွဲပြတ်လျက်ရှိ၏။ ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားကြ၍၊ ရေသည် သူတို့လက်ယာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။ အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့လိုက်ဝင်ကြ၏။ နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုးတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍နှောင့်ယှက်တော်မူ၏။ သူတို့ရထားအသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တစ်ဖက်၌ စစ်တိုက်သည်ဟုပြောဆိုကြ၏။ ထာဝရဘုရားကလည်း၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ပြန်စေခြင်းငှာ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ မိုးလင်းသောအခါ၊ မောရှေသည်လက်ကို ပင်လယ်ပေါ်မှာဆန့်သဖြင့်၊ ပင်လယ်ရေသည် အားကြီး၍ပြန်လာသည်ကို၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ်အလယ်၌လှဲတော်မူ၏။ ထိုသို့ ပင်လယ်ရေသည်ပြန်လာ၍၊ ပင်လယ်ထဲသို့လိုက်ဝင်သော ဖာရောဘုရင်၏ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကိုလွှမ်းမိုးသဖြင့်၊ တစ်စုံတစ်ယောက်မျှ မကျန်ရစ်ရ၊ ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌မြေပေါ်မှာလျှောက်သွား၍၊ ရေသည် သူတို့လက်ယာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ရှိနေ၏။
ထွက်မြောက်ရာ 14:21-29 Common Language Bible (BCL)
မောရှေသည်ပင်လယ်ပေါ်သို့လက်ကိုဆန့် လိုက်ရာ ထာဝရဘုရားသည်အရှေ့ဘက် မှလေပြင်းကိုတစ်ညလုံးတိုက်ခတ်စေ သဖြင့် ပင်လယ်ရေကွဲ၍အောက်ခြေ၌ ခြောက်သွေ့သောမြေပေါ်စေတော်မူ၏။- ထိုအခါဣသရေလအမျိုးသားတို့သည် ရေတံတိုင်းနှစ်ခုအကြားခြောက်သွေ့သော မြေပေါ်မှာလျှောက်၍ပင်လယ်ကိုဖြတ်၍ သွားကြလေ၏။- အီဂျစ်ဘုရင်၏စစ်တပ်၊ ရထားတပ်၊ မြင်းတပ် တို့သည်ဣသရေလအမျိုးသားတို့နောက် သို့ဆင်းလိုက်ကြ၏။- နံနက်အရုဏ်မတက်မီအချိန်တွင် ထာဝရ ဘုရားသည်မီးတိုင်နှင့်မိုးတိမ်တိုင်တို့မှနေ ၍ အီဂျစ်စစ်တပ်ကိုကြည့်ရှုတော်မူပြီး လျှင်သူတို့ကိုဖရိုဖရဲဖြစ်စေတော်မူ၏။- ထာဝရဘုရားသည်သူတို့၏ရထားဘီး များကိုကျွတ်ထွက်စေတော်မူသဖြင့် သူတို့ ၏ရထားများကိုအသွားရခက်စေတော် မူ၏။ ထို့ကြောင့်အီဂျစ်အမျိုးသားတို့က``ထာ ဝရဘုရားသည်ဣသရေလအမျိုးသား တို့ဘက်မှနေ၍ ကျွန်ုပ်တို့ကိုတိုက်ခိုက်လျက် ရှိတော်မူ၏။ ထွက်ပြေးကြစို့'' ဟုဆိုကြ၏။ ထာဝရဘုရားကမောရှေအား``သင်၏လက် ကိုပင်လယ်ပေါ်သို့ဆန့်၍ အီဂျစ်အမျိုးသား နှင့်သူတို့၏ရထားတပ်၊ မြင်းတပ်တို့အပေါ် သို့ရေပြန်၍စီးစေလော့'' ဟုမိန့်တော်မူ၏။- သို့ဖြစ်၍မောရှေသည်ပင်လယ်ပေါ်သို့လက် ကိုဆန့်သဖြင့် နံနက်မိုးလင်းသည့်အခါရေ သည်ပုံမှန်အတိုင်းပြန်လည်စီးလေ၏။ ရေ ပြန်တက်လာစဉ်အီဂျစ်အမျိုးသားတို့သည် ထွက်ပြေးကြသော်လည်း ထာဝရဘုရား သည်သူတို့အားပင်လယ်ထဲ၌နစ်မြုပ်စေ တော်မူ၏။- ရေသည်ပုံမှန်အတိုင်းပြန်စီးသဖြင့်ပင် လယ်ထဲသို့ဆင်းလိုက်လာကြသောရထား တပ်၊ မြင်းတပ်နှင့်အီဂျစ်ဘုရင်၏တပ်အား လုံးတို့သည်တစ်ယောက်မျှမကျန်ရေနစ်၍ သေကုန်ကြ၏။- ဣသရေလအမျိုးသားတို့မူကား တစ်ဘက် တစ်ချက်ရှိရေတံတိုင်းနှစ်ခုအကြားခြောက် သွေ့သောမြေပေါ်မှာ လျှောက်၍ပင်လယ်ကို ဖြတ်ကူးခဲ့ရကြလေ၏။
ထွက်မြောက်ရာ 14:21-29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မောရှေသည် မိမိ၏လက်ကို ပင်လယ်အပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် အားကြီးသောအရှေ့လေဖြင့် ပင်လယ်ကို တစ်ညလုံး တိုက်ထုတ်တော်မူ၏။ ထိုအခါ ပင်လယ်သည် ခြောက်သွေ့သောမြေဖြစ်သွား၍ ရေသည်ကွဲပြတ်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင်သွားရ၏။ ရေသည် သူတို့၏လက်ယာဘက်နှင့်လက်ဝဲဘက်၌ တံတိုင်းသဖွယ်ဖြစ်လျက်နေ၏။ အီဂျစ်လူမျိုးတို့နှင့်တကွ ဖာရောမင်းကြီး၌ရှိသမျှသောမြင်း၊ စစ်ရထားနှင့် မြင်းစီးသူရဲတို့သည်လည်း သူတို့၏နောက်မှလိုက်၍ ပင်လယ်ထဲသို့ဝင်ကြ၏။ မိုးသောက်ချိန်ရောက်သောအခါ ထာဝရဘုရားသည် အီဂျစ်တပ်ကို မီးတိုင်၊ မိုးတိမ်တိုင်ထဲမှ ငုံ့ကြည့်တော်မူ၍ အီဂျစ်တပ်တို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ သူတို့၏ရထားများကိုလည်း မောင်းရခက်ခဲစေရန် ဘီးများကို ကျွတ်ထွက်စေတော်မူ၏။ သို့ဖြစ်၍ အီဂျစ်လူမျိုးတို့က “အစ္စရေးလူမျိုးတို့ထံမှ ငါတို့ထွက်ပြေးကြစို့။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ဘက်မှနေ၍ အီဂျစ်လူမျိုးတို့ကို စစ်တိုက်တော်မူပြီ”ဟု ဆိုကြ၏။ တစ်ဖန် ထာဝရဘုရားက မောရှေအား “အီဂျစ်လူမျိုးတို့နှင့် သူတို့၏စစ်ရထားများ၊ မြင်းစီးသူရဲများအပေါ်သို့ ရေပြန်စီးလာစေရန် ပင်လယ်အပေါ်သို့ သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ ထို့ကြောင့် မောရှေသည် မိမိ၏လက်ကို ပင်လယ်အပေါ်သို့ဆန့်လိုက်၏။ မိုးလင်းချိန်၌ ပင်လယ်သည် ပုံမှန်အတိုင်း ပြန်၍စီးဆင်း၏။ အီဂျစ်လူမျိုးတို့သည် စီးလာသောရေမှ ထွက်ပြေးကြစဉ်တွင်ပင် ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ပင်လယ်ထဲ၌ လှဲချတော်မူ၏။ အစ္စရေးအမျိုးသားတို့နောက်မှ ပင်လယ်ထဲသို့လိုက်ဝင်ကြသော စစ်ရထားများနှင့်မြင်းစီးသူရဲများ စသည့် ဖာရောမင်းကြီး၏စစ်တပ်တစ်တပ်လုံးအပေါ်သို့ ရေပြန်စီးလာပြီး သူတို့ကို ဖုံးလွှမ်းသဖြင့် တစ်စုံတစ်ယောက်မျှ မကျန်ရစ်ပေ။ အစ္စရေးအမျိုးသားတို့မူကား ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် လျှောက်သွားရ၏။ ရေသည် သူတို့၏လက်ယာဘက်နှင့်လက်ဝဲဘက်၌ တံတိုင်းသဖွယ်ဖြစ်လျက်နေ၏။