မောရှေသည် ပင်လယ်ပေါ်မှာလက်ကိုဆန့်၍၊ ထာဝရဘုရားသည် တစ်ညလုံး၌ အားကြီးသောအရှေ့လေအားဖြင့် ပင်လယ်ရေကိုလှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည်ကွဲပြတ်လျက်ရှိ၏။ ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားကြ၍၊ ရေသည် သူတို့လက်ယာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။ အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့လိုက်ဝင်ကြ၏။ နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုးတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍နှောင့်ယှက်တော်မူ၏။ သူတို့ရထားအသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တစ်ဖက်၌ စစ်တိုက်သည်ဟုပြောဆိုကြ၏။ ထာဝရဘုရားကလည်း၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ပြန်စေခြင်းငှာ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ မိုးလင်းသောအခါ၊ မောရှေသည်လက်ကို ပင်လယ်ပေါ်မှာဆန့်သဖြင့်၊ ပင်လယ်ရေသည် အားကြီး၍ပြန်လာသည်ကို၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ်အလယ်၌လှဲတော်မူ၏။ ထိုသို့ ပင်လယ်ရေသည်ပြန်လာ၍၊ ပင်လယ်ထဲသို့လိုက်ဝင်သော ဖာရောဘုရင်၏ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကိုလွှမ်းမိုးသဖြင့်၊ တစ်စုံတစ်ယောက်မျှ မကျန်ရစ်ရ၊ ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌မြေပေါ်မှာလျှောက်သွား၍၊ ရေသည် သူတို့လက်ယာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ရှိနေ၏။
ထွက်မြောက်ရာ 14 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာ 14:21-29
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ