YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 12:1-17

ထွက်မြောက်ရာ 12:1-17 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်၌ မော​ရှေ​နှင့်​အာ​ရုန်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ဤ​လ​သည် သင်​တို့၌ လ​ဦး​တည်း​ဟူ​သော နှစ်​စဉ်​တွင် ပ​ထ​မ​လ​ဖြစ်​ရ​မည်။ သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မှာ​ထား​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဤ​လ​ဆယ်​ရက်​နေ့၌ သင်​တို့​ရှိ​သ​မျှ​သည်၊ မိ​မိ​အိမ်​ထောင်​အ​သီး​အ​သီး​အ​တိုင်း တစ်​အိမ်​ထောင်​လျှင် သိုး​သ​ငယ်​တစ်​ကောင်​စီ ယူ​ရ​မည်။ အိမ်​ထောင်​ငယ်၍ သိုး​သ​ငယ်​တစ်​ကောင်​နှင့် မ​တန်​လျှင်၊ နီး​စပ်​သော​အိမ်​နီး​ချင်း​နှင့် စပ်​ဖက်၍ လူ​မည်​မျှ​ရှိ​သည်​ဟု ရေ​တွက်​ပြီး​လျှင်၊ တစ်​ကောင်​ကို စား​လောက်​သော​သူ​များ​ကို​ထောက်၍ သိုး​သ​ငယ်​တစ်​ကောင်​ကို ယူ​ရ​မည်။ သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ သင်​တို့​ယူ​သော​အ​ကောင်​သည် အ​ပြစ်​မ​ပါ၊ အ​ခါ​လည်​သော အ​ထီး​ဖြစ်​ရ​မည်။ ထို​သိုး​သ​ငယ်​တို့​ကို၊ ထို​လ​ဆယ်​လေး​ရက်​တိုင်​အောင် စောင့်​ထား​ပြီး​မှ၊ ညဉ့်​ဦး​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​အ​စည်း​အ​ဝေး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သတ်​ရ​ကြ​မည်။ သိုး​သ​ငယ်၏​အ​သား​ကို စား​ရ​သော​အိမ်​၏ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်၌၊ သိုး​သ​ငယ်၏​အ​သွေး​ကို​ယူ​၍ ထိုး​ရ​မည်။ အ​သား​ကို မီး​နှင့်​ကင်​ပြီး​မှ၊ ထို​ည​ချင်း​တွင်​တ​ဆေး​မ​ပါ​သော​မုန့်၊ ခါး​သော ဟင်း​သီး​ဟင်း​ရွက်​နှင့် စား​ရ​မည်။ အ​သား​စိမ်း​သည်​ဖြစ်​စေ၊ ရေ​နှင့်​ပြုတ်​သည်​ဖြစ်​စေ မ​စား​ရ။ ခေါင်း၊ ခြေ​ထောက်၊ အ​သည်း၊ နှ​လုံး​စ​သည်​တို့​နှင့်​တ​ကွ၊ မီး​ကင်​ပြီး​မှ စား​ရ​မည်။ နံ​နက်​တိုင်​အောင် ထို​အ​သား​ကို​မ​ကြွင်း​စေ​ရ။ အ​နည်း​ငယ်​ကြွင်း​လျှင် မီး​နှင့်​ရှို့​ရ​မည်။ အ​ဘယ်​သို့​စား​ရ​မည်​နည်း​ဟူ​မူ​ကား၊ ခါး​စည်း​ကို​စည်း​လျက်၊ ခြေ​နင်း​ကို​စီး​လျက်၊ တောင်​ဝှေး​ကို​ကိုင်​လျက် အ​လျင်​အ​မြန်​စား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ပ​သ​ခါ​ဖြစ်​သ​တည်း။ အ​ကြောင်း​မူ​ကား၊ ယ​နေ့​ည​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည် ထုတ်​ချင်း​ခပ်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော လူ​တို့၏​သား​ဦး​များ​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​များ​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်၍၊ အဲ​ဂု​တ္တု​ပြည်၏​ဘု​ရား​တို့​ကို တ​ရား​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သိုး​သ​ငယ်​၏​အ​သွေး​သည် သင်​တို့​နေ​ရာ​အိမ်၌ သင်​တို့၏​လ​က္ခ​ဏာ​သက်​သေ​ဖြစ်၍၊ ထို​အ​သွေး​ကို​ငါ​မြင်​သော​အ​ခါ၊ သင်​တို့​ကို ငါ​လွန်​သွား​မည်။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ၊ ဖျက်​ဆီး​ခြင်း ဘေး​ဥ​ပဒ်​သည် သင်​တို့​ကို​မ​သင့်​မ​ရောက်​ရ။ ဤ​နေ့​ရက်​သည်​လည်း သင်​တို့​အောက်​မေ့​စ​ရာ​ဖို့​ဖြစ်၍၊ သင်​တို့၏​အ​မျိုး အ​စဉ်​အ​ဆက်​မ​ပြတ် ဤ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ထို​ပွဲ​ကို​အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​မည်။ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​မည်။ ပ​ထ​မ​နေ့​ရက်၌ တ​ဆေး​ကို အိမ်​များ​မှ​ပယ်​ရ​မည်။ ပ​ထ​မ​နေ့​မှ​စ၍ ခု​နစ်​ရက်​နေ့​တိုင်​အောင်၊ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ ပ​ထ​မ​နေ့၌​လည်း​ကောင်း၊ ခု​နစ်​ရက်​နေ့၌​လည်း​ကောင်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ ထို​နေ့​ရက်၌ လူ​တိုင်း​စား​ခြင်း​ကိ​စ္စ​နှင့်​ဆိုင်​သော အ​လုပ်​အ​ဆောင်​မှ​တစ်​ပါး အ​ခြား​သော​အ​လုပ်​ကို မ​လုပ်​မ​ဆောင်​ရ။ ထို​အ​ဇု​မ​ပွဲ​ကို​ခံ​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ထို​နေ့​ရက်၌ သင်​တို့ ဗိုလ်​ခြေ​များ​ကို၊ အဲ​ဂု​တ္တု​ပြည်​ထဲ​က ငါ​နုတ်​ဆောင်​သည်​ဖြစ်၍၊ ထို​အ​ကြောင်း​ကြောင့် ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း၊ သင်​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် ထို​နေ့​ရက်​ကို အ​မြဲ​စောင့်​ရ​ကြ​မည်။

ထွက်မြောက်ရာ 12:1-17 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က အီ​ဂျစ်​ပြည်​တွင်​မော​ရှေ နှင့်​အာ​ရုန်​တို့​အား၊- ``ဤ​လ​သည်​သင်​တို့​၏​နှစ်​ပ​ထ​မ​လ​ဖြစ် စေ​ရ​မည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဤ​သို့​ညွှန်​ကြား​လော့။ ဤ​လ​ဆယ်​ရက်​နေ့​တွင် မိ​သား​စု​တစ်​စု​လျှင် သိုး​က​လေး​သို့​မ​ဟုတ် ဆိတ်​က​လေး​တစ်​ကောင်​ကျ​စီ​ရွေး​ယူ​ရ​မည်။- အ​ကယ်​၍​မိ​မိ​၏​မိ​သား​စု​သည်​သိုး​က​လေး တစ်​ကောင် သို့​မ​ဟုတ်​ဆိတ်​က​လေး​တစ်​ကောင် လုံး​ကို​စား​၍​မ​ကုန်​နိုင်​လျှင် အိမ်​နီး​ချင်း မိ​သား​စု​နှင့်​ပေါင်း​စပ်​၍​လူ​တစ်​ယောက်​စား နိုင်​သ​မျှ စား​မည့်​သူ​ဦး​ရေ​ကို​တွက်​ချက် ကာ​တိ​ရစ္ဆာန်​တစ်​ကောင်​ကို​စား​သုံး​ရ​မည်။- သင်​တို့​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ရွေး​ယူ နိုင်​သည်၊ သို့​သော်​ထို​တိ​ရစ္ဆာန်​သည်​အ​ပြစ်​အ​နာ ကင်း​သော​တစ်​နှစ်​သား​အ​ထီး​ဖြစ်​ရ​မည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​သား​ကောင် များ​ကို​ထိန်း​ကျောင်း​ထား​ပြီး​လျှင် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​ည​ဦး​ပိုင်း​၌​ယင်း​သား ကောင်​တို့​ကို​သတ်​ရ​မည်။- ထို​နောက်​အ​သား​ကို​စား​သုံး​သူ​များ​နေ​ထိုင် ရာ​အိမ်​၏​တံ​ခါး​ထုပ်​နှင့်​တံ​ခါး​တိုင်​နှစ်​တိုင် တို့​တွင် ထို​သား​ကောင်​၏​သွေး​ကို​သုတ်​လိမ်း ရ​မည်။- ထို​ည​တွင်​အ​သား​ကို​မီး​ကင်​၍​တ​ဆေး​မဲ့ မုန့်၊ ခါး​သော​အ​ရွက်​တို့​နှင့်​စား​ရ​ကြ​မည်။- အ​သား​ကို​အ​စိမ်း​လိုက်​ဖြစ်​စေ၊ ပြုတ်​၍​ဖြစ် စေ​မ​စား​ရ။ တိ​ရစ္ဆာန်​၏​ဦး​ခေါင်း၊ ခြေ​လက်၊ ဝမ်း တွင်း​သား​နှင့်​တ​ကွ​တစ်​ကောင်​လုံး​ကို​မီး​ကင် ရ​မည်။- နံ​နက်​တိုင်​အောင်​အ​သား​အ​ကြွင်း​အ​ကျန် မ​ရှိ​စေ​ရ။ အ​ကြွင်း​အ​ကျန်​ရှိ​ခဲ့​လျှင်​မီး ရှို့​ပစ်​ရ​မည်။- သင်​တို့​သည်​ခါး​ကို​စည်း​၍​ဖိ​နပ်​ကို​စီး လျက်​လက်​ထဲ​တွင်​တောင်​ဝှေး​ကို​ကိုင်​ပြီး​လျှင် ထို​အ​သား​ကို​အ​လျင်​အ​မြန်​စား​ကြ​ရ​မည်။ ထို​ပွဲ​တော်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပသခါ ပွဲ​တော်​ဖြစ်​၏။ ``ထို​နေ့​ည​တွင်​ငါ​သည် အီ​ဂျစ်​ပြည်​ကို​ဖြတ် သန်း​ကြွ​သွား​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​သား​ဦး ရှိ​သ​မျှ​တို့​ကို​သေ​ဒဏ်​ခတ်​၍ အီ​ဂျစ်​ပြည် ရှိ​ဘု​ရား​အ​ပေါင်း​တို့​ကို​ဒဏ်​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။- သင်​တို့​နေ​ထိုင်​ရာ​အိမ်​တံ​ခါး​တိုင်​တို့​တွင် သုတ်​လိမ်း​ထား​သော​သွေး​သည်​အ​မှတ်​အ​သား ဖြစ်​လိမ့်​မည်။ ငါ​သည်​သွေး​ကို​မြင်​ရ​သော​အ​ခါ သင်​တို့​အိမ်​ကို​ကျော်​လွန်​သွား​မည်။ သို့​ဖြစ်​၍ ငါ​သည်​အီ​ဂျစ်​ပြည်​ကို​ဒဏ်​ခတ်​သော​အ​ခါ သင်​တို့​သည်​၎င်း​ဒဏ်​မှ​လွတ်​ကင်း​ကြ​လိမ့် မည်။- ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​သည့်​အ​မှု​ကို​သ​တိ​ရ ရန် ဤ​နေ့​ရက်​ကို​ပွဲ​တော်​နေ့​အ​ဖြစ်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​သည်​ထို​နေ့​ကို​ဘု​ရား ပွဲ​တော်​နေ့​အ​ဖြစ်​ထာ​ဝ​စဉ်​ကျင်း​ပ​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ခု​နစ်​ရက် ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။ တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်။ ပ​ထ​မ နေ့​တွင်​သင်​တို့​၏​အိမ်​များ​မှ​တ​ဆေး​ကို ဖယ်​ရှား​ရ​မည်။ ထို​ခု​နစ်​ရက်​အ​တွင်း​၌​တစ် စုံ​တစ်​ယောက်​သော​သူ​သည် တ​ဆေး​ပါ​သော မုန့်​ကို​စား​မိ​လျှင်​ထို​သူ​သည်​ငါ​၏​လူ​မျိုး တော်​မှ​အ​ပယ်​ခံ​ရ​မည်။- ပ​ထ​မ​နေ့​နှင့်​သတ္တမ​နေ့​၌​ဝတ်​ပြု​အ​စည်း အ​ဝေး​ကို​ကျင်း​ပ​ရ​မည်။ ထို​နေ့​ရက်​များ တွင်​စား​စ​ရာ​ပြင်​ဆင်​ခြင်း​အ​လုပ်​မှ​တစ် ပါး​အ​ခြား​အ​လုပ်​မ​လုပ်​ရ။- ငါ​သည်​ထို​နေ့​တွင်​သင်​တို့​ဗိုလ်​ခြေ​များ​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သည်​ဖြစ်​ခြင်း ကြောင့် ဤ​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ထာ​ဝ စဉ်​ကျင်း​ပ​ကြ​လော့။

ထွက်မြောက်ရာ 12:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အီဂျစ်​ပြည်​၌ ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား “​ဤ​လ​သည် သင်​တို့​အတွက် ပထမ​လ​၊ နှစ်​၏​ပထမ​လ​ဖြစ်​ရ​မည်​။ အစ္စရေး​လူထု​အပေါင်း​တို့​အား ‘​ဤ​လ​ဆယ်​ရက်​နေ့​၌ လူတိုင်း မိမိ​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် အိမ်ထောင်စု​တစ်စု​လျှင် သိုးသငယ်​တစ်ကောင်စီ ယူ​ရ​မည်​။ အကယ်၍ မိသားစု​နည်း​သဖြင့် သိုးသငယ်​တစ်​ကောင်​ကို စားမကုန်​လျှင် သူ​သည် အနီးဆုံး​အိမ်နီးချင်း​နှင့်​ပေါင်း​၍ လူ​ဦးရေ​အလိုက် မိမိ​တို့​အသီးသီး​စား​နိုင်​သည့်​ပမာဏ​နှင့်အညီ သိုးသငယ်​တစ်​ကောင်​ကို ချိန်ဆ​ပြီး​ယူ​ရ​မည်​။ သင်​တို့​ယူ​သော​အကောင်​သည် အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ်​အထီး​ဖြစ်​ရ​မည်​။ သိုး​၊ သို့မဟုတ် ဆိတ်​တို့​ထဲမှ ယူ​နိုင်​၏​။ ထို​သိုးသငယ်​ကို ဤ​လ​တစ်ဆယ့်​လေး​ရက်​တိုင်အောင် သင်​တို့​ထံ၌ ထိန်းသိမ်းစောင့်ရှောက်​ထား​ပြီး အစ္စရေး​လူထု​အစုအဝေး​အပေါင်း​တို့​သည် နေဝင်ချိန်​၌​သတ်​၍ သွေး​ကို​ယူ​ပြီးလျှင် သိုးသငယ်​ကို​စား​သော​သူ​တို့​နေ​သော​အိမ်​များ​၏​တံခါးတိုင်​နှစ်​ဖက်​နှင့် တံခါးထုပ်​တို့​၌ သုတ်လိမ်း​ရ​မည်​။ ဤ​ည​၌ပင် အသား​ကို​မီး​ကင်​၍ တဆေးမဲ့မုန့်​နှင့်​ခါး​သော​ဟင်းရွက်​တို့​ဖြင့် စား​ရ​မည်​။ အစိမ်းလိုက်​ဖြစ်စေ​၊ ရေ​ဖြင့်​ပြုတ်​၍​ဖြစ်စေ မ​စား​ရ​။ ဦးခေါင်း​နှင့်တကွ ခြေထောက်​နှင့် အူ​တို့​ကို မီး​ကင်​ပြီးမှ​စား​ရ​မည်​။ နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။ နံနက်​တိုင်အောင်​ကြွင်းကျန်​လျှင် မီး​ရှို့​ပစ်​ရ​မည်​။ သင်​တို့ အဘယ်သို့​စား​ရ​မည်နည်း​ဟူမူကား သင်​တို့​၏​ခါး​ကို​စည်း​လျက်​၊ ခြေ​၌​ဖိနပ်​ကို​စီး​လျက်​၊ လက်​ထဲ၌​တောင်ဝှေး​ကို​ကိုင်​လျက် အလျင်အမြန်​စား​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​၏​ပသခါပွဲတော်​ဖြစ်​၏​။ ဤ​ည​တွင် ငါ​သည် အီဂျစ်​ပြည်​ကို​ဖြတ်သွား​၍ အီဂျစ်​ပြည်​၌​ရှိ​သော လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် သားဦး​အပေါင်း​တို့​ကို​ဒဏ်ခတ်​မည်​။ ငါ​သည် အီဂျစ်​ဘုရား​ရှိသမျှ​တို့​ကို​လည်း အပြစ်ဒဏ်​ပေး​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ သွေး​သည် သင်​တို့​နေ​သော​အိမ်​များ​၌ သင်​တို့​အတွက် အမှတ်လက္ခဏာ​ဖြစ်​လိမ့်မည်​။ ငါ​သည် ထို​သွေး​ကို​မြင်​သောအခါ သင်​တို့​ကို​ကျော်သွား​မည်​။ အီဂျစ်​ပြည်​ကို ငါ​ဒဏ်ခတ်​သောအခါ ဖျက်ဆီး​ခြင်း​ဘေးဒဏ်​သည် သင်​တို့​အပေါ်​သို့ သက်ရောက်​မည်​မ​ဟုတ်​။ ဤ​နေ့​သည် သင်​တို့​အတွက် အောက်မေ့ဖွယ်​နေ့​ဖြစ်​၏​။ ဤ​နေ့​တွင် ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။ ထို​ပွဲတော်​ကို အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​အဖြစ် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် ကျင်းပ​ရ​မည်​။ ခုနစ်​ရက်​ပတ်လုံး​တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ ပထမ​နေ့​၌​ပင် တဆေး​ကို သင်​တို့​၏​အိမ်​များ​မှ ဖယ်ရှား​ရ​မည်​။ အကြောင်းမူကား ပထမ​နေ့​မှစ၍ သတ္တမ​နေ့​တိုင်အောင် တဆေးပါသောမုန့်​ကို​စား​သော​သူ​တိုင်း အစ္စရေး​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သင်​တို့​သည် ပထမ​နေ့​နှင့်​သတ္တမ​နေ့​၌ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြုလုပ်​ရ​မည်​။ ထို​နေ့​တို့​၌ လူ​တိုင်း စားစရာ​များ​ကို​ချက်ပြုတ်​ခြင်း​မှတစ်ပါး အခြား​မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။ ဤ​နေ့​၌ သင်​တို့​လူစု​ကို အီဂျစ်​ပြည်​ထဲမှ ငါ​ထုတ်ဆောင်​လာ​ခဲ့​သည်​ဖြစ်၍ ဤ​နေ့​၌ တဆေးမဲ့မုန့်ပွဲတော်​ကို သင်​တို့​ကျင်းပ​ရ​မည်​။ ဤ​နေ့​ကို အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​အဖြစ် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် စောင့်ထိန်း​ရ​မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။