ကောလောသဲ 2:6-15
ကောလောသဲ 2:6-15 Judson Bible (JBMLE)
ထိုကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်း ရှိလျက်၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊- ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွားပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့။ ခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသော ပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှာ သတိပြုကြလော့။- အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။- အထွတ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။- ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊- ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။- ဒုစရိုက်အပြစ်၌လည်းကောင်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌လည်းကောင်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။- ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။- အထွတ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ။
ကောလောသဲ 2:6-15 Common Language Bible (BCL)
သင်တို့သည်ခရစ်တော်ယေရှုအားအရှင် သခင်အဖြစ်လက်ခံခဲ့ကြသဖြင့် ကိုယ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်အသက် ရှင်ကြလော့။- သွန်သင်ခြင်းကိုခံရသည်အတိုင်းကိုယ်တော် ၌နက်နဲစွာအမြစ်စွဲလျက်ကိုယ်တော်အပေါ်၌ မိမိတို့ဘဝကိုတည်ဆောက်ကာသင်တို့၏ ယုံကြည်ခြင်းကိုပို၍ခိုင်မြဲစေကြလော့။ ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြလော့။ ခရစ်တော်ထံမှမဟုတ်ဘဲလူတို့၏ထုံးတမ်း စဉ်လာမှလည်းကောင်း၊ စကြဝဠာကို အစိုးရ သည့်ဝိညာဉ်များမှလည်းကောင်း၊ လက်ဆင့်ကမ်း သည့်အချည်းနှီးသောလူပညာပရိယာယ်ဖြင့် အဘယ်သူမျှသင်တို့အားကျွန်ဘဝသို့ မသက်ဆင်းစေရန်သတိပြုကြလော့။- လူ့ဇာတိအဖြစ်နှင့်လောကတွင်သက်တော် ထင်ရှားရှိတော်မူစဉ်အခါက ခရစ်တော်၌ ဘုရားဇာတိတော်အပြည့်အဝကိန်းအောင်း တော်မူပေသည်။- သင်တို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသောအသက်ကိုရရှိ ကြ၏။ ထိုအရှင်ကားဝိညာဉ်ရေးဆိုင်ရာတန်ခိုး ရှင်များနှင့်အာဏာပိုင်အပေါင်းတို့ကိုအစိုးရ တော်မူသတည်း။ ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လာကြ သောအခါ သင်တို့ဇာတိသဘောတရားမှ လွတ်မြောက်ခြင်းတည်းဟူသောခရစ်တော်၏ အရေဖျားလှီးမင်္ဂလာကိုခံယူကြပေသည်။ ဤအရေဖျားလှီးမင်္ဂလာကားကာယနှင့် ဆိုင်သောအရေဖျားလှီးခြင်းမဟုတ်။- သင်တို့သည်ဗတ္တိဇံခံသောအခါကိုယ်တော်နှင့် အတူမြှုပ်နှံခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၌ ရှင်ပြန်ထမြောက်စေနိုင်သော တန်ခိုးတော်ကိုသင်တို့ယုံကြည်ကြသောကြောင့် ကိုယ်တော်နှင့်အတူရှင်ပြန်ထမြောက်ကြ၏။ သင်တို့သည်အခါတစ်ပါးကအပြစ်ကူး သူများဖြစ်ကြသောကြောင့်လည်းကောင်း၊ ပညတ် တရားမခံယူသောလူမျိုးခြားဖြစ်သော ကြောင့်လည်းကောင်း ဝိညာဉ်ရေးအရသေသူ များဖြစ်ကြ၏။ သို့ရာတွင်ဘုရားသခင်သည် သင်တို့အား ခရစ်တော်နှင့်အတူအသက်ရှင် စေတော်မူ၏။ ဘုရားသခင်သည်ငါတို့၏ အပြစ်ဟူသမျှကိုဖြေလွှတ်တော်မူ၍၊- ငါတို့၏အပြစ်ကြွေးစာရင်းကိုလည်းကောင်း၊ ၎င်းနှင့်ဆိုင်သောဥပဒေစည်းကမ်းများကို လည်းကောင်း၊ လက်ဝါးကပ်တိုင်တွင်ရိုက်ခြင်း အားဖြင့်ပယ်ဖျက်တော်မူသည်။- ထိုလက်ဝါးကပ်တိုင်ပေါ်တွင်ခရစ်တော်သည် ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များနှင့်အာဏာ ပိုင်အပေါင်းတို့၏တန်ခိုးအာဏာကိုပယ်ရှား တော်မူပြီးနောက် ၎င်းတို့ကိုသုံ့ပန်းများအဖြစ် အောင်ပွဲလှည့်ရာတွင်နောက်မှလိုက်ပါစေကာ လူအပေါင်းတို့အားပြတော်မူ၏။
ကောလောသဲ 2:6-15 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ကြောင့် သင်တို့သည် သခင်ခရစ်တော်ယေရှုကို လက်ခံကြသည်နှင့်အညီ ထိုသခင်၌ အသက်ရှင်လျှောက်လှမ်းကြလော့။ ကိုယ်တော်၌အမြစ်တွယ်၍ တည်ဆောက်ခြင်းခံရကာ သင်တို့သင်ယူခဲ့သည့်အတိုင်း ယုံကြည်ခြင်း၌တည်မြဲလျက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ပြည့်စုံကြလော့။ ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။ သင်တို့သည် အုပ်ချုပ်မှုနှင့်အာဏာစက်ရှိသမျှတို့၏ဦးခေါင်းဖြစ်တော်မူသော ထိုသခင်အားဖြင့် ပြည့်စုံခြင်းသို့ရောက်ကြပြီး ခရစ်တော်နှင့်ဆိုင်သောအရေဖျားလှီးခြင်းအားဖြင့် သွေးသားဇာတိနှင့်ဆိုင်သောကိုယ်ခန္ဓာကိုချွတ်ပယ်၍ လူ့လက်ဖြင့်မဟုတ်သောအရေဖျားလှီးခြင်းကို ထိုသခင်၌ခံယူကြ၏။ သင်တို့သည် ဗတ္တိဇံအားဖြင့် ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလျက် ခရစ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားသခင်၏တန်ခိုးတော်ကို ယုံကြည်သောအားဖြင့် ထိုသခင်နှင့်အတူ ထမြောက်စေခြင်းကိုခံရကြ၏။ ကျူးလွန်သောအပြစ်များနှင့် ကိုယ်ကာယ၏အရေဖျားမလှီးခြင်းအဖြစ်၌ သေနေသောသင်တို့ကို ဘုရားသခင်သည် ခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူ၍ ငါတို့ကျူးလွန်သောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပြီး ငါတို့ကိုဆန့်ကျင်၍အပြစ်ရှာတတ်သောစည်းမျဉ်းများပါသည့် ကတိခံဝန်ချက်ကို ပယ်ဖျက်ကာ ၎င်းကို လက်ဝါးကပ်တိုင်ပေါ်၌ရိုက်ထားလျက် ဖယ်ရှားတော်မူ၏။ အုပ်ချုပ်မှုများနှင့်အာဏာစက်များကိုလည်း အစွမ်းမဲ့စေ၍ လက်ဝါးကပ်တိုင်အားဖြင့် ၎င်းတို့ကို အောင်ပွဲခံပြီး အများတကာရှေ့တွင် ထင်ရှားစွာအရှက်ကွဲစေတော်မူ၏။