ကောလောသဲ 1:1-29
ကောလောသဲ 1:1-29 Judson Bible (JBMLE)
ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊- ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ သင်တို့သည် ယေရှုခရစ်ကိုယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်လည်းကောင်း၊ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည် အထက်က ကြားသိကြသည်အတိုင်း၊ သင်တို့အဖို့ ကောင်းကင်ဘုံ၌ သိုထားသော မျှော်လင့်ရာကို ထောက်သဖြင့်လည်းကောင်း၊ သင်တို့အဖို့ အစဉ်မပြတ်ဆုတောင်း၍၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။- ထိုတရားသည် လောကီနိုင်ငံတစ်လျှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွားခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။- သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည် ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန်စွာ ဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။- သင်တို့၌ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ။ ထိုကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဖို့ အလိုငှာ အစဉ်မပြတ် ဆုတောင်းပတ္ထနာပြုလျက် နေကြ၏။ ဆုတောင်းသောအချက် ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့်အမျိုးမျိုးတည်း ဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသော ဉာဏ်တိုးပွားခြင်းရှိသဖြင့်လည်းကောင်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှာ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့်လည်းကောင်း၊ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှာ၊ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။- အလင်း၌နေသော သန့်ရှင်းသူတို့၏အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။- မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။- ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။- အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့ အလိုငှာလည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။- သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။- အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်း ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှာ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။- အကြောင်းမူကား၊ ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှာလည်းကောင်း၊- လက်ဝါးကပ်တိုင်မှာ သွန်းသော အသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့စေခြင်းငှာလည်းကောင်း အလိုရှိတော်မူ၏။ အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓာတော်၌ အသေခံတော်မူသော အားဖြင့်၊ ယခု မိတ်သဟာယဖွဲ့စေတော်မူ၏။- အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မျှော်လင့်ခြင်းမှ မရွေ့လျော့ဘဲ၊ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။ ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဖို့အလိုငှာ ဆင်းရဲခံခြင်း၌ ယခုဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဖို့ အလိုငှာ ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏။- ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အား ဖော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှာ၊ သင်တို့အကျိုးကို ထောက်၍၊ ငါ့အား အပ်ပေးတော်မူသော ဘုရားသခင်၏ သာသနာတော်နှင့်အညီ၊ ငါသည် အသင်းတော်၌ ဓမ္မဆရာ၏ အဖြစ်သို့ရောက်ရပြီ။- တစ်ပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက်ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှာ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မျှော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။- ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှာ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏။- ထိုသို့အလိုငှာ ငါသည် အမှုဆောင်ရွက်၍၊ ငါ၌တန်ခိုးတော် ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။
ကောလောသဲ 1:1-29 Common Language Bible (BCL)
ဘုရားသခင်၏အလိုတော်နှင့်အညီခရစ် တော်ယေရှု၏တမန်တော်ဖြစ်သူ ငါပေါလု နှင့်ငါတို့၏ညီတိမောသေထံမှ၊- ကောလောသဲမြို့ရှိဘုရားသခင်၏လူစုတော် ဝင်များဖြစ်သူ၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ခရစ်တော်ကိုသစ္စာရှိသူညီ အစ်ကိုများထံသို့စာရေးလိုက်ပါသည်။ သင် တို့သည်ငါတို့အဖဘုရားသခင်ထံတော် မှကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ကြရပါစေသော။ ငါတို့သည်သင်တို့အတွက်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်းငါတို့သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်း၏။- အဘယ်ကြောင့်ဆိုသော်သင်တို့သည်ခရစ်တော် ယေရှုကိုယုံကြည်၍ ဘုရားသခင်၏လူစုတော် ဝင်အပေါင်းတို့အားချစ်ကြသည်ကိုငါတို့ ကြားသိရသောကြောင့်ဖြစ်ပေသည်။- သမ္မာတရားတည်းဟူသောသတင်းကောင်းကို သင်တို့ပထမဆုံးအကြိမ်ကြားနာရသော အခါ မျှော်လင့်ရာအကြောင်းကိုသင်တို့ကြား သိရကြ၏။ သို့ဖြစ်၍သင်တို့၏ယုံကြည်ခြင်း နှင့်ချစ်ခြင်းသည်ကောင်းကင်ဘုံ၌ သင်တို့အဖို့ လုံခြုံစွာလျာထားသည့်မျှော်လင့်ရာအပေါ် တွင်မူတည်လျက်နေ၏။- သင်တို့သည်ဘုရားသခင်၏ကျေးဇူးတော် အကြောင်းကိုကြားရပြီးသည့်နေ့မှစ၍ ထို ကျေးဇူးတော်ကိုအမှန်သိမြင်ခံစားရကြ သည်နှင့်အမျှသတင်းကောင်းသည် သင်တို့ ထံသို့ပျံ့နှံ့၍လာပေသည်။ ထိုနည်းတူစွာ သတင်းကောင်းသည်ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ ကောင်းချီးမင်္ဂလာများခံစားစေ လျက်ရှိပေသည်။- ဘုရားသခင်၏ကျေးဇူးတော်အကြောင်း ကိုသင်တို့အားသင်ကြားပေးသူမှာ ငါတို့ နှင့်အတူခရစ်တော်၏အမှုတော်ကိုထမ်း ဆောင်သူ၊ ငါတို့ချစ်မြတ်နိုးသူဧပဖြဖြစ်၏။ သူသည်ငါတို့၏ကိုယ်စားသစ္စာရှိစွာခရစ် တော်၏အမှုတော်ကိုထမ်းဆောင်သူဖြစ် ပေသည်။- ဝိညာဉ်တော်မှရရှိသောသင်တို့၏မေတ္တာ အကြောင်းကိုငါတို့အားသူပြောပြ၏။ သို့ဖြစ်ခြင်းကြောင့်သင်တို့၏သတင်းကိုကြား ရသည့်နေ့မှစ၍ ငါတို့သည်သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေ၏။ သင်တို့သည်ဝိညာဉ်တော်ချပေးတော်မူသော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့် ဘုရားသခင် ၏အလိုတော်ကိုကောင်းစွာသိရှိကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းကြ ပါ၏။- သို့မှသာအစဉ်အမြဲသခင်ဘုရားနှစ်သက် တော်မူစေရန်လည်းကောင်း၊ ကိုယ်တော်၏ဘုန်း အသရေတော်ထွန်းတောက်စေရန်လည်းကောင်း သင်တို့ပြုမူကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်း သို့ပြုမူကျင့်ကြံသဖြင့် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသောအသီး အပွင့်များကိုဖြစ်ထွန်းစေကြလိမ့်မည်။ ဘုရားသခင်ကိုလည်းတိုး၍သိကျွမ်း လာကြလိမ့်မည်။- သင်တို့သည်အရာခပ်သိမ်းကိုစိတ်ရှည်စွာ ခံနိုင်ရည်ရှိစေရန် ဘုရားသခင်၏ဘုန်း ကြီးသောတန်ခိုးတော်မှရရှိသည့်စွမ်းရည် အမျိုးမျိုးဖြင့်ရပ်တည်နိုင်ကြပါစေသော။ ထိုမှတစ်ပါးလည်းအလင်းနိုင်ငံတော်တွင် ကိုယ်တော်၏လူစုတော်အတွက်လျာထား သည့်ကောင်းချီးမင်္ဂလာများကို သင်တို့ အားခံစားထိုက်သူများဖြစ်စေတော်မူ သော အဖဘုရားသခင်၏ကျေးဇူးတော် ကိုဝမ်းမြောက်စွာချီးမွမ်းနိုင်ကြပါစေ သော။- ကိုယ်တော်သည်ငါတို့အားမှောင်မိုက်၏ တန်ခိုးမှကယ်နုတ်တော်မူ၍ မိမိချစ်မြတ် နိုးတော်မူသောသားတော်၏နိုင်ငံတော်ထဲ သို့ခေါ်သွင်းတော်မူ၏။- ဘုရားသခင်သည်ထိုသားတော်အားဖြင့်ငါ တို့ကိုလွတ်မြောက်စေတော်မူပြီ။ တစ်နည်း အားဖြင့်ငါတို့၏အပြစ်များကိုဖြေလွှတ် တော်မူပြီ။ ခရစ်တော်သည်မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်တော်မူ၏။ ကိုယ်တော်သည်သားဦးဖြစ်သဖြင့်အဖန် ဆင်းခံအရာအပေါင်းတို့ထက်ကြီးမြတ် တော်မူပေသည်။- အဘယ်ကြောင့်ဆိုသော်ထိုသားတော်အားဖြင့် ဘုရားသခင်သည်ကောင်းကင်လောကရှိတန် ခိုးရှင်များနှင့် အာဏာပိုင်များအပါအဝင် ကောင်းကင်နှင့်ကမ္ဘာမြေပေါ်ရှိမျက်စိဖြင့် မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာ ဟူသမျှကိုဖန်ဆင်းတော်မူသောကြောင့် တည်း။ ဘုရားသခင်သည်ထိုသခင်၏ အဖို့အလို့ငှါထိုသခင်အားဖြင့်စကြ ဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူ၏။- ခရစ်တော်သည်ခပ်သိမ်းသောအရာတို့မပေါ် ပေါက်မီကပင်ရှိနေတော်မူ၏။ ခပ်သိမ်းသော အရာတို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်စနစ်တကျတည် လျက်ရှိ၏။- ကိုယ်တော်သည်အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၏။ ကိုယ် တော်ထံမှကိုယ်ခန္ဓာတော်အသက်ကိုရရှိ၏။ ထိုအရှင်သည်သားဦးဖြစ်၍သေခြင်းမှ ဦးစွာပထမရှင်ပြန်ထမြောက်တော်မူ သဖြင့် အရာခပ်သိမ်းတို့၏အထွတ်အထိပ် အဖြစ်ကိုခံယူတော်မူပေသည်။- ဘုရားသခင်၏အလိုတော်အရ၊ သားတော် သည်ဘုရားဇာတိကိုအပြည့်အဝခံယူ တော်မူ၏။- သို့ဖြစ်၍ဘုရားသခင်သည်သားတော်အား ဖြင့်စကြဝဠာတစ်ခုလုံးကို မိမိထံပြန် လာစေရန်ဆုံးဖြတ်တော်မူ၏။ သားတော်ကို လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံစေတော် မူခြင်းအားဖြင့်ရန်ကိုငြိမ်းစေတော်မူ၏။ ဤနည်းအားဖြင့်ကမ္ဘာမြေကြီးနှင့်ကောင်း ကင်တွင်ရှိသမျှသောအရာတို့အားမိမိ ထံပြန်လာစေတော်မူ၏။ အခါတစ်ပါးကသင်တို့သည်ဘုရားသခင် နှင့်ဝေးကွာလျက်နေခဲ့ကြ၏။ သင်တို့သည် မိမိတို့၏ဆိုးညစ်သည့်အကျင့်အကြံများ ကြောင့်ကိုယ်တော်နှင့်ရန်ဘက်ဖြစ်ခဲ့ကြပေသည်။- သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူ့ဇာတိကိုခံယူသောသားတော်အားအသေ ခံစေတော်မူသောအားဖြင့် သင်တို့အားမိမိနှင့် မိတ်ဆွေဖြစ်ခွင့်ကိုပေးတော်မူလေပြီ။ ယင်းသို့ ပြုတော်မူခြင်းမှာသင်တို့သည်ဖြူစင်သန့်ရှင်း မြင့်မြတ်လျက် အပြစ်ဆိုဖွယ်မရှိဘဲရှေ့တော် မှောက်သို့ဝင်ရောက်နိုင်ကြရန်ပင်ဖြစ်သည်။- သို့ရာတွင်သင်တို့သည်မိမိတို့၏ယုံကြည် ခြင်းကို အုတ်မြစ်ကဲ့သို့ခိုင်မာစေရန်ဆက် လက်ထိန်းသိမ်းရကြမည်။ သင်တို့သည်သတင်း ကောင်းကိုကြားသိရစဉ်အခါကရရှိခဲ့ သောမျှော်လင့်ခြင်းမှမယိမ်းမယိုင်စေနှင့်။ ကမ္ဘာအနှံ့အပြားသို့ရောက်ရှိပြီးဖြစ်သော ထိုသတင်းကောင်းအတွက်အစေခံကား ငါပေါလုပင်ဖြစ်သည်။ ငါသည်သင်တို့အတွက်ဆင်းရဲဒုက္ခခံရ၍ဝမ်း မြောက်ပါ၏။ ခရစ်တော်သည်မိမိ၏ကိုယ်ခန္ဓာ တည်းဟူသောအသင်းတော်အတွက်ခံရန်ကျန် ရှိနေသည့်ဆင်းရဲဒုက္ခများကိုငါကူညီ၍ ဖြည့်စွက်ပေး၏။- သင်တို့၏အကျိုးငှာဘုရားသခင်သည်ငါ့ အားအသင်းတော်၏အမှုတော်ဆောင်အဖြစ် ခန့်ထားတော်မူပေသည်။ ငါ့အားပေးအပ်တော် မူသောအလုပ်တာဝန်မှာနှုတ်ကပတ်တရား တော်ကိုအကုန်အစင်ကြေညာရန်ပင်ဖြစ်၏။- ကိုယ်တော်သည်ထိုနက်နဲရာကိုကမ္ဘာမြေပေါ် ရှိလူသားအပေါင်းတို့အား လွန်ခဲ့သောခေတ် ကာလများတွင်သိခွင့်ပေးတော်မမူခဲ့သော် လည်း ယခုအခါမိမိ၏လူစုတော်အား ဖော်ပြတော်မူလေပြီ။- ဘုရားသခင်၏အကြံအစည်တော်မှာလူမျိုး တကာတို့အတွက်ကြွယ်ဝ၍ ဘုန်းအသရေနှင့် ပြည့်စုံသောနက်နဲသည့်အရာအကြောင်းကို မိမိ လူစုတော်အားသိစေရန်ပင်ဖြစ်၏။ ဤနက်နဲ သောအရာကားခရစ်တော်သည်သင်တို့စိတ် အတွင်း၌ကျိန်းဝပ်တော်မူကြောင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော်သင်တို့သည်ဘုရား သခင်နှင့်အတူဘုန်းအသရေတော်ကို ခံစားရမည်ဖြစ်ကြောင်းတည်း။- သို့ဖြစ်၍ငါတို့သည်လူအပေါင်းတို့အား ခရစ်တော်၏အကြောင်းတော်ကိုဟောပြော ကြ၏။ လူတိုင်းအားရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရှိ ရန်ပို့ဆောင်နိုင်အံ့သောငှာ ငါတို့သည်ဉာဏ် ပညာရှိသမျှဖြင့်လူတိုင်းကိုသတိပေး သွန်သင်ကြ၏။- ဤတာဝန်လုပ်ငန်းကိုငါကြိုးပမ်းလုပ်ဆောင် လျက်ရှိစဉ်ခရစ်တော်သည် ငါ့အားကြီးမား သောတန်ခိုးစွမ်းရည်ကိုပေးတော်မူသည်။ ထို တန်ခိုးစွမ်းရည်သည်ငါ၏အထဲ၌လုပ် ဆောင်လျက်ရှိ၏။
ကောလောသဲ 1:1-29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် ကောလောသဲမြို့တွင်နေကြသည့် သန့်ရှင်းသူများတည်းဟူသော ခရစ်တော်၌ရှိသောသစ္စာရှိသည့်ညီအစ်ကိုများထံသို့ စာရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့သည် သင်တို့အတွက် အစဉ်အမြဲဆုတောင်းလျက် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်တည်းဟူသော ဘုရားသခင်ကို ကျေးဇူးတင်ကြ၏။ အကြောင်းမှာ ခရစ်တော်ယေရှုအပေါ်၌ရှိသောသင်တို့၏ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့အပေါ် သင်တို့ထားရှိသည့် ချစ်ခြင်းမေတ္တာအကြောင်းကို ငါတို့ကြားရသောကြောင့်ဖြစ်၏။ ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့သည် သင်တို့အတွက် ကောင်းကင်ဘုံ၌သိုမှီးထားသော မျှော်လင့်ခြင်းကြောင့်ဖြစ်ပေါ်လာ၍ ထိုမျှော်လင့်ခြင်းအကြောင်းကို သင်တို့ထံသို့ရောက်လာသည့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော သမ္မာတရား၏နှုတ်ကပတ်တော်၌ သင်တို့ကြားခဲ့ရကြပြီ။ ထိုသတင်းသည် ကမ္ဘာတစ်ဝန်းလုံး၌ အသီးသီးကာ တိုးပွားလျက်ရှိသကဲ့သို့ ၎င်းကိုသင်တို့ကြားနာလျက် ဘုရားသခင်၏ကျေးဇူးတော်ကို မှန်ကန်စွာသိရှိရသောနေ့မှစ၍ သင်တို့ထဲ၌လည်း အသီးသီးကာ တိုးပွားလျက်ရှိ၏။ သင်တို့သည် ထိုသတင်းကို ငါတို့၏အစေအပါးချင်းဖြစ်သည့် ချစ်ရသောဧပဖြထံမှ ကြားသိခဲ့၏။ သူသည် သင်တို့အတွက် ခရစ်တော်၏ သစ္စာရှိသောအမှုတော်ဆောင်ဖြစ်၍ ဝိညာဉ်တော်အားဖြင့်ဖြစ်လာသော သင်တို့၏ချစ်ခြင်းမေတ္တာအကြောင်းကို ငါတို့အားပြောပြ၏။ ထို့ကြောင့် ငါတို့သည်လည်း ကြားရသည့်နေ့မှစ၍ သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းလျက် သင်တို့သည် ဝိညာဉ်ရေးဆိုင်ရာဉာဏ်ပညာနှင့် တတ်သိနားလည်မှုအလုံးစုံတို့ဖြင့် ဘုရားသခင်၏အလိုတော်ကိုသိသောဉာဏ်နှင့်ပြည့်ဝ၍ ကောင်းသောအမှုအမျိုးမျိုးတည်းဟူသော အသီးကိုသီးကာ ဘုရားသခင်ကိုသိသောဉာဏ်၌ကြီးထွားသဖြင့် အရာရာ၌ သခင်ဘုရားကိုနှစ်သက်စေ၍ ကိုယ်တော်နှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းနိုင်မည့်အကြောင်း တောင်းလျှောက်ကြ၏။ ထို့ပြင် သင်တို့သည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါနှင့်အညီ တန်ခိုးတော်ရှိသမျှတို့ဖြင့် အားဖြည့်ခြင်းကိုခံရလျက် သည်းခံခြင်းနှင့်စိတ်ရှည်ခြင်းအပြည့်အဝရှိသဖြင့် သင်တို့ကို အလင်းထဲ၌ရှိသော သန့်ရှင်းသူများ၏ဝေစု၌ပါဝင်ရန် ထိုက်တန်သူဖြစ်စေတော်မူသောခမည်းတော်ကို ဝမ်းမြောက်သောစိတ်နှင့် ကျေးဇူးတင်ကြမည့်အကြောင်း တောင်းလျှောက်ကြ၏။ ခမည်းတော်သည် ငါတို့ကို မှောင်မိုက်ခြင်း၏အာဏာစက်မှ ကယ်နုတ်၍ မိမိချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ရွှေ့ပြောင်းပို့ဆောင်တော်မူ၏။ ငါတို့သည် ထိုသားတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ရရှိကြ၏။ သားတော်သည် မမြင်ရသောဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဖန်ဆင်းတော်မူသောအရာအားလုံးတို့တွင် သားဦးဖြစ်တော်မူ၏။ အကြောင်းမူကား ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ရှိသမျှသောမြင်ရသည့်အရာနှင့်မမြင်ရသည့်အရာများ၊ ရာဇပလ္လင်များဖြစ်စေ၊ စိုးပိုင်ခွင့်များဖြစ်စေ၊ အုပ်ချုပ်မှုများဖြစ်စေ၊ အာဏာစက်များဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်းခံရ၏။ ခပ်သိမ်းသောအရာတို့သည် သားတော်အားဖြင့်လည်းကောင်း၊ သားတော်အတွက်လည်းကောင်း ဖန်ဆင်းခြင်းခံရ၏။ သားတော်သည် ခပ်သိမ်းသောအရာတို့ထက် အလျင်ဦးစွာရှိနှင့်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၌စုပေါင်းတည်ရှိကြ၏။ ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့၌ အထွတ်အထိပ်ဖြစ်မည့်အကြောင်း အစအဦးဖြစ်တော်မူပြီး သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူဖြစ်တော်မူ၏။ အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကိန်းဝပ်စေရန်လည်းကောင်း၊ လက်ဝါးကပ်တိုင်ပေါ်၌သွန်းသော သားတော်၏သွေးတော်အားဖြင့် ရန်ငြိမ်းစေ၍ ကောင်းကင်ဘုံ၌ရှိသောအရာများဖြစ်စေ၊ မြေကြီးပေါ်၌ရှိသောအရာများဖြစ်စေ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် မိမိနှင့်ပြန်လည်သင့်မြတ်စေရန်လည်းကောင်း အလိုရှိတော်မူ၏။ ယခင်က သင်တို့သည် ဆိုးညစ်သောအမှုများကိုပြုခြင်းအားဖြင့် ဘုရားသခင်နှင့်ကင်းကွာလျက် စိတ်နှလုံး၌ရန်သူဖြစ်ကြ၏။ ယခုမူကား သွေးသားနှင့်ဆိုင်သောကိုယ်ခန္ဓာ၌ သားတော်ကိုအသေခံစေခြင်းအားဖြင့် ဘုရားသခင်သည် သင်တို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူ၏။ ဤသည်ကား သန့်ရှင်းလျက်အပြစ်အနာအဆာကင်း၍ အပြစ်တင်စရာမရှိသောသင်တို့ကို မိမိ၏ရှေ့တော်သို့ ဆက်သနိုင်ရန်ဖြစ်၏။ သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။ ငါသည် သင်တို့အတွက်ခံရသောဒုက္ခဝေဒနာ၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏ဆင်းရဲဒုက္ခတွင် လိုအပ်သေးသည့်အပိုင်းကို ကိုယ်တော်၏ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်အတွက် ငါ၏ကိုယ်ကာယ၌ ဖြည့်ဆည်းလျက်ရှိ၏။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အပြည့်အဝဟောပြောစေရန် သင်တို့အတွက် ငါ့အားပေးတော်မူသော ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့်အညီ ငါသည် ထိုအသင်းတော်၏အမှုတော်ဆောင်ဖြစ်လာ၏။ ထိုနှုတ်ကပတ်တော်သည် ရှေးကာလများမှစ၍ ခေတ်ကာလအစဉ်အဆက်ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ မိမိ၏သန့်ရှင်းသူတို့အား ဖွင့်ပြတော်မူသည့် လျှို့ဝှက်နက်နဲသောအရာဖြစ်၏။ ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။ ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။ ငါသည်လည်း တန်ခိုးတော်အားဖြင့် ငါ့အထဲ၌လုပ်ဆောင်နေသည့် ကိုယ်တော်၏လုပ်ဆောင်မှုအတိုင်း ထိုအမှုအတွက် ကြိုးစားအားထုတ်နေ၏။