YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 4:6-11

အာမုတ် 4:6-11 Judson Bible (JBMLE)

ငါ​သည်​လည်း၊ သင်​တို့​မြို့​ရွာ ရှိ​သ​မျှ​တို့၌ သွား​တို့၏​စင်​ကြယ်​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နေ​ရာ အ​ရပ်​ရှိ​သ​မျှ​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ကို​လည်း​ကောင်း ပေး​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့​ပြန်၍ မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ စ​ပါး​ရိတ်​ရာ​ကာ​လ မ​ရောက်​မီ သုံး​လ​အ​ထက်​က၊ မိုး​မ​ရွာ​စေ​ခြင်း​ငှာ မိုး​ကို​ငါ​ဆီး​တား​ပြီ။ မြို့​တစ်​မြို့​ပေါ်​မှာ ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​မြို့​ပေါ်​မှာ မ​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း​ပြု​လျက်၊ မြေ​တစ်​ကွက်​သည် မိုး​ရေ​ကို​ခံ​ရ၍ တစ်​ကွက်​သည် မ​ခံ​ရ၊ သွေ့​ခြောက်​လျက်​နေ​ရ၏။ ထို​သို့ မြို့​နှစ်​မြို့​သုံး​မြို့​သား​တို့​သည် ရေ​သောက်​ခြင်း​ငှာ မြို့​တစ်​မြို့​သို့​သွား​ရ၍ မ​ဝ​ရ​ကြ။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ လေ​ထိ၍ အ​ပင်​သေ​ခြင်း၊ အ​ရည်​ယို၍​သေ​ခြင်း​ဘေး​ဖြင့် ငါ​သည်​ဒဏ်​ခတ်​လေ​ပြီ။ သင်​တို့၌ များ​ပြား​သော​လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်၊ သင်္ဘော​သ​ဖန်း​ပင်၊ သံ​လွင်​ပင်​တို့​ကို ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ အဲ​ဂု​တ္တု​ပြည်​ခံ​ရ​သော ကာ​လ​နာ​ဘေး​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​လေ​ပြီ။ လု​လင်​တို့​ကို ဓား​ဖြင့် ကွပ်​မျက်​စေ​ပြီ။ မြင်း​တို့​ကို သိမ်း​သွား​စေ​ပြီ။ သင်​တို့​တပ်၌ ပုပ်​စပ်​သော​အ​နံ့​ကို သင်​တို့​နှာ​ခေါင်း၌ လှိုင်​စေ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ဘု​ရား​သ​ခင်​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို​မှောက်​လှန်​သ​ကဲ့​သို့၊ သင်​တို့​အ​ချို့​ကို ငါ​မှောက်​လှန်၍ သင်​တို့​သည် မီး​ထဲ​က​နုတ်​သော ထင်း​စ​ကဲ့​သို့ ဖြစ်​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အာမုတ် 4:6-11 Common Language Bible (BCL)

``ငါ​သည်​သင်​တို့​မြို့​ရွာ​တိုင်း​၌​ငတ်​မွတ် ခြင်း​ဘေး​ကျ​ရောက်​စေ​လျက်​နှင့်​သင်​တို့ သည်​ငါ့​ထံ​သို့​ပြန်​မ​လာ​ကြ။- သင်​တို့​ပျိုး​ပင်​အ​တွက်​မိုး​ရေ​အ​လို​ဆုံး သော​အ​ချိန်​တွင်​ငါ​သည်​မိုး​ခေါင်​စေ​ခဲ့​၏။ တစ်​မြို့​ပေါ်​၌​သာ​ရွာ​သွန်း​စေ​ပြီး​ကျန်​တစ် မြို့​ပေါ်​သို့​မ​ရွာ​စေ​ရန် တား​ခဲ့​သူ​မှာ​ငါ​ပင် ဖြစ်​၏။ လယ်​တစ်​ခင်း​သည်​မိုး​ကို​ရ​၍​ကျန် တစ်​ခင်း​မှာ​မူ​သွေ့​ခြောက်​ခဲ့​လေ​ပြီ။- ရေ​ငတ်​လွန်း​သ​ဖြင့်​အ​ချို့​မြို့​မှ​မြို့​သား​တို့ သည် အ​နီး​အ​နား​မြို့​သို့​ပင်​ပန်း​ကြီး​စွာ​နှင့် ရေ​ရှာ​ထွက်​ကြ​သော်​လည်း သောက်​စ​ရာ​ဘို့ အ​လုံ​အ​လောက်​မ​ရ​ခဲ့​ကြ။ သို့​သော်​လည်း သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ ကြ​လေ​ပြီ။ ``ငါ​သည်​လေ​ပူ​ကို​တိုက်​ခတ်​စေ​၍​သင်​တို့ ၏​ကောက်​ပင်​များ​နွမ်း​ခြောက်​စေ​ခဲ့​၏။ သင်​တို့ ၏​သ​ဖန်း​ပင်၊ သံ​လွင်​ပင်၊ စ​ပျစ်​ဥ​ယျာဉ်​နှင့် ကိုင်း​ကျွန်း​လယ်​ယာ​တို့​သည် ကျိုင်း​ကောင်​များ ဒဏ်​ကို​ခံ​ခဲ့​ရ​ပြီ။ သို့​သော်​လည်း​သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ​ကြ​လေ​ပြီ။ ``အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ​သော​ကပ်​ဆိုး​ကို​သင် တို့​၌​လည်း​ဖြစ်​စေ​ခဲ့​ပြီ။ သင်​တို့​လူ​ငယ်​များ ကို​စစ်​တ​လင်း​၌​ငါ​သတ်​ခဲ့​ပြီ။ သင်​တို့​မြင်း များ​ကို​လည်း​သိမ်း​သွား​ခဲ့​ပြီ။ သင်​တို့​တပ် စ​ခန်း​များ​ကို​သင်​တို့​ဘက်​သား အ​လောင်း ကောင်​များ​၏​အ​ပုပ်​နံ့​ဖြင့်​နံ​စော်​စေ​ခဲ့​ပြီ။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန် မ​လာ​သေး​ဘဲ​နေ​ကြ​လေ​ပြီ။ ``ငါ​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​များ ကို​ဖြို​ဖျက်​သ​ကဲ့​သို့ သင်​တို့​လူ​အ​ချို့​ကို လည်း​ဖျက်​ပယ်​ခဲ့​ပြီ။ ကျန်​ကြွင်း​သူ​တို့​မှာ လည်း​မီး​ထဲ​မှ​ပြန်​၍​ဆယ်​ယူ​လိုက်​သည့် ထင်း​စ​သ​ဖွယ်​ဖြစ်​ခဲ့​ရ​၏။ သို့​သော်​လည်း သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​မ​လာ​သေး​ဘဲ နေ​ကြ​လေ​ပြီ'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။

အာမုတ် 4:6-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​က “သင်​တို့​မြို့ရွာ​တိုင်း​ရှိ​လူ​တို့​၏​သွား​ကို စင်ကြယ်​စေ​၏​။ နေရာ​တိုင်း​တွင် အစာရေစာ​ပြတ်လပ်​စေ​၏​။ ဤသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု မိန့်​တော်မူ​၏​။ “ငါ​သည် ရိတ်သိမ်း​ချိန်​မ​ရောက်​မီ​သုံး​လ​အတွင်း သင်​တို့​အတွက် မိုး​ကို​မ​ရွာ​စေ​ခဲ့​။ တစ်​မြို့​တွင် မိုးရွာ​စေ​ပြီး အခြား​တစ်​မြို့​တွင် မိုးခေါင်​စေ​၏​။ လယ်မြေ​တစ်​ကွက်​တွင် မိုးရွာ​စေ​ပြီး အခြား​တစ်​ကွက်​တွင် မိုးခေါင်​၍ ခြောက်သွေ့​စေ​၏​။ မြို့​နှစ်​မြို့​သုံး​မြို့​မှ​လူ​တို့​သည် ရေ​သောက်​ရန် မြို့​တစ်​မြို့​သို့​သွား​သော်လည်း ရေ​ကို အလုံအလောက်​မ​သောက်​ရ​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ “လောင်မီးပိုး​ကျ​ပြီး မှိုရောဂါစွဲ​ခြင်း​ဖြင့် သင်​တို့​ကို ငါ​ဒဏ်ခတ်​ပြီ​။ များပြား​လှ​သော သင်​တို့ ဥယျာဉ်​များ​၊ စပျစ်ပင်​များ​၊ သဖန်းပင်​များ​၊ သံလွင်ပင်​များ​ကို​လည်း ဂါဇံကျိုင်း​တို့ ဝါးမျို​လေ​ပြီ​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံ​ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ “အီဂျစ်​ပြည်​အပေါ် ကပ်ရောဂါ​ဘေး​ကျရောက်​စေ​ခဲ့​သည့်​နည်းတူ သင်​တို့​၌ ငါ​ဖြစ်​စေ​၏​။ လူပျို​တို့​ကို ဓား​ဖြင့်​ကွပ်မျက်​ပြီး မြင်း​တို့​ကို​လည်း ဖမ်းသွား​ခြင်း​ခံရ​စေ​ပြီ​။ တပ်စခန်း​ထဲတွင် အပုပ်နံ့​လျှံ​စေ​၍ သင်​တို့​လည်း ရှူ​ကြ​ရ​ပြီ​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ “သောဒုံ​မြို့​နှင့် ဂေါမောရ​မြို့​ကို ဘုရားသခင် ဖျက်ဆီး​ပစ်​သကဲ့သို့ သင်​တို့​ကို ငါ​ဖျက်ဆီး​ပစ်​၏​။ သင်​တို့​သည် မီး​ထဲမှ ဆွဲထုတ်​လိုက်​သော​ထင်းစ​ကဲ့သို့​ဖြစ်​ခဲ့​ရ​၏​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။