တမန်တော် 12:1-10
တမန်တော် 12:1-10 Judson Bible (JBMLE)
ထိုအခါ ဟေရုဒ်မင်းကြီးသည် သင်းဝင်သူအချို့တို့ကို ညှဉ်းဆဲခြင်းငှာစီရင်၍၊- ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ဓားနှင့် ကွပ်မျက်လေ၏။- ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည်ကိုမြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တစ်ဖန်ထပ်၍၊- ပေတရုကိုလည်း ဖမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲ တစ်ကျိပ်ခြောက်ယောက်တို့၌အပ်၍ ထောင်ထဲမှာ လှောင်ထားလေ၏။- ပေတရုသည် ထောင်ထဲ၌ အကျဉ်းနေရစဉ်၊ သင်းဝင်သူတို့သည် သူ့အဖို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုကြ၏။ ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညအချိန်တွင် သံကြိုးနှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။- ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက်လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဘေးကိုပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ ကျွတ်လေ၏။- ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကိုစည်းလော့။ ခြေနင်းကိုလည်းစည်းလော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟု ဆိုပြန်၏။- ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။- လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သောသံတံခါးသို့ ရောက်လျှင်၊ ထိုတံခါးသည် အလိုလိုပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းတစ်ကြောင်း၌လျှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ချင်း ပေတရုမှ ခွာ၍ သွားလေ၏။
တမန်တော် 12:1-10 Common Language Bible (BCL)
ထိုအချိန်ကာလ၌ဟေရုဒ်ဘုရင်သည် အသင်း တော်ဝင်အချို့တို့ကိုနှိပ်စက်ညှဉ်းပန်းရန်ကြံစည် အားထုတ်လေ၏။- သူသည်ယောဟန်၏ညီအစ်ကိုယာကုပ်ကိုဋ္ဌား ဖြင့်ကွပ်မျက်စေ၏။- ထိုအမှုကိုယုဒအမျိုးသားတို့နှစ်သက်ကြ သဖြင့် သူသည်ပေတရုကိုလည်းဖမ်းဆီး၏။ (ထိုအချိန်ကားတဆေးမဲ့မုန့်ပွဲတော်အခါ ဖြစ်၏။)- ဟေရုဒ်သည်ပေတရုကိုဖမ်းဆီးပြီးနောက် စစ် သားလေးယောက်စီပါသောတပ်စုငယ်လေးစု လက်သို့အပ်ကာအကျဉ်းချထား၏။ ပသခါ ပွဲလွန်သောအခါ သူ့ကိုယုဒအမျိုးသား တို့ရှေ့တွင်စစ်ဆေး၍ဒဏ်စီရင်ရန်အကြံ ရှိ၏။- သို့ဖြစ်၍ပေတရုသည်ထောင်ထဲမှာအကျဉ်း ချထားခြင်းကိုခံရ၏။ သို့သော်အသင်းတော် ဝင်အပေါင်းတို့သည်ပေတရု၏အတွက် စိတ် အားထက်သန်စွာဘုရားသခင်ထံဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။ ဟေရုဒ်မင်းသည်ပေတရုကိုလူတို့ရှေ့သို့ ခေါ်ထုတ်စစ်ဆေးမည့်နေ့မရောက်မီည၌ ပေတရုသည်စစ်သားနှစ်ယောက်၏ကြားတွင် အိပ်ပျော်လျက်နေ၏။ သူ့ကိုသံကြိုးနှစ်ချောင်း ဖြင့်ချည်နှောင်ထား၏။ ထောင်တံခါးရှေ့တွင်လည်း အစောင့်တပ်သားများသည်စောင့်ကြပ်လျက် ရှိကြ၏။- ထာဝရဘုရား၏ကောင်းကင်တမန်သည် ပေတရုအနီးတွင်ရုတ်တရက်ပေါ်လာ၍ အချုပ်ခန်းသည်ထွန်းလင်းလျက်နေ၏။ ကောင်း ကင်တမန်သည်ပေတရု၏ပခုံးကိုပုတ်၍ ``မြန်မြန်ထလော့'' ဟုဆိုကာနှိုး၏။ ထိုအခါ သံကြိုးတို့သည်ပေတရု၏လက်မှကျွတ် ကျ၏။- ကောင်းကင်တမန်က ``သင်၏ခါးပန်းကိုစည်း၍ ဖိနပ်ကိုစီးလော့'' ဟုဆို၏။ ပေတရုသည်ထို သို့ဆိုသည့်အတိုင်းပြု၏။ ထိုနောက်ကောင်းကင် တမန်က ``ဝတ်လုံကိုခြုံ၍ငါ့နောက်သို့လိုက် လော့'' ဟုဆို၏။- ပေတရုသည်အချုပ်ခန်းမှထွက်၍ ကောင်းကင် တမန်၏နောက်သို့လိုက်လေ၏။ သူသည်ကောင်းကင် တမန်ပြုသောအမှုကိုတကယ်အဖြစ်အပျက် ဟူ၍မသိ။ ဗျာဒိတ်ရူပါရုံကိုမြင်လျက်နေသည် ဟူ၍သာထင်မှတ်၏။- သူတို့သည်ကင်းနှစ်တန်ကိုကျော်လွန်သွားပြီး လျှင် ထောင်အထွက်သံတံခါးသို့ရောက်ကြ၏။ ထိုတံခါးသည်အလိုအလျောက်ပွင့်သဖြင့် သူတို့သည်ထွက်၍လမ်းအတိုင်းလိုက်သွား ကြ၏။ ထိုနောက်ကောင်းကင်တမန်သည်ရုတ် တရက်ပေတရုထံမှထွက်ခွာသွားလေ၏။
တမန်တော် 12:1-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုကာလ၌ ဟေရုဒ်မင်းသည် အသင်းတော်မှ လူအချို့တို့ကို မတရားနှိပ်စက်ရန် ဖမ်းဆီး၍ ယောဟန်၏အစ်ကိုယာကုပ်ကို ဓားဖြင့်ကွပ်မျက်လေ၏။ ထိုအမှုကို ဂျူးလူမျိုးတို့ နှစ်သက်ကြကြောင်းတွေ့မြင်လျှင် တစ်ဖန် ထပ်၍ ပေတရုကိုလည်းဖမ်းဆီးရန် စီစဉ်လေ၏။ ထိုအချိန်သည် တဆေးမဲ့မုန့်ပွဲတော်အချိန်ဖြစ်၏။ ဟေရုဒ်မင်းသည် ပေတရုကိုဖမ်းဆီး၍ထောင်ထဲ၌ထည့်ထားပြီးလျှင် သူ့ကိုစောင့်ကြပ်ရန် စစ်သားလေးဦးဖြင့်ဖွဲ့ထားသော တပ်ဖွဲ့လေးဖွဲ့ထံသို့ အပ်နှံထား၏။ သူသည် ပသခါပွဲတော်လွန်လျှင် ပေတရုကို လူထုရှေ့တွင်ထုတ်ဆောင်ရန် ကြံရွယ်ထားလေ၏။ ဤသို့ဖြင့် ပေတရုသည် ထောင်ထဲ၌ ထိန်းသိမ်းထားခြင်းခံရ၏။ သို့ရာတွင် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံသို့ စိတ်အားထက်သန်စွာဆုတောင်းလျက်နေ၏။ ဟေရုဒ်မင်းသည် ပေတရုကိုထုတ်ဆောင်ရန် ကြံရွယ်ထားသည့်နေ့မတိုင်မီည၌ ပေတရုသည် သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ခြင်းခံရလျက် စစ်သားနှစ်ဦးကြားတွင် အိပ်ပျော်နေ၏။ အစောင့်များသည်လည်း တံခါးရှေ့တွင် ထောင်ကိုစောင့်ကြပ်နေကြ၏။ ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရုတ်တရက်ပေါ်လာသဖြင့် ထောင်ခန်းထဲ၌ အလင်းရောင်ထွန်းလင်းလေ၏။ ကောင်းကင်တမန်သည် ပေတရု၏နံဘေးကိုပုတ်လျက် သူ့ကိုနှိုးကာ “မြန်မြန်ထလော့”ဟု ဆိုလေ၏။ ထိုအခါ သံကြိုးများသည် သူ၏လက်မှ ကျွတ်ကျသွားလေ၏။ ထို့နောက် ကောင်းကင်တမန်က “ခါးပန်းစည်း၍ သင့်ဖိနပ်ကိုစီးလော့”ဟု ဆိုသဖြင့် သူသည် ထိုအတိုင်းပြုလေ၏။ တစ်ဖန် “သင်၏ဝတ်ရုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့”ဟု ဆိုလေရာ ပေတရုသည် ထွက်၍ လိုက်သွားလေ၏။ သို့သော် ကောင်းကင်တမန်အားဖြင့် ဖြစ်ပျက်နေသောအရာသည် အမှန်တကယ်ဖြစ်ကြောင်းမသိဘဲ ရူပါရုံကိုမြင်နေရသည်ဟူ၍သာ သူထင်မှတ်နေ၏။ သူတို့သည် အစောင့်ချရာပထမနေရာနှင့်ဒုတိယနေရာတို့ကို ဖြတ်သွားပြီးလျှင် မြို့သို့သွားသည့်သံတံခါးသို့ ရောက်လာကြ၏။ ထိုတံခါးသည်လည်း သူတို့အတွက် အလိုအလျောက်ပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းကြားတစ်ခုအတိုင်း ဆက်သွားကြစဉ် ကောင်းကင်တမန်သည် ပေတရုထံမှ ချက်ချင်းထွက်ခွာသွားလေ၏။