YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 12:1-10

တမန်တော်ဝတ္ထု 12:1-10 MSBU

ထို​ကာလ​၌ ဟေရုဒ်​မင်း​သည် အသင်းတော်​မှ လူ​အချို့​တို့​ကို မတရား​နှိပ်စက်​ရန် ဖမ်းဆီး​၍ ယောဟန်​၏​အစ်ကို​ယာကုပ်​ကို ဓား​ဖြင့်​ကွပ်မျက်​လေ​၏။ ထို​အမှု​ကို ဂျူး​လူမျိုး​တို့ နှစ်သက်​ကြ​ကြောင်း​တွေ့မြင်​လျှင် တစ်ဖန် ထပ်၍ ပေတရု​ကို​လည်း​ဖမ်းဆီး​ရန် စီစဉ်​လေ​၏။ ထိုအချိန်​သည် တဆေးမဲ့​မုန့်​ပွဲတော်​အချိန်​ဖြစ်​၏။ ဟေရုဒ်​မင်း​သည် ပေတရု​ကို​ဖမ်းဆီး​၍​ထောင်​ထဲ၌​ထည့်​ထား​ပြီးလျှင် သူ့​ကို​စောင့်ကြပ်​ရန် စစ်သား​လေး​ဦး​ဖြင့်​ဖွဲ့​ထား​သော တပ်ဖွဲ့​လေး​ဖွဲ့​ထံသို့ အပ်နှံ​ထား​၏။ သူ​သည် ပသခါ​ပွဲတော်​လွန်​လျှင် ပေတရု​ကို လူထု​ရှေ့တွင်​ထုတ်ဆောင်​ရန် ကြံရွယ်​ထား​လေ​၏။ ဤသို့ဖြင့် ပေတရု​သည် ထောင်​ထဲ၌ ထိန်းသိမ်း​ထား​ခြင်း​ခံရ​၏။ သို့ရာတွင် အသင်းတော်​သည် သူ့​အတွက် ဘုရားသခင်​ထံသို့ စိတ်အား​ထက်သန်​စွာ​ဆုတောင်း​လျက်​နေ​၏။ ဟေရုဒ်​မင်း​သည် ပေတရု​ကို​ထုတ်ဆောင်​ရန် ကြံရွယ်​ထား​သည့်​နေ့​မတိုင်မီ​ည​၌ ပေတရု​သည် သံကြိုး​နှစ်​ချောင်း​ဖြင့်​ချည်နှောင်​ခြင်း​ခံရ​လျက် စစ်သား​နှစ်​ဦး​ကြား​တွင် အိပ်ပျော်​နေ​၏။ အစောင့်​များ​သည်​လည်း တံခါး​ရှေ့တွင် ထောင်​ကို​စောင့်ကြပ်​နေ​ကြ​၏။ ထိုစဉ် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ရုတ်တရက်​ပေါ်လာ​သဖြင့် ထောင်ခန်း​ထဲ၌ အလင်းရောင်​ထွန်းလင်း​လေ​၏။ ကောင်းကင်တမန်​သည် ပေတရု​၏​နံဘေး​ကို​ပုတ်​လျက် သူ့​ကို​နှိုး​ကာ “မြန်မြန်​ထ​လော့”​ဟု ဆို​လေ​၏။ ထိုအခါ သံကြိုး​များ​သည် သူ​၏​လက်​မှ ကျွတ်ကျ​သွား​လေ​၏။ ထို့နောက် ကောင်းကင်တမန်​က “ခါးပန်း​စည်း​၍ သင့်​ဖိနပ်​ကို​စီး​လော့”​ဟု ဆို​သဖြင့် သူ​သည် ထို​အတိုင်း​ပြု​လေ​၏။ တစ်ဖန် “သင်​၏​ဝတ်ရုံ​ကို​ခြုံ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု ဆို​လေ​ရာ ပေတရု​သည် ထွက်​၍ လိုက်​သွား​လေ​၏။ သို့သော် ကောင်းကင်တမန်​အားဖြင့် ဖြစ်ပျက်​နေ​သော​အရာ​သည် အမှန်တကယ်​ဖြစ်​ကြောင်း​မ​သိ​ဘဲ ရူပါရုံ​ကို​မြင်​နေ​ရ​သည်​ဟူ၍​သာ သူ​ထင်မှတ်​နေ​၏။ သူ​တို့​သည် အစောင့်​ချ​ရာ​ပထမ​နေရာ​နှင့်​ဒုတိယ​နေရာ​တို့​ကို ဖြတ်သွား​ပြီးလျှင် မြို့​သို့​သွား​သည့်​သံ​တံခါး​သို့ ရောက်လာ​ကြ​၏။ ထို​တံခါး​သည်​လည်း သူ​တို့​အတွက် အလိုအလျောက်​ပွင့်​သဖြင့် သူ​တို့​သည်​ထွက်​၍ လမ်းကြား​တစ်​ခု​အတိုင်း ဆက်သွား​ကြ​စဉ် ကောင်းကင်တမန်​သည် ပေတရု​ထံမှ ချက်ချင်း​ထွက်ခွာ​သွား​လေ​၏။