၂ ရှင်ပေတရု 3:3-7
၂ ရှင်ပေတရု 3:3-7 Judson Bible (JBMLE)
ရှေ့ဦးစွာ သိမှတ်အပ်သောအရာ ဟူမူကား၊ နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊- သခင်ဘုရား ကြွလာမည်ဟူသော ကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည်နောက်၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။- ရှေးကာလ၌ မိုးကောင်းကင်ကိုလည်းကောင်း၊ ရေထဲကထွက်၍ ရေဖြင့်တည်သော မြေကြီးကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊- ဖြစ်ဖူးသောလောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြှုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ် မရှိကြ။- ယခုရှိသော မိုးကောင်းကင်နှင့် မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအဖို့အလိုငှာ နေရစ်သတည်း။
၂ ရှင်ပေတရု 3:3-7 Common Language Bible (BCL)
အဆုံးစွန်သောကာလ၌မိမိတို့၏ကိလေ သာစိတ်အလိုသို့လိုက်၍ အသက်ရှင်သောသူ များပေါ်ပေါက်လိမ့်မည်ဖြစ်ကြောင်းသင်တို့ ဦးစွာနားလည်ရကြမည်။ ထိုသူတို့သည် သင်တို့အားပြက်ရယ်ပြုလျက်၊- `သခင်ဘုရားသည်မိမိတစ်ဖန်ကြွလာ တော်မူမည်ဟုကတိထားတော်မူခဲ့သည် မဟုတ်ပါလော။ ထိုကတိတော်သည်အဘယ် သို့ဖြစ်လေပြီနည်း။ ငါတို့မိဘများကား သေလွန်ကြလေပြီ။ သို့ရာတွင်ခပ်သိမ်း သောအမှုအရာတို့သည်ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်ကရှိ ခဲ့သည့်အတိုင်းပင်ရှိနေသေးပါသည် တကား' ဟုဆိုကြလိမ့်မည်။- ဘုရားသခင်သည်ရှေးကာလ၌မိုးကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုအမိန့်တော်ဖြင့် ဖန်ဆင်းတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ် တော်သည်ကမ္ဘာမြေကြီးကိုရေထဲမှရေ အားဖြင့်ပေါ်ပေါက်စေတော်မူကြောင်းကို လည်းကောင်း၊- ရှေးကမ္ဘာမြေကြီးကိုရေဖြင့်ပင်လျှင်လွှမ်း မိုးဖျက်ဆီးတော်မူခဲ့ကြောင်းကိုလည်း ကောင်းသူတို့သည်တမင်သက်သက်မေ့ လျော့ကြ၏။- သို့ရာတွင်ဘုရားသခင်သည်ယခုလက်ရှိ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုမီးဖြင့် ဖျက်ဆီးရာနေ့တိုင်အောင် ထိုအမိန့်တော် အားဖြင့်ပင်လျှင်ဆက်လက်တည်ရှိစေ တော်မူပေသည်။ ထိုနေ့၌ဘုရားတရား မဲ့သောသူတို့သည်တရားစီရင်ဖျက်ဆီး ခြင်းကိုခံရကြလိမ့်မည်။
၂ ရှင်ပေတရု 3:3-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ပထမဦးစွာ သင်တို့သိထားရမည့်အချက်မှာ ပြက်ရယ်ပြုတတ်သောသူတို့သည် နောက်ဆုံးသောနေ့ရက်ကာလ၌ ပြက်ရယ်ပြုလျက်ပေါ်လာ၍ မိမိတို့၏တပ်မက်ခြင်းများအတိုင်း လျှောက်လှမ်းကာ “ကိုယ်တော်၏ကြွလာတော်မူခြင်းနှင့်ဆိုင်သောကတိတော်သည် အဘယ်မှာရှိသနည်း။ ရှေးဘိုးဘေးများအိပ်ပျော်ခဲ့သည့်အချိန်မှစ၍ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းခြင်း၏အစကအတိုင်း ဆက်၍တည်နေသည်မဟုတ်လော”ဟု ပြောဆိုကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ကောင်းကင်သည် ရှေးယခင်ကပင်တည်ရှိ၍ မြေကြီးသည်လည်း ရေအားဖြင့် ရေထဲမှထင်ရှားလာပြီး ထိုအချိန်က ကမ္ဘာသည် ရေလွှမ်းမိုးခြင်းခံရလျက် ရေအားဖြင့် ပျက်စီးခြင်းသို့ရောက်ခဲ့သည်ဟူသောအချက်ကို သူတို့သည် တမင်မေ့လျော့ထားလိုကြ၏။ ယခုရှိသော ကောင်းကင်နှင့်မြေကြီးမူကား ထိုနှုတ်ကပတ်တော်အားဖြင့် မီးအတွက်သိုမှီးထားခြင်းခံရ၍ ဘုရားတရားမဲ့သောသူတို့၏ပျက်စီးခြင်းနှင့် တရားစီရင်ခြင်းနေ့ရက်တိုင်အောင် ထိန်းသိမ်းထားခြင်းခံရလျက်ရှိ၏။