YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 3

3
သခင်ဘုရား၏နေ့ရက်
1ချစ်​ရ​သော​သူ​တို့၊ ယခု ဤ​ဒုတိယ​စာ​ကို သင်​တို့​ထံသို့ ငါ​ရေး​လိုက်​၏။ ငါ​သည် ဤ​စာ​နှစ်စောင်လုံး​တွင် သင်တို့ကို​သတိပေး​နှိုးဆော်​ခြင်း​အားဖြင့် သင်​တို့​၏​ဖြူစင်​သော​စိတ်နှလုံး​ကို နိုးကြား​တက်ကြွ​စေ​၏။ 2ဤသည်ကား သန့်ရှင်း​သော​ပရောဖက်​များ ကြိုတင်​ပြော​ထား​သော​စကား​တို့​ကို​လည်းကောင်း၊ သင်​တို့​၏​တမန်တော်​များ​မှတစ်ဆင့်​ရရှိ​ထား​သည့် သခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော​အရှင်​၏​ပညတ်​တော်​ကို​လည်းကောင်း သင်​တို့​ပြန်လည်​သတိရ​စေရန်​ဖြစ်​၏။
3ပထမ​ဦးစွာ သင်​တို့​သိ​ထား​ရ​မည့်​အချက်​မှာ ပြက်ရယ်ပြု​တတ်​သော​သူ​တို့​သည် နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ ပြက်ရယ်ပြု​လျက်​ပေါ်လာ​၍ မိမိ​တို့​၏​တပ်မက်​ခြင်း​များ​အတိုင်း လျှောက်လှမ်း​ကာ 4“ကိုယ်တော်​၏​ကြွလာ​တော်မူ​ခြင်း​နှင့်ဆိုင်သော​ကတိ​တော်​သည် အဘယ်မှာ​ရှိ​သနည်း။ ရှေး​ဘိုးဘေး​များ​အိပ်ပျော်​ခဲ့​သည့်​အချိန်​မှစ၍ ခပ်သိမ်း​သော​အရာ​တို့​သည် ဖန်ဆင်း​ခြင်း​၏​အစ​က​အတိုင်း ဆက်၍​တည်​နေ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကြ​လိမ့်မည်။ 5အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် ကောင်းကင်​သည် ရှေးယခင်​က​ပင်​တည်ရှိ​၍ မြေကြီး​သည်​လည်း ရေ​အားဖြင့် ရေ​ထဲမှ​ထင်ရှား​လာ​ပြီး 6ထို​အချိန်​က ကမ္ဘာ​သည် ရေ​လွှမ်းမိုး​ခြင်း​ခံရ​လျက် ရေ​အားဖြင့် ပျက်စီး​ခြင်း​သို့​ရောက်​ခဲ့​သည်​ဟူသော​အချက်​ကို သူ​တို့​သည် တမင်​မေ့လျော့​ထား​လို​ကြ​၏။ 7ယခု​ရှိ​သော ကောင်းကင်​နှင့်​မြေကြီး​မူကား ထို​နှုတ်ကပတ်တော်​အားဖြင့် မီး​အတွက်​သိုမှီး​ထား​ခြင်း​ခံရ​၍ ဘုရား​တရား​မဲ့​သော​သူ​တို့​၏​ပျက်စီး​ခြင်း​နှင့် တရား​စီရင်​ခြင်း​နေ့ရက်​တိုင်အောင် ထိန်းသိမ်း​ထား​ခြင်း​ခံရ​လျက်​ရှိ​၏။
8သို့သော် ချစ်​ရ​သော​သူ​တို့၊ ထာဝရ​ဘုရား​အတွက် နေ့ရက်​တစ်​ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​လည်းကောင်း၊ အနှစ်​တစ်ထောင်​သည် နေ့ရက်​တစ်​ရက်​ကဲ့သို့​လည်းကောင်း ဖြစ်​သည်#ဆာ 90:4။​ဟူသော​အချက်​တစ်​ခု​ကို မ​မေ့လျော့​ကြ​နှင့်။ 9နှောင့်နှေး​သည်​ဟု အချို့​တို့​က​မှတ်ယူ​သကဲ့သို့ ထာဝရ​ဘုရား​သည် ကတိ​တော်​ကို နှောင့်နှေး​စေ​တော်မူ​သည်​မ​ဟုတ်။ မည်သူမျှ​မ​ပျက်စီး​ဘဲ လူ​တိုင်း​နောင်တရ​စေရန် အလို​တော်​ရှိ​၍ သင်​တို့​အပေါ်​စိတ်ရှည်​သည်းခံ​လျက်​နေ​တော်မူ​ခြင်း​သာ​ဖြစ်​၏။#၁တိ 2:4၊ ယေဇ 18:32၊ 33:11။
10သို့ရာတွင် ထာဝရ​ဘုရား​၏​နေ့ရက်​သည် သူခိုး​လာ​သကဲ့သို့​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​၌ ကောင်းကင်​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကွယ်ပျောက်​သွား​၍ လောကဓာတ်​တို့​သည် ပြင်းထန်​သော​အပူ​ရှိန်​ဖြင့် ပျက်သုဉ်း​သွား​လိမ့်မည်။ မြေကြီး​မှစ၍ ၎င်း​ပေါ်၌​ပြုလုပ်​သော​အရာ​တို့​သည်​လည်း လောင်ကျွမ်း​လိမ့်မည်။
11ဤ​အရာ​အားလုံး​တို့​သည် ထိုသို့​ပျက်သုဉ်း​သွား​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သို့​သော​သူ​များ​ဖြစ်​သင့်​သနည်း။ သင်​တို့​သည် သန့်ရှင်း​စွာ​အသက်ရှင်​နေထိုင်​လျက် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အားဖြင့် 12ဘုရားသခင်​၏​နေ့ရက်​ကို​စောင့်မျှော်​၍ ထို​နေ့ရက်​၏​ရောက်ရှိ​လာ​ခြင်း​ကို လျင်မြန်​စေ​သင့်​၏။ ထို​နေ့​၌ ကောင်းကင်​သည် လောင်မြိုက်​ခြင်း​ခံရ​လျက် ပျက်သုဉ်း​သွား​လိမ့်မည်။ လောကဓာတ်​တို့​သည်​လည်း ပြင်းထန်​သော​အပူရှိန်​ဖြင့် အရည်ပျော်​သွား​ကြ​လိမ့်မည်။ 13သို့သော် ငါ​တို့​သည် ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ဖြောင့်မတ်​ခြင်း​တရား​ကိန်းဝပ်​ရာ ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို​စောင့်မျှော်​နေ​ကြ​၏။#ဗျာ 21:1၊ ဟေရှာ 65:17၊ 66:22။
နိဂုံး
14သို့ဖြစ်၍ ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ထို​အရာ​များ​ကို​စောင့်မျှော်​နေ​ကြ​သည်​ဖြစ်၍ အစွန်းအထင်း​ကင်း​လျက် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​အဖြစ် ကိုယ်တော်​၏​ရှေ့​တော်​သို့ ငြိမ်းချမ်း​စွာ​ရောက်ရှိ​နိုင်​ရန် ကြိုးစား​ကြ​လော့။ 15ငါ​တို့​ချစ်​သော​ညီအစ်ကို​ပေါလု​သည်​လည်း သူ​၌​ပေးအပ်​ထား​တော်မူ​သော ဉာဏ်ပညာ​နှင့်အညီ သင်​တို့​ထံ​ရေး​လိုက်​သည့်​အတိုင်း ငါ​တို့​သခင်​ဘုရား​၏​စိတ်ရှည်​တော်မူ​ခြင်း​သည် ကယ်တင်​ခြင်း​အတွက်​ဖြစ်​သည်​ဟု မှတ်ယူ​ကြ​လော့။ 16သူ​သည် အခြား​စာ​အားလုံး​ထဲတွင်​လည်း ဤ​အကြောင်းအရာ​များ​နှင့်​ပတ်သက်၍ ပြော​ထား​၏။ ထို​စာ​များ​ထဲတွင် နားလည်​ရန်​ခက်ခဲ​သော​အရာ​အချို့​ရှိ​၏။ အသိပညာ​မဲ့​၍ မ​တည်ကြည်​သော​သူ​တို့​သည် အခြား​သော​ကျမ်း​များ​အပေါ်၌​လည်း​ပြု​သကဲ့သို့ ထို​စာ​၏​အနက်​ကို လို​ရာ​ဆွဲ​၍ မိမိ​တို့​ကိုယ်​ကို ပျက်စီး​ခြင်း​သို့​ရောက်​စေ​ကြ​၏။
17ထို့ကြောင့် ချစ်​ရ​သော​သူ​တို့၊ ဤ​အရာ​တို့​ကို သင်​တို့​သိ​ထား​နှင့်​ပြီ​ဖြစ်၍ စောင့်စည်း​မှု​မ​ရှိ​သော​သူ​တို့​၏​မှားယွင်း​ခြင်း​သို့ လိုက်​ပါ​သွား​လျက် မိမိ​တို့​၏​တည်ကြည်​မှု​ကို မ​ဆုံးရှုံး​စေရန် မိမိ​ကိုယ်​ကို​စောင့်ထိန်း​ကြ​လော့။ 18ငါ​တို့​၏​သခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​၌​လည်းကောင်း၊ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၌​လည်းကောင်း ကြီးထွား​ကြ​လော့။ ယခု​မှစ၍ ထာဝရ​နေ့ရက်​ကာလ​တိုင်အောင် ကိုယ်တော်​၌ ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။

လက်ရှိရွေးချယ်ထားမှု

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ