၂ ကောရိန္သု 11:26-31
၂ ကောရိန္သု 11:26-31 Judson Bible (JBMLE)
အကြိမ်ကြိမ် ဒေသစာရီလှည့်လည်ပြီ။ မြစ်ကို ကူးသောဘေး၊ ဓားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တစ်ပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။- ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံခဲ့ပြီ။ ထိုအမှုမှတစ်ပါး၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ယှက်ခြင်းကို ငါခံခဲ့ရ၏။- ငါမနွမ်းရိဘဲ အဘယ်သူ နွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူ ဖောက်ပြန်သနည်း။- ငါသည် မဝါကြွားဘဲ မနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။- ငါသည် မုသားမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင် သိတော်မူ၏။
၂ ကောရိန္သု 11:26-31 Common Language Bible (BCL)
ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဋ္ဌားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။- အလုပ်ကိုပင်ပန်းခက်ခဲစွာလုပ်ကိုင်ရခြင်း မကြာခဏအအိပ်ပျက်ခြင်း၊ ဆာလောင် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ ဝအောင်မစားရခြင်း၊ အအေးဒဏ်ခံရ ခြင်း၊ ဝတ်စရာလည်းလုံလောက်စွာမရှိ ခြင်းများကိုငါခံရ၏။- ဤဆင်းရဲဒုက္ခများနှင့်အခြားဆင်းရဲဒုက္ခ များအပြင်အသင်းတော်တို့အတွက်နေ့ စဉ်စိုးရိမ်ပူပန်လျက်ရှိရ၏။- အားနည်းသူရှိလျှင်ငါသည်လည်းအားနည်း ရ၏။ အပြစ်ကူးသူရှိလျှင်ငါသည်ပူပန် ရ၏။ ငါသည်ဝါကြွားရမည်ဆိုလျှင် မိမိ၏အား နည်းမှုကိုသာအကြောင်းပြု၍ဝါကြွားမည်။- ငါသည်လိမ်လည်၍မပြောကြောင်းကို သခင် ယေရှု၏ခမည်းတော်ဘုရားသခင်သိတော် မူ၏။ ထိုအရှင်၏နာမတော်သည်ထာဝစဉ် မင်္ဂလာရှိတော်မူပါစေသတည်း။
၂ ကောရိန္သု 11:26-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မကြာခဏ ခရီးထွက်၍ မြစ်ချောင်းတို့၌ကြုံရသောဘေး၊ ဓားပြတို့၏ဘေး၊ ကိုယ့်လူမျိုးတို့ပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့တွင်း၌ကြုံရသောဘေး၊ တောကန္တာရ၌ကြုံရသောဘေး၊ ပင်လယ်ထဲ၌ကြုံရသောဘေး၊ ညီအစ်ကိုအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။ ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။ ဤပြင်ပမှ ဘေးဒုက္ခများအပြင် အသင်းတော်အားလုံးအတွက် စိုးရိမ်ပူပန်ခြင်းသည်လည်း နေ့စဉ်နှင့်အမျှ ငါ့ကိုဖိစီးနေ၏။ တစ်စုံတစ်ဦးအားနည်းသည့်အခါ ငါသည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ဦးမှားယွင်းသည့်အခါ ငါသည် ပူပန်ခြင်းမရှိဘဲ နေနိုင်မည်လော။ ငါသည် ဝါကြွားရမည်ဆိုလျှင် ငါ၏အားနည်းခြင်းနှင့်ပတ်သက်သောအရာများကို ငါဝါကြွားမည်။ ငါမုသားမသုံးကြောင်း သခင်ယေရှု၏ခမည်းတော်ဖြစ်တော်မူသော ကာလအစဉ်အဆက်မင်္ဂလာရှိသည့် ဘုရားသခင်သိတော်မူ၏။