၂ ရာဇဝင်ချုပ် 1:6-12
၂ ရာဇဝင်ချုပ် 1:6-12 Judson Bible (JBMLE)
ထိုသို့ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့၊ ထာဝရဘုရား ရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သို့ ရှောလမုန်ရောက်၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တစ်ထောင်ကို ပူဇော်လေ၏။ ထိုညတွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည့်ဆုကို တောင်းလော့ဟု မိန့်တော်မူ၏။ ရှောလမုန်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်အဘဒါဝိဒ်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ။ အဘအရာ၌လည်း အကျွန်ုပ်ကို နန်းထိုင်စေတော်မူပြီ။ ယခုမှာ အိုထာဝရအရှင် ဘုရားသခင်၊ မြေမှုန့်များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသောလူတို့၏ ရှင်ဘုရင်အရာ၌ အကျွန်ုပ်ကို ချီးမြှောက်တော်မူသောကြောင့် အဘဒါဝိဒ်၌ထားသော ကတိတော်ကို တည်စေတော်မူပါ။ အကျွန်ုပ်သည် ဤလူတို့ရှေ့မှာ ထွက်ဝင်နိုင်မည်အကြောင်း ဉာဏ်ပညာကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။ ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက်မေ့၍ စည်းစိမ်ဥစ္စာ ဂုဏ်အသရေကိုမတောင်း၊ ရန်သူတို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သောအသက်ကိုလည်း မတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏လူမျိုးကို တရားစီရင်ခြင်းငှာ တတ်နိုင်သော ဉာဏ်ပညာကိုသာ ကိုယ်အဖို့တောင်းသောကြောင့်၊ ဉာဏ်ပညာကို ငါပေး၏။ ထိုမှတစ်ပါး သင့်ရှေ့မှာဖြစ်ဖူးသော ရှင်ဘုရင်နှင့် သင့်နောက်၌ ဖြစ်လတ္တံ့သော ရှင်ဘုရင်တစ်ယောက်မျှ မမီနိုင်မည်အကြောင်း၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
၂ ရာဇဝင်ချုပ် 1:6-12 Common Language Bible (BCL)
မင်းကြီးသည်ယဇ်ကောင်တစ်ထောင်ကိုသတ်၍ တစ်ကောင်လုံးမီးရှို့ရာယဇ်အဖြစ် ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ ကြေးဝါယဇ်ပလ္လင်ပေါ်တွင်ပူဇော်တော်မူ သည်။ ထိုည၌ဘုရားသခင်သည်ရှောလမုန်ထံ သို့ကြွလာတော်မူ၍``သင့်အားအဘယ်ဆု ကိုပေးစေလိုသနည်း'' ဟုမေးတော်မူ၏။ ရှောလမုန်က``ကိုယ်တော်သည်အကျွန်ုပ်၏ ခမည်းတော်ဒါဝိဒ်အားကြီးမြတ်သည့်မေတ္တာ တော်ကိုအစဉ်ပြတော်မူပြီးလျှင် ယခု အကျွန်ုပ်အားလည်းသူ၏အရိုက်အရာကို ဆက်ခံစေတော်မူပါပြီ။- အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ခမည်းတော်အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူပါ။ အကျွန်ုပ်အား မရေမတွက်နိုင်အောင်များပြားသည့်ဤ လူမျိုး၏ဘုရင်ဖြစ်စေတော်မူပါပြီ။- ထို့ကြောင့်ထိုသူတို့ကိုအုပ်စိုးရန်လိုအပ် သည့်ဉာဏ်ပညာနှင့်အသိပညာကိုအကျွန်ုပ် အားပေးတော်မူပါ။ ယင်းသို့ပေးတော်မမူ ပါလျှင်အကျွန်ုပ်သည်ဤမျှများပြားသော ကိုယ်တော်၏လူမျိုးတော်ကြီးကိုအဘယ် သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း'' ဟုတောင်း လျှောက်လေ၏။ ထာဝရဘုရားက``သင်သည်လျောက်ပတ် သောအရာကိုရွေးချယ်လေပြီ။ စည်းစိမ်ဥစ္စာ နှင့်ဂုဏ်သတင်းကျော်စောမှုတို့ကိုသော် လည်းကောင်း၊ ရန်သူများသေကြေပျက်စီးရန် ကိုသော်လည်းကောင်းမတောင်းခံဘဲ သင့်အား ငါပေးအပ်ထားသည့်ပြည်သူတို့ကိုအုပ်စိုး နိုင်ရန်ဉာဏ်ပညာနှင့်အသိပညာကိုတောင်း ခံပေသည်။ သို့ဖြစ်၍သင့်အားအသိပညာ နှင့်ဉာဏ်ပညာကိုငါပေးမည်။- ထို့အပြင်ရှေးအခါ၌သော်လည်းကောင်း၊ နောင်အခါ၌သော်လည်းကောင်း ဘုရင်တစ် ပါးမျှမရရှိသောစည်းစိမ်ချမ်းသာနှင့် ဂုဏ်သတင်းကျော်စောမှုကိုလည်းငါပေး ဦးမည်'' ဟုမိန့်တော်မူ၏။
၂ ရာဇဝင်ချုပ် 1:6-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရှောလမုန်မင်းကြီးသည် တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ရှိ ကြေးနီယဇ်ပလ္လင်နားသို့သွား၍ ထာဝရဘုရားထံ မီးရှို့ရာယဇ်အကောင်တစ်ထောင်ကို ပူဇော်၏။ ထိုညတွင် ဘုရားသခင်သည် ရှောလမုန်မင်းကြီးအား ကိုယ်ထင်ရှားပြ၍ “ငါပေးရမည့်ဆုကို တောင်းလော့”ဟု မိန့်တော်မူ၏။ ထိုအခါ ရှောလမုန်မင်းကြီးက ဘုရားသခင်အား “ကိုယ်တော်သည် အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူပြီး အကျွန်ုပ်အားလည်း ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေပါပြီ။ ယခုမှာ အို ဘုရားသခင်ထာဝရဘုရား၊ မြေမှုန့်ကဲ့သို့ များပြားလှသောလူတို့ကို အကျွန်ုပ်အား အုပ်စိုးစေတော်မူပြီဖြစ်၍ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ပေးထားသောကတိစကားတော်သည် တည်ပါစေသော။ ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ဤလူမျိုးတို့ကို ဦးဆောင်သွားလာလေရာရာတွင် လိုအပ်သောဉာဏ်ပညာ၊ အသိတရားများကို အကျွန်ုပ်အား ပေးတော်မူပါ”ဟု တောင်းလျှောက်၏။ ထို့ကြောင့် ဘုရားသခင်က ရှောလမုန်မင်းကြီးအား “သင်သည် ဓနဥစ္စာစည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေကိုမတောင်း၊ ရန်သူ့အသက်ကိုမတောင်း၊ အသက်တာရှည်ဖို့မတောင်းဘဲ သင့်အား ငါအုပ်ချုပ်စေသည့် ငါ့လူမျိုးတော်တို့ကိုအုပ်ချုပ်နိုင်ရန်အတွက် သင့်စိတ်နှလုံးတွင်ရှိသည့်အတိုင်း ဉာဏ်ပညာ၊ အသိတရားတို့ကိုသာ တောင်းဆိုသောကြောင့် သင့်အား ဉာဏ်ပညာနှင့် အသိတရားများကိုသာမက သင့်ရှေ့၌ရှိခဲ့သောဘုရင်၊ သင့်နောက်တွင်ရှိမည့်ဘုရင်တို့၌ မရနိုင်သော ဓနဥစ္စာ၊ ကြွယ်ဝချမ်းသာခြင်းနှင့် ဂုဏ်သရေရှိခြင်းတို့ကိုပါ ငါပေးမည်”ဟု မိန့်တော်မူ၏။