၁ ဓမ္မရာဇဝင် 7:1-14
၁ ဓမ္မရာဇဝင် 7:1-14 Judson Bible (JBMLE)
ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍ ထာဝရဘုရား၏သေတ္တာတော်ကို ဆောင်သွားသဖြင့်၊ တောင်ပေါ်မှာရှိသော အဘိနဒပ်အိမ်၌ထား၍ သေတ္တာတော်ကို စောင့်စေခြင်းငှာ၊ သူ၏သားဧလာဇာကို သန့်ရှင်းစေကြ၏။ သေတ္တာတော်သည် အနှစ်နှစ်ဆယ်ပတ်လုံး ကြာမြင့်စွာ ကိရယတ်ယာရိမ်မြို့၌ရှိစဉ်အခါ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားကိုအောက်မေ့၍ မြည်တမ်းကြ၏။ တစ်ဖန် ရှမွေလက၊ သင်တို့သည် အခြားတစ်ပါးသော ဘုရားတည်းဟူသော ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဖို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့်၊ ထိုဘုရားကိုသာဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အားဆုံးမသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။ ရှမွေလကလည်း ဣသရေလအမျိုးသားအပေါင်းတို့ကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားကို ငါဆုတောင်းမည်ဟု မှာခဲ့သည်အတိုင်း၊ သူတို့သည် မိဇပါမြို့၌ စည်းဝေးသဖြင့်၊ ရေကိုခပ်၍ ထာဝရဘုရားရှေ့တော်၌သွန်းလောင်းခြင်း၊ အစာရှောင်ခြင်း အကျင့်တို့ကိုကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဝန်ခံကြ၏။ ရှမွေလသည် မိဇပါမြို့၌ ဣသရေလအမျိုးသားတရားမှုတို့ကို စစ်ကြောစီရင်လေ၏။ ဣသရေလအမျိုးသားတို့သည် မိဇပါမြို့၌ စည်းဝေးကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဖိလိတ္တိမင်းတို့သည် ဣသရေလအမျိုးရှိရာသို့ စစ်ချီကြ၏။ ထိုသတင်းကို ဣသရေလလူတို့သည် ကြားလျှင်၊ ဖိလိတ္တိလူတို့ကို ကြောက်၍၊ ရှမွေလအား၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်အကြောင်း အကျွန်ုပ်တို့အဖို့ အစဉ်မပြတ်ဆုတောင်းပါလော့ဟု ဆိုကြ၏။ ရှမွေလသည်လည်း နို့စို့သိုးသငယ်ကိုယူ၍ ထာဝရဘုရားအားတစ်ကောင်လုံး မီးရှို့ရာယဇ်ပူဇော်လျက်၊ ဣသရေလအမျိုးအဖို့ ဆုတောင်း၍ ထာဝရဘုရားနားထောင်တော်မူ၏။ ရှမွေလသည် မီးရှို့ရာယဇ်ကိုပူဇော်စဉ်အခါ၊ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကိုတိုက်ခြင်းငှာ ချဉ်းလာကြ၏။ ထာဝရဘုရားသည်လည်း၊ ထိုနေ့၌ ဖိလိတ္တိလူတို့အပေါ်မှာ ပြင်းစွာမိုးချုန်းစေ၍၊ သူတို့တပ်ကို ဖျက်တော်မူသဖြင့်၊ ဣသရေလအမျိုးရှေ့မှာ ရှုံးကြ၏။ ဣသရေလလူတို့သည် မိဇပါမြို့မှထွက်၍ ဖိလိတ္တိလူတို့ကိုလုပ်ကြံလျက်၊ ဗက်ကာမြို့တိုင်အောင် လိုက်ကြ၏။ ထိုအခါ ရှမွေလသည် ကျောက်ကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့စပ်ကြားမှာ ထူထောင်သဖြင့်၊ ထာဝရဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီဟုဆိုလျက်၊ ထိုကျောက်ကို ဧဗနေဇာအမည်ဖြင့် မှည့်လေ၏။ ထိုသို့ ဖိလိတ္တိလူတို့သည် ရှုံးသဖြင့်၊ နောက်တစ်ဖန် ဣသရေလအမျိုးနေရာအရပ်သို့ မလာကြ။ ရှမွေလလက်ထက် ကာလပတ်လုံး ထာဝရဘုရား၏လက်တော်သည် ဖိလိတ္တိလူတို့ကို ဆီးတားတော်မူ၏။ ဖိလိတ္တိလူတို့သည် သိမ်းယူသော ဣသရေလမြို့ရွာတို့ကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် ပြန်ပေးရကြ၏။ မြို့နယ်တို့ကိုလည်း ဣသရေလလူတို့သည် ဖိလိတ္တိလူတို့လက်မှ နုတ်ယူကြ၏။ ဣသရေလလူနှင့် အာမောရိလူတို့သည်လည်း စစ်မရှိ အသင့်အတင့်နေကြ၏။
၁ ဓမ္မရာဇဝင် 7:1-14 Common Language Bible (BCL)
သို့ဖြစ်၍ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍သေတ္တာတော်ကိုတောင်ကုန်းပေါ်တွင်တည် ရှိသော အဗိနဒပ်၏အိမ်သို့ပင့်ဆောင်သွား ကြ၏။ သူတို့သည်သေတ္တာတော်ကိုစောင့်ထိန်း ရန်အတွက် အဗိနဒပ်၏သားဧလာဇာကို ရွေးချယ်ဆက်ကပ်ကြ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် ကိရယတ်ယာရိမ်မြို့တွင်နှစ်ပေါင်းနှစ်ဆယ် တိုင်အောင်ကြာမြင့်စွာရှိနေလေသည်။ ထို အချိန်ကာလအတွင်း၌ဣသရေလအမျိုး သားတို့သည် မိမိတို့ကိုကူမတော်မူရန် ထာဝရဘုရားသခင်ထံဟစ်အော်လျှောက် ထားကြ၏။ ဣသရေလအမျိုးသားတို့အားရှမွေလ က``သင်တို့သည်ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လည်လာရောက် လိုပါက လူမျိုးခြားတို့၏ဘုရားများကို လည်းကောင်း၊ အာရှတရက်ဘုရားမ၏ရုပ်တု များကိုလည်းကောင်းစွန့်ပစ်ရကြမည်။ သင်တို့ ၏ကိုယ်ကိုလုံးဝဆက်ကပ်၍ထာဝရဘုရား ကိုသာရှိခိုးဝတ်ပြုကြလျှင် ကိုယ်တော်သည် သင်တို့အားဖိလိတ္တိအမျိုးသားတို့လက်မှ ကယ်တော်မူလိမ့်မည်'' ဟုဆို၏။- ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ဗာလဘုရားနှင့် အာရှတရက်ဘုရားမ တို့၏ရုပ်တုများကိုစွန့်ပစ်ကာ ထာဝရ ဘုရားကိုသာရှိခိုးဝတ်ပြုကြကုန်၏။ ထိုနောက်ရှမွေလသည်ဣသရေလအမျိုး သားအပေါင်းတို့အား``ငါသည်မိဇပါမြို့ တွင်သင်တို့အတွက် ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြုမည်ဖြစ်၍သင်တို့ သည်ထိုမြို့၌စုကြလော့'' ဟုဆင့်ဆိုမှာ ကြား၏။- သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။ မိဇပါမြို့တွင်ဣသရေလအမျိုးသားတို့ စုရုံးလျက်ရှိကြောင်းကို ဖိလိတ္တိအမျိုးသား တို့ကြားသိကြသောအခါ ဖိလိတ္တိဘုရင်ငါး ပါးတို့သည်ဣသရေလအမျိုးသားတို့ရှိ ရာသို့စစ်ချီလာကြ၏။ ဤအကြောင်းကို ဣသရေလအမျိုးသားတို့ကြားသိကြ သောအခါကြောက်လန့်ကြသဖြင့်၊- ရှမွေလအား``အကျွန်ုပ်တို့ကိုဖိလိတ္တိအမျိုး သားတို့၏လက်မှကယ်တော်မူရန် အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရားထံတော် သို့ဆုတောင်းပေးလျက်နေပါ'' ဟုတောင်းပန် ကြ၏။- ရှမွေလသည်သိုးငယ်တစ်ကောင်ကိုသတ်၍ တစ်ကောင်လုံးကိုမီးရှို့ရာယဇ်အဖြစ်ထာဝရ ဘုရားအားပူဇော်ကာ ဣသရေလအမျိုးသား တို့အား ကယ်မတော်မူရန်ဆုတောင်းပတ္ထနာ ပြုရာကိုယ်တော်သည်နားညောင်းတော်မူ၏။- ရှမွေလသည်ယဇ်ပူဇော်လျက်နေစဉ်ဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလအမျိုးသား တို့အားတိုက်ခိုက်ရန်ချီတက်လာကြ၏။ သို့ ရာတွင်ထိုအချိန်၌ပင်လျှင်ထာဝရဘုရား သည် သူတို့အပေါ်မှာပြင်းစွာမိုးချုန်းစေ တော်မူသဖြင့် သူတို့သည်ကစဥ့်ကရဲဖြစ် လျက်ထွက်ပြေးကြကုန်၏။- ဣသရေလအမျိုးသားတို့သည်မိဇပါမြို့ မှထွက်၍ သူတို့အားဗက်ကာမြို့အနီးသို့ တိုင်အောင်လိုက်လံသတ်ဖြတ်ကြ၏။ ထိုနောက်ရှမွေလသည်ကျောက်တုံးတစ်ခုကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားတွင်စိုက်ထူ ကာ``ထာဝရဘုရားသည်ငါတို့အားယနေ့ တိုင်အောင်ကူမတော်မူလေပြီ'' ဟုဆိုပြီးလျှင် ထိုကျောက်တုံးကို``ကူမတော်မူရာကျောက်'' (ဧဗနေဇာ) ဟုနာမည်မှည့်လေသည်။- ဤသို့လျှင်ဖိလိတ္တိအမျိုးသားတို့သည်အရေး ရှုံးနိမ့်ရကြ၏။ ထာဝရဘုရားသည်သူတို့ အားရှမွေလအသက်ရှင်သမျှကာလပတ်လုံး ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်ခွင့် ပေးတော်မမူ။- ဧကြုန်မြို့နှင့်ဂါသမြို့စပ်ကြားတွင်ဖိလိတ္တိ အမျိုးသားတို့သည် မိမိတို့သိမ်းပိုက်ထား ကြသည့်မြို့မှန်သမျှကိုဣသရေလအမျိုး သားတို့၏လက်သို့ပြန်လည်ပေးအပ်ရကြ သဖြင့် ဣသရေလအမျိုးသားတို့သည်မိမိ တို့၏နယ်မြေအားလုံးကိုပြန်လည်ရရှိကြ၏။ ထို့အပြင်ဣသရေလအမျိုးသားတို့နှင့် ခါနာန်အမျိုးသားတို့သည်သင့်မြတ်ငြိမ်း ချမ်းစွာနေထိုင်ကြလေသည်။
၁ ဓမ္မရာဇဝင် 7:1-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိရယတ်ယာရိမ်မြို့သားတို့သည်လည်း ထာဝရဘုရား၏သေတ္တာတော်ကို လာရောက်ယူဆောင်သွားကြပြီး တောင်ပေါ်ရှိအဘိနဒပ်အိမ်၌ ထားကြ၏။ ထာဝရဘုရား၏သေတ္တာတော်ကိုစောင့်ရှောက်ရန် အဘိနဒပ်၏သားဧလာဇာအား သန့်ရှင်းခြင်းဝတ်ကိုပြုပေးကြ၏။ ထိုနေ့မှစ၍ သေတ္တာတော်သည် ကိရယတ်ယာရိမ်မြို့၌ အနှစ်နှစ်ဆယ်တိုင်တိုင် အချိန်ကြာမြင့်စွာရှိနေ၏။ ထိုအချိန်အတွင်းတွင် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ထာဝရဘုရားကို မျှော်ကြည့်အားကိုးလျက်နေကြ၏။ ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ဗာလဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှား၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။ ထိုအခါ ရှမွေလက သူတို့အား “အစ္စရေးတစ်မျိုးသားလုံးကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားထံ ငါဆုတောင်းပေးမည်”ဟု ဆို၏။ အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။ အစ္စရေးအမျိုးသားတို့သည် မိဇပါမြို့၌ စုဝေးကြကြောင်းကို ဖိလိတ္တိလူမျိုးတို့ကြားသောအခါ ဖိလိတ္တိမင်းတို့သည် အစ္စရေးအမျိုးသားတို့ကိုတိုက်ခိုက်ရန် ချီလာကြ၏။ ထိုသတင်းကို အစ္စရေးအမျိုးသားတို့ ကြားသိသောအခါ ဖိလိတ္တိလူမျိုးတို့ကို ကြောက်ရွံ့ကြကုန်၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့က ရှမွေလအား “အကျွန်ုပ်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှကယ်နုတ်တော်မူပါမည့်အကြောင်း အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ အကျွန်ုပ်တို့အဖို့ ဆက်လက်ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။ ထိုအခါ ရှမွေလက နို့မပြတ်သေးသောသိုးသငယ်တစ်ကောင်ကို ယူ၍ တစ်ကောင်လုံးရှို့ရသောမီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ပြီး အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ထာဝရဘုရား နားညောင်းတော်မူ၏။ ထိုသို့ ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်နေစဉ် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် စစ်ချီလာကြ၏။ ထိုအချိန်တွင် ထာဝရဘုရားသည် ကျယ်လောင်စွာမိုးချုန်းစေ၍ ဖိလိတ္တိလူမျိုးတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ ဤသို့ဖြင့် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့မှထွက်၍ ဗက်ကာမြို့အောက်ဘက်တိုင်အောင် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံသတ်ဖြတ်လေ၏။ ထို့နောက် ရှမွေလသည် ကျောက်တုံးတစ်တုံးကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့ကြားတွင် ထားပြီး “ထာဝရဘုရားသည် ယခုတိုင်အောင် ငါတို့ကိုကူညီမစတော်မူ၏”ဟု ဆိုလျက် ထိုကျောက်တုံး၏အမည်ကို ဧဗနေဇာဟုခေါ်လေ၏။ ဤသို့ ဖိလိတ္တိလူမျိုးတို့ ရှုံးနိမ့်သဖြင့် အစ္စရေးလူမျိုးတို့၏နယ်မြေထဲသို့ နောက်တစ်ဖန် မကျူးကျော်ဝံ့ကြတော့ချေ။ ရှမွေလလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏လက်တော်သည် ဖိလိတ္တိလူမျိုးတို့ကို ဆန့်ကျင်တော်မူ၏။ အစ္စရေးလူမျိုးတို့ထံမှ ဖိလိတ္တိလူမျိုးတို့ သိမ်းပိုက်ခဲ့သောမြို့များကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် အစ္စရေးလူမျိုးတို့ ပြန်လည်ရရှိကြ၏။ ဖိလိတ္တိလူမျိုးတို့လက်မှ အစ္စရေးလူမျိုးတို့အပိုင် နယ်မြေများကို ပြန်လည်ရရှိကြ၏။ အစ္စရေးလူမျိုးတို့သည် အာမောရိလူမျိုးတို့နှင့်လည်း သင့်မြတ်ခြင်းရှိလေ၏။