၁ ဓမ္မရာဇဝင် 18:1-16
၁ ဓမ္မရာဇဝင် 18:1-16 Judson Bible (JBMLE)
ထိုသို့လျှောက်ပြီးသည်နောက်၊ ရှောလု၏သား ယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျက်ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏။ ထိုနေ့၌ ရှောလုသည် ဒါဝိဒ်ကိုသိမ်းဆည်း၍ သူ့အဘ၏အိမ်သို့ နောက်တစ်ဖန် သွားနေရသောအခွင့်ကို ပေးတော်မမူ။ ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိတ်သဟာယဖွဲ့ပြီးလျှင်၊ မိမိဝတ်သောဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ဓား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အားပေးလေ၏။ ဒါဝိဒ်သည် ရှောလုစေခိုင်းသမျှကို သွား၍ သတိပညာနှင့်ပြုမူသောကြောင့်၊ စစ်သူရဲအုပ်အရာ၌ ခန့်ထားတော်မူသဖြင့်၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအပေါင်းတို့တွင် မျက်နှာရ၏။ ဒါဝိဒ်သည် ဖိလိတ္တိလူကိုသတ်ပြီးမှ ပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှာ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သာအစရှိသည်တို့ကို တီးလျက်၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့်၊ ရှောလု အထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။ ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာပေးကြပြီ။ နိုင်ငံတော်မှတစ်ပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။ ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက်နေ၏။ နက်ဖြန်နေ့ ထာဝရဘုရားထံတော်က၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သဖြင့်၊ ရှောလုသည် နန်းတော်အလယ်၌ ပရောဖက်ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတိုကိုကိုင်လျက် ရှိ၍၊ ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတိုကိုထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ၏။ ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှထွက်၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ ရှောလုသည် ဒါဝိဒ်ကိုကြောက်ရွံ့သဖြင့်၊ အထံတော်မှရွှေ့၍ လူတစ်ထောင်အုပ်အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။ ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့်ပြုမူ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ၏၊ ထိုသို့ အလွန်သတိပညာနှင့် ပြုမူသည်ကို ရှောလုသည်မြင်လျှင် သာ၍ကြောက်ရွံ့လေ၏။ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။
၁ ဓမ္မရာဇဝင် 18:1-16 Common Language Bible (BCL)
ရှောလုနှင့်ဒါဝိဒ်တို့စကားပြောပြီးသည့် နောက်ရှောလု၏သားယောနသန်သည် ဒါဝိဒ် အပေါ်တွင်လွန်စွာချစ်ခင်စွဲလန်းလျက် သူ့အားမိမိကိုယ်နှင့်အမျှချစ်လာ၏။- ရှောလုသည်ဒါဝိဒ်အားထိုနေ့မှစ၍အပါး တော်တွင်နေစေတော်မူ၏။ အိမ်ပြန်ခွင့်ကိုပေး တော်မမူ။- ယောနသန်သည်ဒါဝိဒ်ကိုလွန်စွာချစ်သဖြင့် သူနှင့်ရာသက်ပန်မိတ်ဆွေဖွဲ့ရန်ကျိန်ဆို ကတိပြုလေသည်။- သူသည်မိမိဝတ်ဆင်ထားသည့်ဝတ်လုံနှင့် တကွသံချပ်အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါးစည်းတို့ ကိုဒါဝိဒ်အားပေး၏။- ဒါဝိဒ်သည်ရှောလုစေခိုင်းလေသမျှသော အမှုကိစ္စတို့၌အောင်မြင်သည်သာဖြစ်၏။ ထို့ကြောင့်ရှောလုသည်သူ့အားတပ်မတော် အရာရှိတစ်ဦးအဖြစ်ခန့်ထားတော်မူ၏။ ဤသို့ပြုတော်မူသည်ကိုရှောလု၏အရာ ရှိများနှင့်ပြည်သူပြည်သားများက နှစ်သက်သဘောကျကြ၏။ ဒါဝိဒ်သည်ဂေါလျတ်ကိုသတ်ပြီးနောက် စစ် သည်တပ်သားများနှင့်အတူအိမ်ပြန်လာ ရာ ရောက်ရှိလေရာမြို့များမှအမျိုးသမီး တို့သည်ရှောလုအားခရီးဦးကြိုပြုကြ၏။ လူတို့သည်ဝမ်းမြောက်စွာသီချင်းများဆို ၍ကခုန်လျက်ပတ်သာများနှင့်စောင်းငယ် များကိုတီးကြ၏။- ယင်းသို့အောင်ပွဲကျင်းပရာ၌အမျိုးသမီး တို့က``ရှောလုသတ်သူအထောင်ထောင်၊ ဒါဝိဒ် သတ်သူအသောင်းသောင်း'' ဟုသီဆိုကြ လေသည်။- ရှောလုသည်ဤသို့သီဆိုကြသည်ကိုမနှစ် သက်သဖြင့် အမျက်ထွက်၍``သူတို့ကဒါဝိဒ် သည်သောင်းပေါင်းများစွာသတ်၍ ငါမူကား ထောင်ပေါင်းများစွာသာသတ်ခဲ့ကြောင်းသီ ဆိုချေသည်။ သူ့အားထီးနန်းအပ်နှင်းရန် သာကျန်ပါတော့သည်တကား'' ဟုဆို ပြီးလျှင်၊- ထိုနေ့မှစ၍ဒါဝိဒ်အားမနာလိုစိတ်ပွား များကာမယုံသင်္ကာဖြစ်၍နေတော့၏။ နောက်တစ်နေ့၌ဘုရားသခင်၏ထံတော်မှ နတ်မိစ္ဆာသည်ရှောလုကိုပူးဝင်သဖြင့် သူသည် သူရူးသဖွယ်နန်းတော်တွင်းဝယ်ဟစ်အော် လျက်နေ၏။ ရှောလုသည်လှံတန်ကိုကိုင် ထားပြီးလျှင်၊- ``ငါသည်သူ့အားနံရံနှင့်ကပ်နေအောင်ထိုး သတ်အံ့'' ဟုကြံစည်ကာနှစ်ကြိမ်တိုင်တိုင် လှံနှင့်ပစ်သော်လည်း နှစ်ကြိမ်စလုံးပင်ဒါဝိဒ် ရှောင်တိမ်းလိုက်နိုင်၏။ ရှောလုသည်ဒါဝိဒ်ကိုကြောက်၏။ အဘယ်ကြောင့် ဆိုသော် ထာဝရဘုရားသည်ဒါဝိဒ်နှင့်အတူ ရှိတော်မူ၍ မိမိကိုမူစွန့်ပယ်တော်မူပြီးဖြစ် သောကြောင့်တည်း။- သို့ဖြစ်၍ရှောလုသည်ဒါဝိဒ်အားလူတစ် ထောင်တပ်မှူးအဖြစ်ဖြင့်ခန့်ထား၍ အပါး တော်မှအဝေးသို့စေလွှတ်တော်မူ၏။ ဒါဝိဒ် သည်မိမိ၏တပ်သားတို့နှင့်အတူတိုက်ပွဲ ဝင်ရာ၊- ထာဝရဘုရားသည်သူနှင့်အတူရှိတော် မူသဖြင့် သူပြုလေသမျှသောအမှုတို့ သည်အောင်မြင်လေ၏။- ယင်းသို့အောင်မြင်သည်ကိုမြင်သောအခါ ရှောလုသည်ဒါဝိဒ်အားပို၍ကြောက်လန့် လာ၏။- သို့ရာတွင်ဣသရေလနှင့်ယုဒနယ်များမှ လူအပေါင်းတို့ကမူဒါဝိဒ်အားချစ်ကြ၏။ အဘယ်ကြောင့်ဆိုသော်သူသည်လူတို့အား အောင်မြင်စွာခေါင်းဆောင်၍တိုက်ပွဲဝင်နိုင်သူ ဖြစ်သောကြောင့်တည်း။
၁ ဓမ္မရာဇဝင် 18:1-16 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့်စကားပြောဆိုပြီးနောက်တွင် ယောနသန်၏စိတ်သည် ဒါဝိဒ်၏စိတ်နှင့်ငြိတွယ်သွားပြီး ယောနသန်သည် ကိုယ်နှင့်အမျှ ဒါဝိဒ်ကိုချစ်လေ၏။ ထိုနေ့မှစ၍ ရှောလုမင်းကြီးသည် ဒါဝိဒ်အား ဖခင်အိမ်သို့ ပြန်သွားခွင့်မပေးတော့ဘဲ ခေါ်ထားလေ၏။ ယောနသန်သည် ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်သောကြောင့် ဒါဝိဒ်နှင့်ကတိသစ္စာပြုလေ၏။ ထို့နောက် ယောနသန်သည် မိမိဝတ်ထားသောဝတ်လုံကိုချွတ်ပြီး ဒါဝိဒ်အားပေး၏။ စစ်ဝတ်တန်ဆာများ၊ ဓား၊ လေးနှင့်ခါးပန်းတို့ကိုလည်း ပေး၏။ ဒါဝိဒ်သည် ရှောလုမင်းကြီးစေခိုင်းသမျှတို့၌ အောင်မြင်စွာလုပ်ဆောင်နိုင်၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်အား စစ်သူရဲအုပ်အရာ၌ခန့်ထားရာ စစ်သည်အပေါင်းတို့သာမက ရှောလုမင်းကြီး၏အမှုထမ်းတို့လည်း သူ့ကို နှစ်သက်သဘောကျကြ၏။ ဒါဝိဒ်အပါအဝင် စစ်သည်တို့သည် ဖိလိတ္တိလူမျိုးကို နှိမ်နင်းရာမှ ပြန်လာသောအချိန်တွင် အစ္စရေးမြို့အသီးသီးတို့မှ အမျိုးသမီးတို့သည် ရှောလုမင်းကြီးကို ကြိုဆိုရန် ဝမ်းမြောက်စွာဖြင့် ပတ်သာ၊ စောင်းတို့ကို တီးမှုတ်၍ သီဆိုကခုန်လျက် ထွက်လာကြ၏။ ထိုအမျိုးသမီးတို့သည် ကခုန်လျက် “ရှောလုမင်းကြီးအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေပြီ”ဟု သီဆိုကြ၏။ ထိုသို့ သီဆိုသည်ကို ရှောလုမင်းကြီးသည် ဘဝင်မကျဘဲ အလွန်အမျက်ထွက်လျက် “သူတို့က ရှောလုမင်းကြီးအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်းဟု ဆိုကြလေပြီ။ ထို့ထက်ပိုလာလျှင် သူ့အား နိုင်ငံတော်ပေးရန်သာရှိတော့သည်”ဟု ဆို၏။ ထိုနေ့မှစ၍ ရှောလုမင်းကြီးသည် ဒါဝိဒ်ကို မနာလိုစိတ်ဝင်၍ စောင့်ကြည့်နေလေ၏။ နောက်တစ်နေ့တွင် ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို ဝင်ပူးသဖြင့် သူသည် နန်းတော်အလယ်တွင် အော်ဟစ်ရေရွတ်နေ၍ ဒါဝိဒ်သည် ယခင်နေ့များကဲ့သို့ပင် စောင်းတီးပေး၏။ ရှောလုမင်းကြီးသည် လှံကိုလည်း ကိုင်ထား၏။ ထိုအခါ ရှောလုမင်းကြီးက “ဒါဝိဒ်ကို နံရံထုတ်ချင်းပေါက်အောင် ငါထိုးသတ်မည်”ဟု ဆိုလျက် လှံကိုပစ်လွှတ်လိုက်၏။ သို့သော် ဒါဝိဒ်သည် နှစ်ကြိမ်တိုင်တိုင် ရှောင်တိမ်းလိုက်နိုင်၏။ ထာဝရဘုရားသည် ရှောလုမင်းကြီးကို စွန့်ပယ်၍ ဒါဝိဒ်နှင့်အတူ ရှိနေသောကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ကြောက်၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို လူတစ်ထောင်အုပ်အဖြစ်ခန့်အပ်ပြီး အထံတော်မှရွှေ့ပြောင်းပစ်၏။ ဒါဝိဒ်သည်လည်း စစ်သည်တို့ကို ဦးဆောင်ရ၏။ ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ပါရှိတော်မူသဖြင့် သူလုပ်ဆောင်လေရာရာတို့၌ အောင်မြင်မှုရရှိလေ၏။ ထိုသို့ အရာရာ၌အောင်မြင်မှုရရှိနေသည်ကို ရှောလုမင်းကြီး သိမြင်လျှင် ဒါဝိဒ်ကို ပို၍ကြောက်လေ၏။ သို့သော် အစ္စရေးလူမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့သည် စစ်ချီရာတွင် သူတို့ကို ဦးဆောင်ပေးသောဒါဝိဒ်ကို ချစ်ကြ၏။