YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 18:1-16

ဓမ္မရာဇဝင်ပထမစောင် 18:1-16 MSBU

ဒါဝိဒ်​သည် ရှောလု​မင်းကြီး​နှင့်​စကား​ပြောဆို​ပြီး​နောက်​တွင် ယောနသန်​၏​စိတ်​သည် ဒါဝိဒ်​၏​စိတ်​နှင့်​ငြိတွယ်​သွား​ပြီး ယောနသန်​သည် ကိုယ်​နှင့်အမျှ ဒါဝိဒ်​ကို​ချစ်​လေ​၏​။ ထို​နေ့​မှစ၍ ရှောလု​မင်းကြီး​သည် ဒါဝိဒ်​အား ဖခင်​အိမ်​သို့ ပြန်သွား​ခွင့်​မ​ပေး​တော့​ဘဲ ခေါ်ထား​လေ​၏​။ ယောနသန်​သည် ဒါဝိဒ်​ကို ကိုယ်​နှင့်အမျှ​ချစ်​သောကြောင့် ဒါဝိဒ်​နှင့်​ကတိသစ္စာ​ပြု​လေ​၏​။ ထို့နောက် ယောနသန်​သည် မိမိ​ဝတ်​ထား​သော​ဝတ်လုံ​ကို​ချွတ်​ပြီး ဒါဝိဒ်​အား​ပေး​၏​။ စစ်ဝတ်တန်ဆာ​များ​၊ ဓား​၊ လေး​နှင့်​ခါးပန်း​တို့​ကို​လည်း ပေး​၏​။ ဒါဝိဒ်​သည် ရှောလု​မင်းကြီး​စေခိုင်း​သမျှ​တို့​၌ အောင်မြင်​စွာ​လုပ်ဆောင်​နိုင်​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​အား စစ်သူရဲအုပ်​အရာ​၌​ခန့်ထား​ရာ စစ်သည်​အပေါင်း​တို့​သာမက ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​လည်း သူ့​ကို နှစ်သက်​သဘောကျ​ကြ​၏​။ ဒါဝိဒ်​အပါအဝင် စစ်သည်​တို့​သည် ဖိလိတ္တိ​လူမျိုး​ကို နှိမ်နင်း​ရာ​မှ ပြန်လာ​သော​အချိန်​တွင် အစ္စရေး​မြို့​အသီးသီး​တို့​မှ အမျိုးသမီး​တို့​သည် ရှောလု​မင်းကြီး​ကို ကြိုဆို​ရန် ဝမ်းမြောက်​စွာ​ဖြင့် ပတ်သာ​၊ စောင်း​တို့​ကို တီးမှုတ်​၍ သီဆို​ကခုန်​လျက် ထွက်လာ​ကြ​၏​။ ထို​အမျိုးသမီး​တို့​သည် ကခုန်​လျက် “​ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း သတ်​လေ​ပြီ​”​ဟု သီဆို​ကြ​၏​။ ထိုသို့ သီဆို​သည်​ကို ရှောလု​မင်းကြီး​သည် ဘဝင်မကျ​ဘဲ အလွန်​အမျက်ထွက်​လျက် “​သူ​တို့​က ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း​ဟု ဆို​ကြ​လေ​ပြီ​။ ထို့​ထက်​ပို​လာ​လျှင် သူ့​အား နိုင်ငံ​တော်​ပေး​ရန်​သာ​ရှိ​တော့​သည်​”​ဟု ဆို​၏​။ ထို​နေ့​မှစ၍ ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို မနာလိုစိတ်​ဝင်​၍ စောင့်ကြည့်​နေ​လေ​၏​။ နောက်တစ်နေ့​တွင် ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် ရှောလု​မင်းကြီး​ကို ဝင်ပူး​သဖြင့် သူ​သည် နန်းတော်​အလယ်​တွင် အော်ဟစ်ရေရွတ်​နေ​၍ ဒါဝိဒ်​သည် ယခင်​နေ့​များ​ကဲ့သို့ပင် စောင်းတီး​ပေး​၏​။ ရှောလု​မင်းကြီး​သည် လှံ​ကို​လည်း ကိုင်​ထား​၏​။ ထိုအခါ ရှောလု​မင်းကြီး​က “​ဒါဝိဒ်​ကို နံရံ​ထုတ်ချင်းပေါက်​အောင် ငါ​ထိုးသတ်​မည်​”​ဟု ဆို​လျက် လှံ​ကို​ပစ်လွှတ်​လိုက်​၏​။ သို့သော် ဒါဝိဒ်​သည် နှစ်​ကြိမ်​တိုင်တိုင် ရှောင်တိမ်း​လိုက်​နိုင်​၏​။ ထာဝရဘုရား​သည် ရှောလု​မင်းကြီး​ကို စွန့်ပယ်​၍ ဒါဝိဒ်​နှင့်အတူ ရှိ​နေ​သောကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ကြောက်​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို လူ​တစ်ထောင်အုပ်​အဖြစ်​ခန့်အပ်​ပြီး အထံ​တော်​မှ​ရွှေ့ပြောင်း​ပစ်​၏​။ ဒါဝိဒ်​သည်​လည်း စစ်သည်​တို့​ကို ဦးဆောင်​ရ​၏​။ ထာဝရဘုရား​သည် ဒါဝိဒ်​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် သူ​လုပ်ဆောင်​လေရာရာ​တို့​၌ အောင်မြင်​မှု​ရရှိ​လေ​၏​။ ထိုသို့ အရာရာ​၌​အောင်မြင်​မှု​ရရှိ​နေ​သည်​ကို ရှောလု​မင်းကြီး သိမြင်​လျှင် ဒါဝိဒ်​ကို ပို၍​ကြောက်​လေ​၏​။ သို့သော် အစ္စရေး​လူမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​သည် စစ်ချီ​ရာ​တွင် သူ​တို့​ကို ဦးဆောင်​ပေး​သော​ဒါဝိဒ်​ကို ချစ်​ကြ​၏​။