၁ ဓမ္မရာဇဝင် 17:41-50
၁ ဓမ္မရာဇဝင် 17:41-50 Judson Bible (JBMLE)
ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ချဉ်း၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား၏။ ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကိုမြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူဖြစ်၏။ ဖိလိတ္တိလူက၊ သင်သည် တောင်ဝှေးနှင့် ငါ့ထံသို့လာရမည်အကြောင်း၊ ငါသည် ခွေးဖြစ်သလောဟုမေးလျက်၊ မိမိဘုရားတို့ကိုတိုင်တည်၍ ဒါဝိဒ်ကိုကျိန်ဆဲလေ၏။ တစ်ဖန် ဖိလိတ္တိလူက လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို၏။ ဒါဝိဒ်ကသင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်ပါလျက် သင်ရှိရာသို့လာ၏။ ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့အပ်တော်မူသဖြင့်၊ သင့်ကိုငါသတ်၍ လည်ပင်းကိုဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင်ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိရကြလိမ့်မည်။ ထာဝရဘုရားသည် ဓားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကိုပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော်မူမည်ဟု ဖိလိတ္တိလူအားဆို၏။ ဖိလိတ္တိလူသည် ထ၍ ဒါဝိဒ်နှင့်တွေ့ခြင်းငှာ ချဉ်းလာသောအခါ၊ ဒါဝိဒ်သည်လည်း ဖိလိတ္တိလူနှင့်တွေ့ခြင်းငှာ ဗိုလ်ခြေရှိရာသို့ အလျင်အမြန်ပြေးပြီးမှ၊ လွယ်အိတ်ထဲက ကျောက်တစ်လုံးကို နှိုက်ယူ၍လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကိုမှန်၍ နဖူးပေါက်သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။ ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တစ်လုံးအားဖြင့် နိုင်လျက် ထိခိုက်၍သတ်လေ၏။
၁ ဓမ္မရာဇဝင် 17:41-50 Common Language Bible (BCL)
ဂေါလျတ်သည်မိမိ၏ဒိုင်းလွှားကိုင်ဆောင် သူ၏နောက်မှနေ၍ ဒါဝိဒ်ရှိရာသို့ချဉ်း ကပ်လာ၏။- သူသည်ဒါဝိဒ်ကိုသေချာစွာကြည့်သော အခါ ဒါဝိဒ်ကားရှုချင်ဖွယ်ကောင်းသည့် သူငယ်တစ်ယောက်မျှသာဖြစ်သည်ကိုတွေ့ ရှိရသောကြောင့် သူ့အားမထီလေးစားပြု လေသည်။- သူကဒါဝိဒ်အား``တောင်ဝှေးနှင့်အဘယ်ကြောင့် လာပါသနည်း။ ငါ့အားခွေးထင်မှတ်သလော'' ဟုဆိုပြီးလျှင်မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်အားကျိန်ဆဲလေသည်။- ထိုနောက်``လာခဲ့လော့။ ငါသည်သင့်အသား ကိုငှက်များနှင့်သားရဲတိရစ္ဆာန်များ၏ အစာဖြစ်စေအံ့'' ဟုဆို၏။ ဒါဝိဒ်က``သင်သည်ဋ္ဌား၊ ပစ်လှံ၊ ထိုးလှံတို့နှင့် သာလာ၏။ ငါမူကားသင်အံတုသည့်ဣသရေ လစစ်သည်တော်တို့၏ဘုရားဖြစ်တော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရား၏နာမတော် နှင့်လာ၏။- ယနေ့ပင်လျှင်ထာဝရဘုရားသည်သင့်အား ငါ၏လက်တွင်အပ်နှင်းတော်မူလိမ့်မည်။ ငါ သည်သင့်ကိုနှိမ်နင်း၍သင်၏ဦးခေါင်းကို ဖြတ်ပစ်မည်။ ဖိလိတ္တိတပ်သားတို့၏အသေ ကောင်များကိုငှက်များ၊ သားရဲတိရစ္ဆာန်များ ၏အစာဖြစ်စေမည်။ ထိုအခါဣသရေလ အမျိုးသားတို့တွင် ဘုရားရှိတော်မူကြောင်း တစ်ကမ္ဘာလုံးသိကြလိမ့်မည်။- ကိုယ်တော်သည်မိမိ၏လူမျိုးတော်အားကယ် တင်ရန်အတွက် ဋ္ဌား၊ လှံလက်နက်များကိုအသုံး ပြုတော်မူရန်မလိုကြောင်းကိုလည်း ဤအရပ် တွင်ရှိသမျှသောလူတို့တွေ့မြင်ရကြလိမ့် မည်။ ကိုယ်တော်သည်စစ်မက်ရေးရာကိုပိုင် တော်မူသဖြင့် သင်တို့အားလုံးကိုငါတို့ လက်သို့အပ်နှင်းတော်မူလိမ့်မည်'' ဟုဆို၏။ ဂေါလျတ်သည် ဒါဝိဒ်ရှိရာသို့တစ်ဖန်ချဉ်းကပ် လာ၏။ ဒါဝိဒ်သည်သူနှင့်စစ်ထိုးရန်ဖိလိတ္တိ တပ်ဦးသို့အလျင်အမြန်ပြေး၍၊- မိမိလွယ်အိတ်မှကျောက်ခဲတစ်လုံးကိုနှိုက်ယူ ပြီးလျှင် လောက်လွှဲနှင့်ဂေါလျတ်အားပစ်လိုက်၏။ ကျောက်ခဲသည်ဂေါလျတ်၏နဖူးကိုထိမှန်၍ နဖူးပေါက်သဖြင့်ဂေါလျတ်သည်မြေပေါ်သို့ ငိုက်စိုက်လဲကျသွားတော့၏။- ဤကဲ့သို့ဒါဝိဒ်သည်ဋ္ဌားမပါဘဲ လောက်လွှဲနှင့် ကျောက်ခဲတစ်လုံးဖြင့်ဂေါလျတ်အားသေ လောက်သည့်ဒဏ်ရာရစေလျက်နှိမ်နင်းလိုက် သတည်း။
၁ ဓမ္မရာဇဝင် 17:41-50 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုဖိလိတ္တိပြည်သားသည် ဒါဝိဒ်ထံသို့ချဉ်းကပ်လာ၏။ ဒိုင်းလွှားကိုင်သူလည်း သူ့ရှေ့မှ သွား၏။ ထိုဖိလိတ္တိပြည်သားသည် ငယ်ရွယ်နုနယ်၍ နီမြန်းသောအသားအရေနှင့် ခန့်ညားသောရုပ်ရည်ရှိသောဒါဝိဒ်ကို မြင်သောအခါ အထင်သေးသောအကြည့်ဖြင့် ကြည့်၏။ ထို့နောက် ဖိလိတ္တိပြည်သားက ဒါဝိဒ်အား “သင်သည် တောင်ဝှေးမျှလောက်ဖြင့် ငါ့ထံလာသည်မှာ ငါသည် ခွေးဖြစ်၍လော”ဟု ဆိုလျက် ဖိလိတ္တိပြည်သားသည် မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲ၏။ ထို့ပြင် ထိုဖိလိတ္တိပြည်သားက ဒါဝိဒ်အား “ငါ့ထံသို့ လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်များ၊ တောတိရစ္ဆာန်များအား ကျွေးပစ်မည်”ဟု ဆို၏။ ဒါဝိဒ်ကလည်း ထိုဖိလိတ္တိပြည်သားအား “သင်သည် ဓား၊ လှံတို၊ လှံရှည်တို့ဖြင့် ငါ့ထံလာ၏။ ငါမူကား သင်စော်ကားပြောဆိုနေသော အစ္စရေးစစ်သည်တို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်ဖြင့် သင့်ထံလာ၏။ ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။ ထို့ပြင် ထာဝရဘုရားသည် ဓား၊ လှံအားဖြင့် ကယ်တင်သည်မဟုတ်ကြောင်းကို ဤလူထုကြီး သိရလိမ့်မည်။ စစ်မှုသည် ထာဝရဘုရား၏အရေးဖြစ်၍ ကိုယ်တော်သည် သင်တို့ကို ငါတို့လက်သို့ အပ်နှံတော်မူမည်”ဟု ဆို၏။ ထိုအခါ ဖိလိတ္တိပြည်သားသည် ဒါဝိဒ်ကို တိုက်ခိုက်ရန် ရှေ့သို့တိုးလာရာ ဒါဝိဒ်သည်လည်း သူ့ကို ရင်ဆိုင်တိုက်ခိုက်ရန် အလျင်အမြန်ပြေးသွား၏။ ဒါဝိဒ်သည် အိတ်ထဲမှ ကျောက်တစ်လုံးကို နှိုက်ယူပြီး လွှဲပစ်လိုက်ရာ ဖိလိတ္တိပြည်သား၏နဖူးကို ထိမှန်၍ နဖူးပေါက်သွားသဖြင့် ထိုသူသည် မြေပေါ်သို့ မှောက်လျက်လဲကျသွားလေ၏။ ဤသို့ဖြင့် ဒါဝိဒ်သည် လောက်လွှဲတစ်ခု၊ ကျောက်တစ်လုံးဖြင့် ထိုဖိလိတ္တိပြည်သားကို အနိုင်ရခဲ့၏။ လက်ထဲတွင် ဓားမပါဘဲ ဒါဝိဒ်သည် ထိုဖိလိတ္တိပြည်သားကို တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့၏။