၁ ဓမ္မရာဇဝင် 16:1-7
၁ ဓမ္မရာဇဝင် 16:1-7 Judson Bible (JBMLE)
တစ်ဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။ ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတမ်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာလာပြီဟု ပြောလော့။ ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဖိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဖို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့သား အသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက်ကြသော်၊ ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟုဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ခေါ်လေ၏။ သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံရသောသူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊ ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်ဟု ရှမွေလအားမိန့်တော်မူ၏။
၁ ဓမ္မရာဇဝင် 16:1-7 Common Language Bible (BCL)
ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။ ရှမွေလသည်``ဤအမှုကိုအဘယ်သို့ပြုနိုင် ပါမည်နည်း။ ရှောလုကြားသိပါကအကျွန်ုပ် အားသတ်ပစ်ပါလိမ့်မည်'' ဟုလျှောက်၏။ ဘုရားသခင်က``နွားကလေးတစ်ကောင်ကိုယူ ၍သွားပြီးလျှင် သင်သည်ထာဝရဘုရားအား ယဇ်ပူဇော်ရန်ရောက်ရှိလာကြောင်းပြောကြား လော့။ ယေရှဲအားယဇ်ပူဇော်ပွဲသို့ဖိတ်ခေါ် လော့။ သင်အဘယ်သို့ပြုရမည်ကိုငါပြော မည်။ ငါဖော်ပြသူအားရာဇဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။ ရှမွေလသည်ထာဝရဘုရား၏အမိန့်တော် အတိုင်း ဆောင်ရွက်ပြီးနောက်ဗက်လင်မြို့သို့ သွား၏။ ထိုမြို့မှခေါင်းဆောင်များသည်တုန် လှုပ်လျက်ခရီးဦးကြိုပြုပြီးလျှင်``ကိုယ် တော်အေးချမ်းစွာကြွလာပါသလော'' ဟု မေးကြ၏။ ရှမွေလက``အေးချမ်းစွာလာခြင်းဖြစ်ပါ သည်။ ငါသည်ထာဝရဘုရားအားယဇ်ပူ ဇော်ရန်ရောက်လာခြင်းဖြစ်၏။ သင်တို့သည် မိမိတို့ကိုယ်ကိုသန့်စင်စေ၍ငါနှင့်အတူ လိုက်ခဲ့ကြလော့'' ဟုဆို၏။ ယေရှဲ၏သား များကိုလည်းမိမိတို့ကိုယ်ကိုသန့်စင်စေ ပြီးလျှင် ယဇ်ပူဇော်ရာသို့လိုက်လာရန် ခေါ်ဖိတ်လေ၏။ သူတို့ရောက်လာကြသောအခါရှမွေလ သည်ယေရှဲ၏သားဧလျာဘကိုမြင်လျှင်``ဤ တွင်ထာဝရဘုရား၏ရှေ့တော်၌ရပ်နေ သောသူကားကိုယ်တော်ရွေးချယ်တော်မူ သည့်သူအမှန်ပင်ဖြစ်ရာ၏'' ဟုတွေး တောမိ၏။- သို့ရာတွင်ထာဝရဘုရားက``ထိုသူ၏ အရပ်အမောင်းကောင်းမှုနှင့်တင့်တယ် လှပမှုတို့ကိုမကြည့်နှင့်။ ငါသည်လူတို့ ကဲ့သို့အကဲဖြတ်သည်မဟုတ်။ သို့ဖြစ်၍ သူ့ကိုငါပယ်ပြီ။ လူသည်ပြင်ပသဏ္ဌာန်ကို ကြည့်တတ်၏။ ငါမူကားစိတ်နှလုံးကို ကြည့်၏'' ဟုမိန့်တော်မူ၏။
၁ ဓမ္မရာဇဝင် 16:1-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ရှမွေလက “အကျွန်ုပ် မည်သို့သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် အကျွန်ုပ်ကို သတ်ပါလိမ့်မည်”ဟု ပြန်လျှောက်ရာ ထာဝရဘုရားက “နွားအုပ်ထဲမှ နွားမတမ်းတစ်ကောင်ကိုယူ၍ ‘ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငါလာသည်’ဟု ဆိုလော့။ ယေရှဲကို ယဇ်ပူဇော်ပွဲသို့ ဖိတ်ခေါ်ရမည်။ သင်ပြုရမည့်အမှုကို ငါပြမည်။ သင့်အား ငါဖော်ပြသောသူကို ငါ့အဖို့ သင်ဘိသိက်ပေးရမည်”ဟု မိန့်တော်မူ၏။ ရှမွေလလည်း ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ပြု၏။ သူသည် ဗက်လင်မြို့သို့ရောက်သောအခါ ထိုမြို့၏သက်ကြီးဝါကြီးတို့သည် ကြောက်ရွံ့တုန်လှုပ်ကြပြီး သူနှင့်လာတွေ့၍ “အရှင်သည် ငြိမ်းချမ်းရေးအတွက် လာသလော”ဟု မေးကြ၏။ ရှမွေလကလည်း “ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငြိမ်းချမ်းရေးအတွက် လာပါ၏။ ကိုယ်ကို စင်ကြယ်စေကြပြီး ငါနှင့်အတူ ယဇ်ပူဇော်ပွဲသို့ လာကြလော့”ဟု သူတို့အား ဆို၏။ ယေရှဲနှင့် သူ့သားများကိုလည်း စင်ကြယ်အောင်ပြုပြီးမှ ယဇ်ပူဇော်ပွဲသို့လာရန် ဖိတ်ခေါ်၏။ သူတို့ရောက်လာကြသောအခါ ရှမွေလသည် ဧလျာဘကိုမြင်လျှင် “ထာဝရဘုရား ဘိသိက်ပေးမည့်သူသည် ရှေ့မှောက်တော်သို့ ရောက်ပြီ”ဟု တွေး၏။ ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။