YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 16:1-7

ဓမ္မရာဇဝင်ပထမစောင် 16:1-7 MSBU

တစ်ဖန် ထာဝရဘုရား​က ရှမွေလ​အား “​ရှောလု​အဖို့ မည်သည့်​အချိန်​ထိ သင် ငိုကြွေးမြည်တမ်း​နေ​မည်နည်း​။ သူ့​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ်​မှ ငါ ပယ်​လိုက်​ပြီ​။ သင့်​ဦးချို​ဆီဘူး​ကို ဆီ​ဖြည့်​၍​သွား​လော့​။ ဗက်လင်​မြို့သား ယေရှဲ​ထံသို့ သင့်​ကို ငါ​စေလွှတ်​မည်​။ ငါ့​အဖို့ ရှင်ဘုရင်​တစ်ပါး​ကို သူ​၏​သား​များ​ထဲမှာ ငါ​တွေ့​ထား​ပြီ”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ ရှမွေလ​က “​အကျွန်ုပ် မည်သို့​သွား​နိုင်​ပါ​မည်နည်း​။ ရှောလု​ကြား​လျှင် အကျွန်ုပ်​ကို သတ်​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​ရာ ထာဝရဘုရား​က “​နွားအုပ်​ထဲမှ နွားမတမ်း​တစ်​ကောင်​ကို​ယူ​၍ ‘​ထာဝရဘုရား​ထံ ယဇ်ပူဇော်​ဖို့ ငါ​လာ​သည်​’​ဟု ဆို​လော့​။ ယေရှဲ​ကို ယဇ်ပူဇော်ပွဲ​သို့ ဖိတ်ခေါ်​ရ​မည်​။ သင်​ပြု​ရ​မည့်​အမှု​ကို ငါ​ပြ​မည်​။ သင့်​အား ငါ​ဖော်ပြ​သော​သူ​ကို ငါ့​အဖို့ သင်​ဘိသိက်ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ရှမွေလ​လည်း ထာဝရဘုရား မိန့်​တော်မူ​သည့်​အတိုင်း ပြု​၏​။ သူ​သည် ဗက်လင်​မြို့​သို့​ရောက်​သောအခါ ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​ပြီး သူ​နှင့်​လာတွေ့​၍ “​အရှင်​သည် ငြိမ်းချမ်းရေး​အတွက် လာ​သလော​”​ဟု မေး​ကြ​၏​။ ရှမွေလ​က​လည်း “​ထာဝရဘုရား​ထံ ယဇ်ပူဇော်​ဖို့ ငြိမ်းချမ်းရေး​အတွက် လာ​ပါ​၏​။ ကိုယ်​ကို စင်ကြယ်​စေ​ကြ​ပြီး ငါ​နှင့်အတူ ယဇ်ပူဇော်ပွဲ​သို့ လာ​ကြ​လော့​”​ဟု သူ​တို့​အား ဆို​၏​။ ယေရှဲ​နှင့် သူ့​သား​များ​ကို​လည်း စင်ကြယ်​အောင်​ပြု​ပြီးမှ ယဇ်ပူဇော်ပွဲ​သို့​လာ​ရန် ဖိတ်ခေါ်​၏​။ သူ​တို့​ရောက်လာ​ကြ​သောအခါ ရှမွေလ​သည် ဧလျာဘ​ကို​မြင်​လျှင် “​ထာဝရဘုရား ဘိသိက်ပေး​မည့်​သူ​သည် ရှေ့မှောက်​တော်​သို့ ရောက်​ပြီ​”​ဟု တွေး​၏​။ ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​၏​ရုပ်ရည်အဆင်း​နှင့် အရပ်အမောင်း​ကို မ​ကြည့်​နှင့်​။ သူ့​ကို ငါ​ပယ်​ပြီ​။ ထာဝရဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်​တော်မူ​သည်​မ​ဟုတ်​။ လူ​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​တတ်​၏​။ ထာဝရဘုရား​မူကား စိတ်နှလုံး​ကို ကြည့်​တော်မူ​၏​”​ဟု မိန့်​တော်မူ​၏​။