၃ ဓမ္မရာဇဝင် 19:9-16
၃ ဓမ္မရာဇဝင် 19:9-16 Judson Bible (JBMLE)
ဥမင်ထဲသို့ ဝင်၍နေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု မေးတော်မူ၏။ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန်စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ ပဋိညာဉ်တရားကိုစွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ပရောဖက်များကို ဓားနှင့် သတ်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင်သတ်ခြင်းငှာ ရှာကြပါသည်ဟု လျှောက်လေ၏။ နှုတ်ကပတ်တော်ကလည်း ထွက်လော့။ ထာဝရဘုရားရှေ့ တောင်ပေါ်မှာရပ်နေလော့။ ထာဝရဘုရားလျှောက်သွားမည်ဟု မိန့်တော်မူ၏။ ထိုအခါ အားကြီးသောလေပြင်းသည် တောင်ထိပ်တို့ကိုခွဲ၍၊ ထာဝရဘုရားရှေ့တော်၌ ကျောက်တို့ကို ချိုးဖဲ့၏။ သို့ရာတွင် ထာဝရဘုရားသည် လေ၌ရှိတော်မမူ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မြေလှုပ်ရှားခြင်း၌လည်း ရှိတော်မမူ။ မြေလှုပ်ခြင်းနောက်မှာ မီးရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်း ရှိတော်မမူ၊ မီးနောက်မှာ ဖြည်းညင်းသောအသံ ရှိ၏။ ထိုအသံကို ဧလိယသည်ကြားလျှင်၊ မျက်နှာကို ဝတ်လုံနှင့်ဖုံးအုပ်လျက်ထွက်၍ ဥမင်ဝ၌ရပ်နေ၏။ ထိုအခါ ဧလိယ၊ သင်သည်ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု အသံလာ၏။ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန်စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက်များကို ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှာ ရှာကြပါသည်ဟု လျှောက်လေသော်၊ ထာဝရဘုရားက၊ ဒမာသက်တောသို့ပြန်၍ ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလမဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ခန့်ထား၍ ဘိသိက်ပေးလော့။
၃ ဓမ္မရာဇဝင် 19:9-16 Common Language Bible (BCL)
သူသည်ထိုတောင်သို့ရောက်သောအခါဂူထဲ သို့ဝင်၍အိပ်၏။ ထိုအခါထာဝရဘုရားကသူ့အား``ဧလိယ၊ သင်သည်ဤအရပ်သို့အဘယ်ကြောင့်ရောက်လာ သနည်း'' ဟုမေးတော်မူ၏။ ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသ ရေလပြည်သူတို့မူကားကိုယ်တော်နှင့်ပြုထား သည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာကိုယ်တော်၏ ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်း သာမသေဘဲကျန်ရှိသောအကျွန်ုပ်၏အသက် အန္တရာယ်ကိုပင်ရှာကြံလျက်နေကြပါ၏'' ဟု လျှောက်၏။ ထိုအခါထာဝရဘုရားကသူ့အား``ဂူပြင် သို့ထွက်၍တောင်ထိပ်ပေါ်၌ငါ၏အရှေ့မျက် မှောက်တွင်ရပ်နေလော့'' ဟုမိန့်တော်မူ၏။ ထို့ နောက်ထာဝရဘုရားသည်သူ၏အနီးမှ ဖြတ်ကြွတော်မူ၍ လေပြင်းမုန်တိုင်းကိုတိုက် ခတ်စေတော်မူ၏။ သို့ဖြစ်၍တောင်များသည် ပြိုကွဲကြလျက်ကျောက်တို့သည်လည်းကြေ မွသွားလေသည်။ သို့ရာတွင်ထာဝရဘုရား သည်ထိုလေမုန်တိုင်းထဲ၌ရှိတော်မမူ။ လေ အတိုက်ရပ်သောအခါမြေငလျင်လှုပ်လေ ၏။ သို့ရာတွင်ထိုမြေငလျင်ထဲ၌လည်း ထာဝရဘုရားရှိတော်မမူ။- မြေငလျင်လှုပ်ပြီးနောက်မီးလျှံတောက် လောင်လေသည်။ သို့ရာတွင်ထိုမီးလျှံထဲ၌ လည်းထာဝရဘုရားရှိတော်မမူ။ မီးလျှံ တောက်လောင်ပြီးနောက်ဖြည်းညှင်းသောအသံ ပေါ်ထွက်လာ၏။ ထိုအသံကိုကြားသောအခါ ဧလိယသည် မိမိ၏မျက်နှာကိုဝတ်လုံဖြင့်အုပ်၍ထွက်သွား ပြီးလျှင်ဂူဝတွင်ရပ်နေ၏။ ထိုအခါ``ဧလိယ၊ သင်သည်အဘယ်ကြောင့်ဤအရပ်သို့ရောက်ရှိ လာသနည်း'' ဟုမေးသံကိုကြားရ၏။ ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသရေလပြည်သူတို့မူကားကိုယ်တော်နှင့် ပြုထားသည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာ ကိုယ်တော်၏ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်းသာလျှင်မသေဘဲ ကျန်ရှိသော အကျွန်ုပ်၏အသက်အန္တရာယ်ကိုရှာကြံနေ ကြပါ၏'' ဟုလျှောက်၏။ ထာဝရဘုရားက``သင်သည်ဒမာသက်မြို့အနီး တောကန္တာရသို့ပြန်သွားပြီးနောက် ထိုမြို့သို့ဝင် ၍ဟာဇေလအားရှုရိဘုရင်အဖြစ်ဘိသိက် ပေးလော့။- နိမ်ရှိ၏သားယေဟုကိုဣသရေလဘုရင် အဖြစ်ဘိသိက်ပေးလော့။ အာဗေလမဟောလ မြို့သားရှာဖတ်၏သားဧလိရှဲကိုသင်၏ အရိုက်အရာဆက်ခံရန်ပရောဖက်အဖြစ် ဘိသိက်ပေးလော့။
၃ ဓမ္မရာဇဝင် 19:9-16 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုနေရာရှိလိုဏ်ဂူတစ်ခုထဲသို့ဝင်၍ ညအိပ်၏။ ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မိန့်ဆို၏။ ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။ ထိုအခါ ကိုယ်တော်က “တောင်ပေါ်သို့သွား၍ ထာဝရဘုရားရှေ့တော်တွင် ရပ်နေလော့”ဟု သူ့အား မိန့်တော်မူ၏။ ထာဝရဘုရားဖြတ်လျှောက်တော်မူလျှင် ပြင်းထန်သောလေအဟုန်ကြောင့် တောင်များအက်ကွဲကုန်၏။ ထာဝရဘုရားရှေ့မှောက်တွင် ကျောက်များကျိုးပဲ့ကုန်၏။ သို့သော် ထာဝရဘုရားသည် လေထဲ၌ ရှိတော်မမူ။ လေတိုက်ပြီးမှ ငလျင်လှုပ်၏။ သို့သော် ထာဝရဘုရားသည် ငလျင်ထဲတွင်လည်း ရှိတော်မမူ။ ငလျင်လှုပ်ပြီးနောက် မီးလောင်၏။ သို့သော် ထာဝရဘုရားသည် မီးထဲတွင် ရှိတော်မမူ။ မီးလောင်ပြီးနောက် ဖြည်းညင်းသာယာသောအသံ ထွက်လာ၏။ ဧလိယသည် ထိုအသံကိုကြားလျှင် မိမိမျက်နှာကို ဝတ်လုံနှင့်အုပ်ပြီး တောင်ထိပ်လိုဏ်ဂူဝတွင် ထွက်ရပ်နေ၏။ ထိုအခါ အသံတော်က “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မေး၏။ ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။ ထာဝရဘုရားကလည်း သူ့အား “သင်လာသည့်လမ်းအတိုင်း ဒမတ်စကပ်တောကန္တာရသို့ ပြန်သွားလော့။ ရောက်လျှင် ဟာဇေလကို ဆီးရီးယားဘုရင်အဖြစ်၊ နိမ်ရှိ၏သားယေဟုကို အစ္စရေးဘုရင်အဖြစ် ဘိသိက်ပေးလော့။ အာဗေလမဟောလမြို့ရှိ ရှာဖတ်၏သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အဖြစ် ဘိသိက်ပေးလော့။