YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 19:9-16

ဓမ္မရာဇဝင်တတိယစောင် 19:9-16 MSBU

ထို​နေရာ​ရှိ​လိုဏ်ဂူ​တစ်​ခု​ထဲသို့​ဝင်​၍ ညအိပ်​၏​။ ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့​ရောက်လာ​၍ “​ဧလိယ​၊ ဤ​နေရာ​တွင် ဘာလုပ်​နေ​သနည်း​”​ဟု သူ့​အား မိန့်ဆို​၏​။ ထိုအခါ သူ​က “​အကျွန်ုပ်​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​အဖို့ အလွန်​စိတ်အားထက်သန်​သူ​ဖြစ်​ပါ​၏​။ အစ္စရေး​အမျိုးသား​တို့​မူကား ကိုယ်တော်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီး ကိုယ်တော်​၏​ယဇ်ပလ္လင်​များ​ကို​လည်း ဖြိုဖျက်​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​ပရောဖက်​များ​ကို​လည်း ဓား​နှင့်​သတ်​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ ကျန်ခဲ့​ပါ​၏​။ ယခု​လည်း အကျွန်ုပ်​ကို​သတ်​ရန် လိုက်ရှာ​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ကိုယ်တော်​က “​တောင်​ပေါ်သို့​သွား​၍ ထာဝရဘုရား​ရှေ့​တော်​တွင် ရပ်​နေ​လော့​”​ဟု သူ့​အား မိန့်​တော်မူ​၏​။ ထာဝရဘုရား​ဖြတ်လျှောက်​တော်မူ​လျှင် ပြင်းထန်​သော​လေ​အဟုန်​ကြောင့် တောင်​များ​အက်ကွဲ​ကုန်​၏​။ ထာဝရဘုရား​ရှေ့မှောက်​တွင် ကျောက်​များ​ကျိုးပဲ့​ကုန်​၏​။ သို့သော် ထာဝရဘုရား​သည် လေ​ထဲ၌ ရှိ​တော်​မ​မူ​။ လေတိုက်​ပြီးမှ ငလျင်လှုပ်​၏​။ သို့သော် ထာဝရဘုရား​သည် ငလျင်​ထဲတွင်​လည်း ရှိ​တော်​မ​မူ​။ ငလျင်လှုပ်​ပြီးနောက် မီးလောင်​၏​။ သို့သော် ထာဝရဘုရား​သည် မီး​ထဲတွင် ရှိ​တော်​မ​မူ​။ မီးလောင်​ပြီးနောက် ဖြည်းညင်း​သာယာ​သော​အသံ ထွက်လာ​၏​။ ဧလိယ​သည် ထို​အသံ​ကို​ကြား​လျှင် မိမိ​မျက်နှာ​ကို ဝတ်လုံ​နှင့်​အုပ်​ပြီး တောင်ထိပ်​လိုဏ်ဂူ​ဝ​တွင် ထွက်​ရပ်​နေ​၏​။ ထိုအခါ အသံ​တော်​က “​ဧလိယ​၊ ဤ​နေရာ​တွင် ဘာလုပ်​နေ​သနည်း​”​ဟု သူ့​အား မေး​၏​။ ထိုအခါ သူ​က “​အကျွန်ုပ်​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အဖို့ အလွန်​စိတ်အားထက်သန်​သူ​ဖြစ်​ပါ​၏​။ အစ္စရေး​အမျိုးသား​တို့​မူကား ကိုယ်တော်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီး ကိုယ်တော်​၏​ယဇ်ပလ္လင်​များ​ကို​လည်း ဖြိုဖျက်​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​ပရောဖက်​များ​ကို​လည်း ဓား​နှင့်​သတ်​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ ကျန်ခဲ့​ပါ​၏​။ ယခု​လည်း အကျွန်ုပ်​ကို​သတ်​ရန် လိုက်ရှာ​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။ ထာဝရဘုရား​က​လည်း သူ့​အား “​သင်​လာ​သည့်​လမ်း​အတိုင်း ဒမတ်စကပ်​တောကန္တာရ​သို့ ပြန်သွား​လော့​။ ရောက်​လျှင် ဟာဇေလ​ကို ဆီးရီးယား​ဘုရင်​အဖြစ်​၊ နိမ်ရှိ​၏​သား​ယေဟု​ကို အစ္စရေး​ဘုရင်​အဖြစ် ဘိသိက်ပေး​လော့​။ အာဗေလမဟောလ​မြို့​ရှိ ရှာဖတ်​၏​သား​ဧလိရှဲ​ကို သင့်​ကိုယ်စား ပရောဖက်​အဖြစ် ဘိသိက်ပေး​လော့​။