YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 2:7-17

၁ ရှင်ယောဟန် 2:7-17 Judson Bible (JBMLE)

ချစ်​သူ​တို့၊ သင်​တို့​အား ငါ​ရေး​ထား​သော ပ​ညတ်​သည် ပ​ညတ်​သစ်​မ​ဟုတ်။ ရှေ့​ဦး​စွာ​က​ပင် သင်​တို့၌​ရှိ​သော ပ​ညတ်​ဟောင်း​ဖြစ်၏။ ပ​ညတ်​ဟောင်း​ကား၊ ရှေ့​ဦး​စွာ​က​ပင် သင်​တို့​ကြား​ရ​သော ဒေ​သ​နာ​တော်​ဖြစ်၏။- တစ်​ဖန်​တုံ၊ ပ​ညတ်​သစ်​ကို သင်​တို့​အား ငါ​ရေး​ထား၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အား​ဖြင့်​လည်း​ကောင်း၊ အ​သစ်​မှန်​ပေ၏။ အ​ကြောင်း​မူ​ကား၊ မှောင်​မိုက်​ပျောက်​လွင့်၍ မှန်​သော​အ​လင်း​သည် ထွန်း​တောက်​လျက်​ရှိ၏။- မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျက်​ပင်၊ ငါ​သည် အ​လင်း၌​ရှိ၏​ဟု ဆို​သော​သူ​သည် ယ​ခု​တိုင်​အောင် မှောင်​မိုက်၌ ရှိ​သေး၏။- မိ​မိ​ညီ​အစ်​ကို​ကို ချစ်​သော​သူ​သည် အ​လင်း၌ တည်​နေ၏။ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​သည် ထို​သူ၌​မ​ရှိ။- မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​သည် မှောင်​မိုက်၌​ရှိ၏။ မှောင်​မိုက်၌​လည်း ကျင်​လည်​သွား​လာ၏။ မှောင်​မိုက်​ကြောင့် သူ၏​မျက်​စိ မ​မြင်​နိုင်​သ​ဖြင့်၊ အ​ဘယ်​အ​ရပ်​သို့ ကိုယ်​သွား​သည်​ကို ကိုယ်​မ​သိ။- ချစ်​သား​တို့၊ သင်​တို့​သည် ထို​သ​ခင်၏ နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​နှင့် ကင်း​လွတ်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား​ငါ​ရေး၍ ပေး​လိုက်၏။ လူ​ပျို​တို့၊ သင်​တို့​သည် မာရ်​နတ်​ကို​အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သူ​ငယ်​တို့၊ သင်​တို့​သည် ခ​မည်း​တော်​ကို​သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။ လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ၍၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တော်၌ မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့် မာရ်​နတ်​ကို အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။- လော​က​ကို​လည်း​ကောင်း၊ လော​က၌​ရှိ​သော​အ​ရာ​တို့​ကို​လည်း​ကောင်း၊ မ​ချစ်​ကြ​နှင့်။ လော​က​ကို ချစ်​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို ချစ်​ခြင်း​မေ​တ္တာ​မ​ရှိ။- လော​က၌​ရှိ​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း၊ မျက်​စိ​တပ်​မက်​ခြင်း၊ လော​ကီ​စည်း​စိမ်၌ ဝါ​ကြွား​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်၊ လော​က​နှင့်​သာ စပ်​ဆိုင်​ကြ၏။- လော​က​နှင့် လော​ကီ​တပ်​မက်​ခြင်း​သည် ရွေ့​သွား​ကွယ်​ပျောက်​တတ်၏။ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကျင့်​သော​သူ​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်၏။

၁ ရှင်ယောဟန် 2:7-17 Common Language Bible (BCL)

ချစ်​ဆွေ​တို့၊ သင်​တို့​ထံ​သို့​ငါ​စာ​ရေး​သား ဖော်​ပြ​နေ​သည့်​ပ​ညတ်​သည်​အ​သစ်​မ​ဟုတ်။ အ​စ​မူ​လ​က​တည်း​က​သင်​တို့​ရ​ရှိ​ထား ကြ​သည့်​ပ​ညတ်​ဟောင်း​ဖြစ်​၏။ ထို​ပ​ညတ် ဟောင်း​ကား သင်​တို့​ကြား​နာ​ခဲ့​ရ​သည့် တ​ရား​တော်​ပင်​ဖြစ်​ပေ​သည်။- သို့​သော်​သင်​တို့​အား​ယ​ခု​ငါ​ရေး​သား ဖော်​ပြ​သည့်​ပ​ညတ်​သည်​အ​သစ်​ဖြစ်​၏။ ယင်း သို့​အ​မှန်​ပင်​အ​သစ်​ဖြစ်​ကြောင်း​ခ​ရစ်​တော် ၌​လည်း​ကောင်း၊ သင်​တို့​၌​လည်း​ကောင်း​ဖော်​ပြ လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​မှောင် သည်​ရွေ့​လျား​လျက်​အ​လင်း​စစ်​အ​လင်း​မှန် ပေါ်​ထွန်း​လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။ အ​လင်း​တွင်​ကျင်​လည်​ပါ​သည်​ဟု​ဆို​လျက် မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ယ​ခု တိုင်​အောင်​အ​မှောင်​တွင်​ကျင်​လည်​နေ​သေး​သူ ဖြစ်​၏။- ညီ​အစ်​ကို​ကို​ချစ်​သော​သူ​သည်​အ​လင်း​တွင် ကျင်​လည်​သော​သူ​ဖြစ်​၏။ သူ​သည်​အ​ဘယ်​သို့ မျှ​သူ​တစ်​ပါး​တို့​အား​အ​ပြစ်​ကူး​လွန်​စေ လိမ့်​မည်​မ​ဟုတ်။- သို့​ရာ​တွင်​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ကား​အ​မှောင်​တွင်​ကျင်​လည်​သူ​ဖြစ်​၏။ အ​မှောင် တွင်​ကျင်​လည်​၍​မျက်​စိ​မ​မြင်​နိုင်​သ​ဖြင့်​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။ သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​ရစ်​တော်​အ​တွက် ကြောင့်​အ​ပြစ်​လွတ်​ပြီ​ဖြစ်​၍​သင်​တို့​ထံ​ငါ စာ​ရေး​လိုက်​၏။- အ​ဖ​တို့၊ သင်​တို့​သည်​အ​စ​က​ပင်​ရှိ​တော်​မူ သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။ လူ​ငယ် လူ​ရွယ်​တို့၊ သင်​တို့​သည်​မာရ်​နတ်​ကို​အောင် သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။ သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​မည်း​တော် ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့်​သင်​တို့​ထံ​သို့ ငါ​စာ​ရေး​လိုက်​၏။ သင်​တို့​သည်​အ​စ​က​ပင် ရှိ​တော်​မူ​သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ် သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက် ၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည်​ခွန်​အား ရှိ​၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​တွင်​ကိန်း​အောင်း​လျက်၊ မာရ်​နတ်​ကို အောင်​သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး လိုက်​၏။ သင်​တို့​သည်​လော​က​ကို​သော်​လည်း​ကောင်း၊ လော ကီ​အ​ရာ​များ​ကို​သော်​လည်း​ကောင်း​မ​ချစ်​ကြ နှင့်။ လော​က​ကို​ချစ်​သော​သူ​သည်​ခ​မည်း​တော် ကို​မ​ချစ်။- ကာ​ယ​တပ်​မက်​စွဲ​လန်း​သော​အ​ရာ​များ၊ မျက်​စိ ဖြင့်​မြင်​၍​လို​ချင်​တပ်​မက်​သော​အ​ရာ​များ၊ ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​များ​အ​စ​ရှိ​သော​လော​ကီ အ​ရာ​ရှိ​သ​မျှ​တို့​သည်​ခ​မည်း​တော်​နှင့် မ​သက်​ဆိုင်။ လော​က​နှင့်​သာ​သက်​ဆိုင်​၏။- လော​က​နှင့်​တ​ကွ​လူ​တို့​တပ်​မက်​သော​အ​ရာ များ​သည်​ရွေ့​လျား​ကွယ်​ပျောက်​လျက်​နေ​လေ​ပြီ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​လို​တော်​ကို​ဆောင် ရွက်​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​မြဲ​တည်​လိမ့် မည်။

၁ ရှင်ယောဟန် 2:7-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ထံ ငါ​ရေး​လိုက်​သော​ပညတ်​သည် ပညတ်​သစ်​မ​ဟုတ်။ အစအဦး​က​ပင် သင်​တို့​၌​ရှိ​သော ပညတ်​ဟောင်း​သာ​ဖြစ်​၏။ ထို​ပညတ်​ဟောင်း​သည် သင်​တို့​ကြား​ခဲ့​ရ​သော နှုတ်ကပတ်တော်​ဖြစ်​၏။ တစ်ဖန် ခရစ်တော်​၌​လည်းကောင်း၊ သင်​တို့​၌​လည်းကောင်း မှန်ကန်​သော​ပညတ်​သစ်​ကို သင်​တို့​ထံသို့ ငါ​ရေး​လိုက်​၏။ အကြောင်းမူကား မှောင်မိုက်​သည် ရွေ့လျား​ကွယ်ပျောက်​သွား​၍ စစ်မှန်​သော​အလင်း​သည် ထွန်းတောက်​ပြီ​ဖြစ်​၏။ ငါ​သည် အလင်း​၌​ရှိ​၏​ဟု​ဆို​လျက် မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​သည် ယခု​တိုင်အောင် မှောင်မိုက်​၌​ရှိ​သေး​၏။ မိမိ​ညီအစ်ကို​ကို​ချစ်​သော​သူ​သည် အလင်း​၌​တည်​သည်​ဖြစ်၍ ထို​သူ​၌ မှားယွင်း​စေ​သော​အရာ​မ​ရှိ။ မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မူကား မှောင်မိုက်​၌​ရှိ​၍ မှောင်မိုက်​၌​အသက်ရှင်​လျှောက်လှမ်း​နေ​၏။ မှောင်မိုက်​သည် သူ​၏​မျက်စိ​ကို​ကွယ်​စေ​သဖြင့် သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​နေ​သည်​ကို မ​သိ။ သားသမီး​တို့၊ သင်​တို့​သည် ခရစ်တော်​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ ဖခင်​တို့၊ သင်​တို့​သည် အစအဦး​က​ပင်​ရှိ​တော်မူ​သော​အရှင်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူငယ်​လူရွယ်​တို့၊ သင်​တို့​သည် မကောင်း​သော​အရာ​ကို အောင်နိုင်​ခဲ့​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏​။ သားသမီး​တို့၊ သင်​တို့​သည် ခမည်းတော်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ ဖခင်​တို့၊ သင်​တို့​သည် အစအဦး​က​ပင်​ရှိ​တော်မူ​သော​အရှင်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူငယ်​လူရွယ်​တို့၊ သင်​တို့​သည် ခွန်အား​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် သင်​တို့​၌​တည်​သဖြင့် မကောင်း​သော​အရာ​ကို သင်​တို့​အောင်နိုင်​ခဲ့​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လောက​ကို​လည်းကောင်း၊ လောက​၌​ရှိ​သော​အရာ​တို့​ကို​လည်းကောင်း မ​ချစ်​ကြ​နှင့်။ မည်သူမဆို လောက​ကို​ချစ်​လျှင် ခမည်းတော်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌​မ​ရှိ။ အကြောင်းမူကား လောက​၌​ရှိသမျှ​သော​အရာ​တည်းဟူသော ကိုယ်ကာယ​၏​တပ်မက်​ခြင်း၊ မျက်စိ​၏​တပ်မက်​ခြင်း၊ စည်းစိမ်​၌​ကြွားဝါ​ခြင်း​တို့​သည် ခမည်းတော်​နှင့်​မ​စပ်ဆိုင်။ လောက​နှင့်​သာ​စပ်ဆိုင်​၏။ လောက​နှင့်​လောကီ​တပ်မက်​ခြင်း​တို့​သည် ရွေ့လျား​ကွယ်ပျောက်​သွား​မည်။ ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​မူကား ကာလ​အစဉ်အဆက်​တည်​၏။