YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ဩဝါဒစာပထမစောင် 2

2
1ငါ့​သားသမီး​တို့၊ သင်​တို့​သည် အပြစ်​မ​ပြု​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ တစ်စုံတစ်ယောက်​သည် အပြစ်​ပြု​မိ​ခဲ့​လျှင် ခမည်းတော်​ထံ၌ ကူညီ​ဖြေရှင်း​ပေး​သူ​တည်းဟူသော ဖြောင့်မတ်​သည့်​အရှင်​ယေရှု​ခရစ်တော်​သည် ငါ​တို့​အတွက်​ရှိ​၏။ 2ထို​အရှင်​သည် ငါ​တို့​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​ဖြစ်​တော်မူ​၏။ ငါ​တို့​အပြစ်​များ​အတွက်​သာမက လောကီသား​အပေါင်း​တို့​၏​အပြစ်​များ​အတွက်​လည်း ဖြစ်​တော်မူ​၏။
ခရစ်တော်၏ပညတ်တော်များ
3ငါ​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် ထို​အမှုအရာ​အားဖြင့် ဘုရားသခင်​ကို ငါ​တို့​သိကျွမ်း​သည်​ကို​သိ​ကြ​၏။ 4ဘုရားသခင်​ကို ငါ​သိကျွမ်း​၏​ဟု​ဆို​လျက် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​ခြင်း​မ​ရှိ​သော​သူ​သည် လိမ်လည်​သော​သူ​ဖြစ်​၍ သမ္မာတရား​သည် ထို​သူ​၌​မ​ရှိ။ 5သို့ရာတွင် မည်သူမဆို ဘုရားသခင်​၏​စကား​ကို လိုက်နာ​စောင့်ထိန်း​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ထို​သူ​၌ အမှန်ပင်​ပြည့်စုံ​၏။ ဤသို့ဖြင့် ငါ​တို့​သည် ဘုရားသခင်​၌​ရှိ​သည်​ကို သိ​ကြ​၏။ 6ဘုရားသခင်​၌ ငါ​တည်​၏​ဟု​ဆို​သော​သူ​သည် ခရစ်တော်​အသက်ရှင်​လျှောက်လှမ်း​တော်မူ​ခဲ့​သည့်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ရ​မည်။
7ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ထံ ငါ​ရေး​လိုက်​သော​ပညတ်​သည် ပညတ်​သစ်​မ​ဟုတ်။ အစအဦး​က​ပင် သင်​တို့​၌​ရှိ​သော ပညတ်​ဟောင်း​သာ​ဖြစ်​၏။ ထို​ပညတ်​ဟောင်း​သည် သင်​တို့​ကြား​ခဲ့​ရ​သော နှုတ်ကပတ်တော်​ဖြစ်​၏။ 8တစ်ဖန် ခရစ်တော်​၌​လည်းကောင်း၊ သင်​တို့​၌​လည်းကောင်း မှန်ကန်​သော​ပညတ်​သစ်​ကို သင်​တို့​ထံသို့ ငါ​ရေး​လိုက်​၏။ အကြောင်းမူကား မှောင်မိုက်​သည် ရွေ့လျား​ကွယ်ပျောက်​သွား​၍ စစ်မှန်​သော​အလင်း​သည် ထွန်းတောက်​ပြီ​ဖြစ်​၏။
9ငါ​သည် အလင်း​၌​ရှိ​၏​ဟု​ဆို​လျက် မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​သည် ယခု​တိုင်အောင် မှောင်မိုက်​၌​ရှိ​သေး​၏။ 10မိမိ​ညီအစ်ကို​ကို​ချစ်​သော​သူ​သည် အလင်း​၌​တည်​သည်​ဖြစ်၍ ထို​သူ​၌ မှားယွင်း​စေ​သော​အရာ​မ​ရှိ။ 11မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မူကား မှောင်မိုက်​၌​ရှိ​၍ မှောင်မိုက်​၌​အသက်ရှင်​လျှောက်လှမ်း​နေ​၏။ မှောင်မိုက်​သည် သူ​၏​မျက်စိ​ကို​ကွယ်​စေ​သဖြင့် သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​နေ​သည်​ကို မ​သိ။
သားသမီး၊ ဖခင်၊ လူငယ်လူရွယ်တို့ထံ ရေးသားရခြင်း၏အကြောင်းရင်း
12သားသမီး​တို့၊ သင်​တို့​သည် ခရစ်တော်​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ 13ဖခင်​တို့၊ သင်​တို့​သည် အစအဦး​က​ပင်​ရှိ​တော်မူ​သော​အရှင်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူငယ်​လူရွယ်​တို့၊ သင်​တို့​သည် မကောင်း​သော​အရာ​ကို အောင်နိုင်​ခဲ့​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏​။ 14သားသမီး​တို့၊ သင်​တို့​သည် ခမည်းတော်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ ဖခင်​တို့၊ သင်​တို့​သည် အစအဦး​က​ပင်​ရှိ​တော်မူ​သော​အရှင်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူငယ်​လူရွယ်​တို့၊ သင်​တို့​သည် ခွန်အား​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် သင်​တို့​၌​တည်​သဖြင့် မကောင်း​သော​အရာ​ကို သင်​တို့​အောင်နိုင်​ခဲ့​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။
လောကနှင့်လောကအရာကိုမချစ်နှင့်
15လောက​ကို​လည်းကောင်း၊ လောက​၌​ရှိ​သော​အရာ​တို့​ကို​လည်းကောင်း မ​ချစ်​ကြ​နှင့်။ မည်သူမဆို လောက​ကို​ချစ်​လျှင် ခမည်းတော်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌​မ​ရှိ။ 16အကြောင်းမူကား လောက​၌​ရှိသမျှ​သော​အရာ​တည်းဟူသော ကိုယ်ကာယ​၏​တပ်မက်​ခြင်း၊ မျက်စိ​၏​တပ်မက်​ခြင်း၊ စည်းစိမ်​၌​ကြွားဝါ​ခြင်း​တို့​သည် ခမည်းတော်​နှင့်​မ​စပ်ဆိုင်။ လောက​နှင့်​သာ​စပ်ဆိုင်​၏။ 17လောက​နှင့်​လောကီ​တပ်မက်​ခြင်း​တို့​သည် ရွေ့လျား​ကွယ်ပျောက်​သွား​မည်။ ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​မူကား ကာလ​အစဉ်အဆက်​တည်​၏။
နောက်ဆုံးသောကာလ
18သားသမီး​တို့၊ ယခု​ကာလ​သည် နောက်ဆုံး​သော​ကာလ​ဖြစ်​၏။ ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​ရောက်လာ​တော့မည်​ဟု သင်​တို့​ကြား​ရ​သည့်​အတိုင်း ယခု​ပင် ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​အမြောက်အမြား​ပေါ်​လာ​ကြ​ပြီ။ ထို့ကြောင့် ယခု​ကာလ​သည် နောက်ဆုံး​သော​ကာလ​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ​၏။ 19ထို​သူ​တို့​သည် ငါ​တို့​ထံမှ ထွက်သွား​ကြ​၏။ သို့သော် သူ​တို့​သည် ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မ​ဟုတ်။ ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မှန်လျှင် ငါ​တို့​နှင့်အတူ​နေ​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့ရာတွင် သူ​တို့​ထွက်သွား​ကြ​သည်မှာ သူ​တို့​အားလုံး ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မ​ဟုတ်​ကြောင်း ပေါ်လွင်​ထင်ရှား​စေရန်​ဖြစ်​၏။
20သင်​တို့​မူကား သန့်ရှင်း​တော်မူ​သော​အရှင်​ထံမှ ဘိသိက်​ကျေးဇူး​ကို ခံစား​ရ​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ကို​သိ​ကြ​၏။ 21သင်​တို့​သည် သမ္မာတရား​ကို​မ​သိ​ကြ​သောကြောင့် မ​ဟုတ်​ဘဲ သမ္မာတရား​ကို​လည်းကောင်း၊ လိမ်လည်​ခြင်း​ရှိသမျှ​တို့​သည် သမ္မာတရား​နှင့်​မ​စပ်ဆိုင်​သည်​ကို​လည်းကောင်း သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။ 22လိမ်လည်​သော​သူ​ကား မည်သူ​နည်း။ ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း ငြင်းပယ်​သော​သူ​မ​ဟုတ်​လော။ ခမည်းတော်​နှင့်​သား​တော်​ကို ငြင်းပယ်​သော​သူ​သည် ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​ဖြစ်​၏။ 23သား​တော်​ကို​ငြင်းပယ်​သော​သူ​ရှိသမျှ​တို့​သည် ခမည်းတော်​ကို​မ​ရ။ သား​တော်​ကို​ဝန်ခံ​သော​သူ​သည် ခမည်းတော်​ကို​ရ​၏။
ဘုရားသခင်၌တည်နေခြင်း
24အစအဦး​ကပင် သင်​တို့​ကြားနာ​ခဲ့​သော​အရာ​ကို သင်​တို့​၌​တည်​စေ​ကြ​လော့။ ထိုသို့ အစအဦး​ကပင် သင်​တို့​ကြားနာ​ခဲ့​သော​အရာ​သည် သင်​တို့​၌​တည်​လျှင် သင်​တို့​သည်​လည်း သား​တော်​၌​လည်းကောင်း၊ ခမည်းတော်​၌​လည်းကောင်း တည်​ကြ​လိမ့်မည်။ 25ဤသည်ကား ငါ​တို့​အား ကိုယ်တော်​ပေး​တော်မူ​သည့် ကတိ​တော်​တည်းဟူသော ထာဝရ​အသက်​ဖြစ်​၏။
26သင်​တို့​ကို​လှည့်ဖြား​သော​သူ​တို့​နှင့်​ပတ်သက်၍ ဤ​အကြောင်းအရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။ 27သင်​တို့​မူကား ကိုယ်တော်​ထံမှ​ခံစား​ရ​သော​ဘိသိက်​ကျေးဇူး​သည် သင်​တို့​၌​တည်ရှိ​သည်​ဖြစ်၍ မည်သူ​က​မျှ သင်​တို့​ကို​သင်ပေး​ရန် မ​လိုအပ်​ပေ။ ထို​ဘိသိက်​ကျေးဇူး​သည် မှန်ကန်​၍ လိမ်လည်​ခြင်း​ကင်း​လျက် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား သင်ပေး​တော်မူ​သည်​ဖြစ်၍ သင်​တို့​အား သင်ပေး​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၌​တည်​နေ​ကြ​လော့။
ဘုရားသခင်၏သားသမီးများ
28ထို့ကြောင့် သားသမီး​တို့၊ ငါ​တို့​သည် ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ ယုံကြည်​စိတ်ချ​မှု​ရှိ​၍ ကိုယ်တော်​ကြွလာ​တော်မူ​သည့်​အချိန်​တွင် ရှေ့​တော်​၌ ရှက်ကြောက်​ခြင်း​မ​ရှိ​စေရန် ကိုယ်တော်​၌​တည်​နေ​ကြ​လော့။ 29ဘုရားသခင်​သည် ဖြောင့်မတ်​တော်မူ​ကြောင်း​ကို သင်​တို့​သိ​လျှင် ဖြောင့်မတ်​ခြင်း​တရား​ကို​ကျင့်သုံး​သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန်ဩဝါဒစာပထမစောင် 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။