၁ ကောရိန္သု 14:1-40
၁ ကောရိန္သု 14:1-40 Judson Bible (JBMLE)
ချစ်ခြင်းမေတ္တာကို မီအောင်လိုက်ကြလော့။ ဝိညာဉ်ဆုကျေးဇူးတို့ကို အလွန်အလိုရှိသည်တွင်၊ ပရောဖက်ပြုရသော အခွင့်ကို သာ၍ လိုချင်သောစိတ် ရှိကြလော့။- အကြောင်းမူကား၊ အခြားသောဘာသာစကားအားဖြင့် ပြောသောသူသည် လူတို့အားမပြော၊ ဘုရားသခင်အားပြော၏။ သူ၏စကားကို အဘယ်သူမျှ နားမလည်။ နက်နဲသောအရာတို့ကို ဝိညာဉ်တော်အားဖြင့် ပြော၏။- ပရောဖက်ပြုသောသူမူကား၊ တည်ဆောက်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ သက်သာခြင်းအလိုငှာ လူတို့အားဟောပြော၏။- အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည် ကိုယ်ကိုသာ တည်ဆောက်၏။ ပရောဖက် ပြုသောသူမူကား၊ အသင်းတော်ကို တည်ဆောက်၏။- သင်တို့ရှိသမျှသည် အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှာ ငါအလိုရှိ၏။ ပရောဖက်ပြုစေခြင်းငှာ သာ၍အလိုရှိ၏။ အကြောင်းမူကား၊ အခြားသော ဘာသာစကားဖြင့် ပြောသောသူသည်၊ အသင်းတော်ကို တည်ဆောက်ခြင်းငှာ အနက်ကို မဖော်မပြလျှင်၊ သူ့ထက် ပရောဖက်ပြုသောသူသည် သာ၍မြတ်သတည်း။ ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့လာ၍ အခြားသော ဘာသာစကားဖြင့် ဟောပြောသော်လည်း၊ ဗျာဒိတ်တော်ကိုပြန်ခြင်း၊ ပညာအတတ်ကိုသင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်းတစ်ခုခုကို မပြုဘဲလျက်၊ သင်တို့အားပြောလျှင် အဘယ်အကျိုးရှိအံ့နည်း။- ထိုနည်းတူ၊ အသံမြည်တတ်သော အဝိညာဏကစောင်း၊ ပုလွေတို့သည် သေချာသောအသံနှင့် မမြည်လျှင်၊ စောင်းသံ၊ ပုလွေသံတို့ကို အဘယ်သို့ သိနိုင်မည်နည်း။- တံပိုးခရာသည်လည်း၊ မမှန်သောအသံနှင့် မြည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှာ မိမိကိုယ်ကို ပြင်ဆင်မည်နည်း။- ထိုနည်းတူ၊ သင်တို့သည် နားလည်လွယ်သော စကားကို နှုတ်ဖြင့်မမြွက်လျှင်၊ မြွက်သောစကားကို အဘယ်သို့သိနိုင်မည်နည်း။ အာကာသကောင်းကင်ကို ပြောသောသူကဲ့သို့ ဖြစ်လိမ့်မည်။- လူပြည်၌ ဘာသာစကားမျိုးတို့သည် ဤမျှလောက်များ၍၊ ရှိသမျှတို့သည် အနက်နှင့်ပြည့်စုံသည် မှန်စေတော့။- ဘာသာစကား၏အနက်ကို ငါနားမလည်လျှင်၊ ပြောသောသူအား ငါသည် လူရိုင်းဖြစ်လိမ့်မည်။ ပြောသောသူသည်လည်း၊ ငါ့အား လူရိုင်းဖြစ်လိမ့်မည်။- သို့ဖြစ်၍ သင်တို့သည် ဝိညာဉ်ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ အသင်းတော်ကို တည်ဆောက်ခြင်းငှာ ကြွယ်ဝပြည့်စုံမည်အကြောင်း ကြိုးစားကြလော့။- ထိုကြောင့် အခြားသော ဘာသာစကားကို ပြန်ပြောသောသူသည်၊ အနက်ကိုလည်း ဖော်ပြနိုင်မည်အကြောင်း ဆုတောင်းစေ။- အဘယ်ကြောင့်နည်းဟူမူကား၊ အခြားသော ဘာသာစကားဖြင့် ငါဆုတောင်းလျှင်၊ ငါ့စိတ်နှလုံး ဆုတောင်းသော်လည်း၊ ငါ့ဉာဏ်သည် အကျိုးကိုမပေး။- သို့ဖြစ်လျှင်၊ အဘယ်သို့ပြုရမည်နည်း။ စိတ်နှလုံးနှင့် လည်းကောင်း၊ ဉာဏ်နှင့် လည်းကောင်း၊ ဆုတောင်းရမည်။ စိတ်နှလုံးနှင့် လည်းကောင်း၊ ဉာဏ်နှင့် လည်းကောင်း သီချင်းဆိုရမည်။- သို့မဟုတ် သင်သည် စိတ်နှလုံးနှင့် ကျေးဇူးတော်ကို ချီးမွမ်းသောအခါ၊ မတတ်သော လူစုအဝင်ဖြစ်သောသူသည် သင်၏စကားကို နားမလည်သောကြောင့်၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းသို့လိုက်၍၊ အာမင်ဟု အဘယ်သို့ ဝန်ခံနိုင်မည်နည်း။- သင်သည် ကျေးဇူးတော်ကို ကောင်းမွန်စွာချီးမွမ်းသည် မှန်စေတော့။ အခြားသောသူမူကား၊ တည်ဆောက်ခြင်းအကျိုးမရှိ။- ငါသည် သင်တို့ရှိသမျှထက်၊ အခြားသော ဘာသာစကားဖြင့် ဟောပြောသောအရာကို ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၏။- သို့သော်လည်း၊ အသင်းတော်၌ အခြားသော ဘာသာစကားဖြင့် စကားတစ်သောင်းကို ပြောနိုင်သည်ထက်၊ သူတစ်ပါးတို့ကို သွန်သင်ခြင်းငှာ စကားငါးခွန်းကို ဉာဏ်နှင့်တကွ ပြောနိုင်သောအခွင့်ကို သာ၍အလိုရှိ၏။ ညီအစ်ကိုတို့၊ သင်တို့သည် ဉာဏ်အရာ၌ သူငယ်မဖြစ်ကြနှင့်။ မတရားသောအမှုအရာ၌ နို့စို့သူငယ်ဖြစ်ကြလော့။ ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့။- ပညတ္တိကျမ်းစာ၌လာသည်ကား၊ အခြားတစ်ပါးသောလျှာ၊ အခြားတစ်ပါးသောနှုတ်နှင့် ဤလူမျိုးကို ငါပြောမည်။ သို့သော်လည်း သူတို့သည် နားမထောင်ကြဟု ထာဝရဘုရားမိန့်တော်မူ၏။- သို့ဖြစ်၍ အခြားသော ဘာသာစကားတို့သည် ယုံကြည်သောသူတို့အား နိမိတ်လက္ခဏာဖြစ်သည် မဟုတ်။ မယုံကြည်သောသူတို့အား နိမိတ်လက္ခဏာ ဖြစ်သတည်း။ ပရောဖက်ပြုခြင်း အမှုမူကား၊ မယုံကြည်သော သူတို့အဖို့မဟုတ်၊ ယုံကြည်သော သူတို့အဖို့ ဖြစ်သတည်း။- ထိုကြောင့် သင်းဝင်သူအပေါင်းတို့သည် စည်းဝေး၍ အခြားသောဘာသာဖြင့် ဟောပြောလျက် နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်တို့ကို သူရူးဖြစ်ကြသည်ဟု ပြောမည် မဟုတ်လော။- သို့မဟုတ် သင်းဝင်သူ အပေါင်းတို့သည် ပရောဖက်ပြု၍ နေကြစဉ်တွင်၊ မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်းဝင်သူအပေါင်းတို့သည် သူ၏အပြစ်ကို ဖော်ပြ၍ သူ့ကို စစ်ကြောစီရင်ကြ၏။- ထိုသို့သူ၏ စိတ်နှလုံး၌ မထင်ရှားသောအရာတို့သည် ထင်ရှားပြန်၍ သူသည် ပျပ်ဝပ်လျက်၊ ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် သင်တို့တွင် အမှန်ရှိတော်မူသည်ဟု သက်သေခံလိမ့်မည်။ ညီအစ်ကိုတို့၊ အဘယ်သို့နည်း။ သင်တို့ စည်းဝေးကြသောအခါ၊ ဆာလံသီချင်းကို ရသောသူ၊ ဆုံးမဩဝါဒ စကားကို ရသောသူ၊ အခြားသော ဘာသာစကားကို ရသောသူ၊ ဗျာဒိတ်တော်ကို ရသောသူ၊ အနက်ဖော်ပြရာကို ရသောသူ၊ အသီးအသီးရှိကြသည်ဖြစ်၍၊ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှာ စီရင်ကြလော့။- အခြားသော ဘာသာစကားဖြင့် ဟောပြောသော သူရှိလျှင်၊ နှစ်ယောက်ဖြစ်စေ၊ အများဆုံးဆိုသော် သုံးယောက်ဖြစ်စေ၊ တစ်ယောက်နောက် တစ်ယောက်ပြော၍ တစ်ယောက်သောသူသည် အနက်ကိုဖော်ပြစေ။- စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအားလည်းကောင်း၊ ဘုရားသခင်အားလည်းကောင်း ပြောစေ။- ပရောဖက်နှစ်ယောက် ဖြစ်စေ၊ သုံးယောက် ဖြစ်စေ၊ ဟောပြော၍ အခြားသောသူတို့သည် စစ်ကြော ဆင်ခြင်ကြစေ။- ထိုင်လျက်နေသောသူအား တစ်စုံတစ်ခုကို ဖွင့်ပြတော်မူလျှင်၊ အရင်ဟောပြောသောသူသည် တိတ်ဆိတ်စွာနေစေ။- အကြောင်းမူကား၊ ရှိသမျှတို့သည် သင်ခြင်းငှာလည်းကောင်း၊ ရှိသမျှတို့သည် သက်သာခြင်းငှာလည်းကောင်း၊ သင်တို့ အသီးအသီး တစ်ယောက်နောက်တစ်ယောက် ပရောဖက် ပြုရသော အခွင့်ရှိကြ၏။- ပရောဖက်တို့သည်လည်း၊ မိမိတို့စိတ်ဝိညာဉ်ကို ချုပ်တည်းနိုင်ကြ၏။- ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။ သန့်ရှင်းသူတို့၏ အသင်းတော်အပေါင်းတို့၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။ သင်တို့၏ မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာ နေကြစေ။ သူတို့သည် ဟောပြောရသော အခွင့်မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့သည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံရကြမည်။- မိန်းမတို့သည် တစ်စုံတစ်ခုကိုသင်လိုလျှင်၊ အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည် အသင်းတော်၌ ဟောပြောလျှင် ရှက်ဖွယ်သောအကြောင်း ဖြစ်၏။- ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် သင်တို့မှ ထွက်သလော။ သို့မဟုတ် သင်တို့သို့သာ ရောက်သလော။- ငါသည်သင်တို့အား ရေး၍ပေးလိုက်သော စကားတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်းကို၊ ပရောဖက်ဖြစ်သောသူ၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသူမည်သည်ကား ဝန်ခံပါစေ။ တစ်စုံတစ်ယောက် သောသူသည် မသိလျှင် မသိဘဲနေစေ။- အချုပ်အခြာဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် ပရောဖက်ပြုခြင်းငှာ အလွန်အလိုရှိကြလော့။- အခြားသော ဘာသာစကားဖြင့် ဟောပြောခြင်းအမှုတို့ကိုလည်း မမြစ်တားကြနှင့်။- ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့။
၁ ကောရိန္သု 14:1-40 Common Language Bible (BCL)
ထို့ကြောင့်သင်တို့သည်မေတ္တာတရားကိုကျင့်သုံး ရန် ကြိုးပမ်းအားထုတ်ကြလော့။ ဝိညာဉ်ဆုကျေးဇူး များကိုတောင့်တလိုချင်ကြလော့။ အထူးသဖြင့် နှုတ်ကပတ်တရားတော်ဟောပြောနိုင်သောဆု ကျေးဇူးကိုလိုလားကြလော့။- ထူးဆန်းသောဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုသောသူသည်လူနှင့်ပြောဆိုသည် မဟုတ်။ ဘုရားနှင့်သာပြောဆိုခြင်းဖြစ်၏။ သူ၏စကားကိုအဘယ်သူမျှနားမလည်။ သူသည်ဝိညာဉ်တော်တန်ခိုးဖြင့်လျှို့ဝှက် နက်နဲသည့်အကြောင်းအရာများကိုပြော ဆို၏။- သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောသောသူသည်ကား လူတို့အားဆောက် တည်ရာရစေသောစကား၊ အားပေးသော စကား၊ နှစ်သိမ့်သောစကားတို့ကိုပြော၏။- ထူးဆန်းသောဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုသူသည် မိမိအကျိုးကိုပြုစု၏။ နှုတ် ကပတ်တရားတော်ကိုဟောပြောသောသူမူ ကား အသင်းတော်တစ်ခုလုံး၏အကျိုးကို ပြုစု၏။ ငါသည်သင်တို့အားလုံးကိုပင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုစေလို သော်လည်း နှုတ်ကပတ်တရားတော်ဟောပြော နိုင်သောဆုကျေးဇူးကိုပို၍ရစေလို၏။ ထူး ဆန်းသောဘာသာစကားအမျိုးမျိုးဖြင့်ပြော ဆိုသူသည် မိမိစကား၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းလင်းဖော်ပြနိုင်သူရှိမှသာလျှင် အသင်း တော်၏အကျိုးကိုပြုစု၏။ သို့မဟုတ်ပါမူ နှုတ်ကပတ်တရားတော်ကိုဟောပြောခြင်း ကပို၍တန်ဖိုးရှိ၏။- သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါသည်သင်တို့ထံ သို့လာ၍ထူးဆန်းသောဘာသာစကား အမျိုးမျိုးဖြင့်ပြောဆိုပါလျှင် အဘယ် အကျိုးရှိမည်နည်း။ ငါဟောပြောသောစကား များသည် ဘုရားသခင်၏ဗျာဒိတ်တော် စကား၊ အသိပညာနှင့်ယှဉ်သောစကား၊ ဝိညာဉ်တော်တန်ခိုးအားဖြင့်နှိုးဆော်သော စကား၊ ဆုံးမသွန်သင်သည့်စကားများမဖြစ် ပါမူသင်တို့၌အဘယ်အကျိုးရှိမည်နည်း။ ပလွေသို့မဟုတ်စောင်းကောက်ကဲ့သို့သော သက်မဲ့တူရိယာများကိုကြည့်လော့။ ထို တူရိယာများမှတေးသံများပီသစွာ ထွက်ပေါ်၍မလာပါမူအဘယ်သူသည် ထိုတူရိယာတို့၏တေးသွားကိုသိနိုင် မည်နည်း။- တံပိုးခရာမှုတ်သံမပီသပါကအဘယ်သူ သည်စစ်ပွဲဝင်ရန်ပြင်ဆင်မည်နည်း။- ထိုနည်းတူစွာထူးဆန်းသည့်ဘာသာစကား အမျိုးမျိုးဖြင့်သင်တို့ပြောသည့်စကားသည် အနက်အဋ္ဌိပ္ပါယ်မရှင်းပါမူ အဘယ်သူသည် နားလည်နိုင်မည်နည်း။ သင်တို့၏စကားများ သည်လေထဲတွင်ပျောက်ကွယ်သွားလိမ့်မည်။- ကမ္ဘာပေါ်တွင်ဘာသာစကားအမျိုးပေါင်း များစွာရှိသော်လည်း မည်သည့်ဘာသာစကား မျှအဋ္ဌိပ္ပါယ်ကင်းမဲ့သည်မရှိ။- သို့ရာတွင်ငါနားမလည်သည့်ဘာသာစကား ကိုပြောဆိုသူသည် ငါ့အဖို့လူမျိုးခြားဖြစ်၏။ ငါသည်လည်းသူ့အဖို့လူမျိုးခြားဖြစ်ပေမည်။- သင်တို့သည်ဝိညာဉ်တော်ဆုကျေးဇူးများကို လိုလားတောင့်တကြသည့်အလျောက်အသင်း တော်ကြီးပွားတိုးတက်မှုကို အထောက်အကူ ပြုမည့်ဆုကျေးဇူးများကိုပို၍အသုံးပြု ရန်ကြိုးစားကြလော့။- ထို့ကြောင့်ထူးဆန်းသောစကားအမျိုးမျိုး ဖြင့်ပြောသောသူသည် မိမိပြောသည့်စကား ၏အဋ္ဌိပ္ပါယ်ကိုဖော်ပြနိုင်သောတန်ခိုးစွမ်း ရည်ကိုရရှိရန်ဆုတောင်းပတ္ထနာပြုရမည်။- ငါသည်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ဆုတောင်းပတ္ထနာပြုသောအခါ ငါ၏စိတ် နှလုံးသည်ဆုတောင်းပတ္ထနာပြုလျက်နေသော် လည်းငါ၏အသိဉာဏ်မူကားပါဝင်မှုမရှိ။- သို့ဖြစ်၍အဘယ်သို့ငါပြုရမည်နည်း။ ငါသည် စိတ်နှလုံးအားဖြင့်သာမကအသိဉာဏ်အား ဖြင့်လည်းဆုတောင်းပတ္ထနာပြုမည်။ စိတ်နှလုံး အားဖြင့်သီချင်းဆိုသည်သာမကအသိ ဉာဏ်အားဖြင့်လည်းသီဆိုမည်။- သင်တို့သည်စိတ်နှလုံးအားဖြင့်သာလျှင် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်း ပတ္ထနာပြုကြပါမူ ပရိသတ်ဝတ်ပြုခြင်း၌သာမန် လူတစ်ယောက်သည် သင်တို့ပြောဆိုသမျှစကား များကိုနားမလည်နိုင်သဖြင့် အဘယ်သို့လျှင် သင်တို့၏ဆုတောင်းပတ္ထနာကို ``အာမင်'' ဟုဝန်ခံ နိုင်မည်နည်း။- ကျေးဇူးတော်ချီးမွမ်းသည့်သင်တို့၏ဆုတောင်း ပတ္ထနာသည်ကောင်းမွန်စေကာမူသူတစ်ပါး အတွက်မည်သို့မျှအကျိုးမရှိ။ ငါသည်ထူးဆန်းသောဘာသာစကားအမျိုး မျိုးကို သင်တို့ထက်ပို၍ပြောဆိုနိုင်သဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။- သို့သော်ပရိသတ်ဝတ်ပြုခြင်းတွင်ထူးဆန်းသော ဘာသာစကားအခွန်းပေါင်းအထောင်အသောင်း ထက်သွန်သင်ရန်နားလည်နိုင်သည့်စကားငါး ခွန်းမျှကိုပို၍ငါပြောဆိုလို၏။ ညီအစ်ကိုတို့၊ သင်တို့သည်စဉ်းစားဆင်ခြင်မှု တွင်ကလေးသူငယ်များကဲ့သို့မဖြစ်ကြနှင့်။ ဆိုးညစ်မှုကင်းစင်မှုတွင်ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်မှုတွင်မူ ကားအသက်အရွယ်ရင့်ကျက်သူများကဲ့သို့ ဖြစ်ကြလော့။- ကျမ်းစာတော်တွင်၊ ``ငါ၏လူစုတော်အားထူးဆန်းသော ဘာသာစကားများဖြင့်ငါပြောမည်။ လူမျိုးခြားတို့၏နှုတ်ဖြင့်ငါပြောမည်။ သို့သော်လည်းငါ၏လူစုတော်သည် ငါ့စကားကိုနားထောင်ကြလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏'' ဟူ၍ဖော်ပြပါရှိ၏။- ထို့ကြောင့်ထူးဆန်းသောဘာသာစကားအမျိုး မျိုးပြောဆိုနိုင်သောစွမ်းရည်သည်မယုံကြည် သူတို့အတွက်နိမိတ်လက္ခဏာဖြစ်၏။ ယုံကြည် သူတို့အတွက်မဟုတ်။ ဗျာဒိတ်တော်ကိုကြေညာ ဟောပြောနိုင်သောဆုကျေးဇူးကားယုံကြည်သူ တို့အတွက်နိမိတ်လက္ခဏာဖြစ်၏။ မယုံကြည် သူတို့အတွက်မဟုတ်။ သို့ဖြစ်၍အသင်းတော်ဝင်အပေါင်းတို့သည်စု ဝေးလျက်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ပြောဆိုနေစဉ် သာမန်လူအချို့သို့မဟုတ်မ ယုံကြည်သူအချို့ရောက်ရှိလာခဲ့သော်သင်တို့ အားရူးသွပ်သူများဟုဆိုမည်မဟုတ်လော။- သို့သော်ဘုရားသခင်၏ဗျာဒိတ်တော်ကိုသင် တို့အပေါင်းကြေညာဟောပြောလျက်နေစဉ် မယုံကြည်သူသို့မဟုတ်သာမန်လူတစ်ယောက် ရောက်ရှိလာပါမူ သင်တို့ဟောပြောသည့်တရား စကားကြောင့် မိမိသည်အပြစ်များကူးသူ ဖြစ်ကြောင်းကောင်းစွာသိမြင်လာလိမ့်မည်။- သူ၏စိတ်နှလုံးစစ်ကြောစီရင်ခြင်းကိုခံရ လျက်သူ၏လျှို့ဝှက်သောအကြံအစည်များ သည်ပေါ်လွင်သဖြင့် ``သင်တို့နှင့်အတူဧကန် အမှန်ဤအရပ်တွင်ဘုရားသခင်ရှိတော်မူ ပါသည်တကား'' ဟုထုတ်ဖော်ဝန်ခံကာဘုရား သခင်ကိုပျပ်ဝပ်ရှိခိုးလိမ့်မည်။ ညီအစ်ကိုတို့၊ ငါဆိုလိုသည်မှာဤသို့တည်း။ ကိုးကွယ်ဝတ်ပြုရန်သင်တို့စုဝေးကြသော အခါတစ်ယောက်ကသီချင်းဆိုခြင်း၊ နောက် တစ်ယောက်ကသွန်သင်ခြင်း၊ နောက်တစ်ယောက် ကဗျာဒိတ်တော်ကိုပြန်ကြားခြင်း၊ နောက် တစ်ယောက်ကထူးဆန်းသောဘာသာစကား ဖြင့်ပြောဆိုခြင်း၊ နောက်တစ်ယောက်ကအနက် အဋ္ဌိပ္ပါယ်ဖော်ပြခြင်းတို့ကိုဆောင်ရွက်ကြ လော့။ သင်တို့ဆောင်ရွက်သမျှသောအမှုတို့ သည်အသင်းတော်ဝင်အပေါင်းအားအကျိုး ပြုရမည်။- ထူးဆန်းသောဘာသာစကားဖြင့်ပြောမည် ဆိုပါကနှစ်ယောက်ဖြစ်စေ၊ အများဆုံးသုံး ယောက်ဖြစ်စေအလှည့်ကျပြောစေလော့။ ထို နောက်လူတစ်ယောက်ကအနက်အဋ္ဌိပ္ပါယ် ပြန်ပါစေ။- အကယ်၍စကားပြန်မရှိပါမူထူးဆန်းသော ဘာသာစကားဖြင့်ပြောဆိုလိုသောသူသည် ဆိတ် ဆိတ်နေ၍မိမိတစ်ကိုယ်တည်းပြောလျက်နေစေ။ ဘုရားသခင်အားလည်းလျှောက်ထားလျက်နေ စေ။- ဗျာဒိတ်တော်ကိုခံယူရရှိသူနှစ်ယောက်သုံး ယောက်ကဟောပြော၍ ကျန်သောသူတို့ကထို သူတို့၏ဟောပြောချက်များကိုဆင်ခြင် သုံးသပ်ကြစေ။- သို့ရာတွင်အကယ်၍လူတစ်ယောက်ဟောပြော နေစဉ်ထိုင်နေသူများအထဲမှတစ်ယောက် သည် ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံယူ ရရှိပါကဟောပြောနေသောသူသည်ရပ်နား စေ။- ပရိသတ်အပေါင်းသည်သွန်သင်မှုယူ၍အား တက်လာကြစေရန် သင်တို့အားလုံးပင်အလှည့် ကျဘုရားသခင်၏ဗျာဒိတ်တော်ကိုဟော ပြောနိုင်၏။- ဗျာဒိတ်တော်ကိုဟောပြောနိုင်သောဆုကျေးဇူး ကိုအသုံးပြုရာ၌ဟောပြောသူသည်မိမိ ကိုယ်ကိုထိန်းချုပ်ရမည်။- အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် စည်းမဲ့ကမ်းမဲ့ပြုမူခြင်းကိုလိုလားတော် မမူ။ ငြိမ်ဝပ်ပိပြားမှုကိုလိုလားတော်မူ သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏အသင်းတော်အပေါင်းတို့တွင် ကျင့်သုံးသည့်မူအတိုင်း၊- အမျိုးသမီးများသည်အစည်းအဝေးများတွင် ဆိတ်ဆိတ်နေကြစေ။ သူတို့မှာစကားပြောပိုင်ခွင့် မရှိ။ ယုဒပညတ်ကျမ်းတွင်ဖော်ပြသည့်အတိုင်း အမျိုးသမီးတို့သည်အစည်းအဝေးများတွင် ခေါင်းဆောင်များမဖြစ်စေရ။- သူတို့သည်အကြောင်းတစ်စုံတစ်ရာကိုသိလို လျှင် မိမိတို့၏ခင်ပွန်းများကိုအိမ်တွင်မေးမြန်း စုံစမ်းကြစေ။ အသင်းတော်၏အစည်းအဝေး ၌အမျိုးသမီးများစကားပြောခြင်းသည် ရှက်ဖွယ်သောအမှုဖြစ်၏။ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် သင်တို့ထံမှထွက်လာသလော။ သို့တည်းမဟုတ် သင်တို့ထံသို့သာလျှင်နှုတ်ကပတ်တရား တော်ရောက်ရှိလာသလော။- မိမိကိုယ်ကိုဘုရားသခင်၏ဗျာဒိတ်တော် ပြန်ကြားသူဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိညာဉ် ဆုကျေးဇူးရရှိသူဖြစ်သည်ဟူ၍လည်းကောင်း ယူဆသောသူသည် ယခုငါရေးလိုက်သော စကားတို့သည်သခင်ဘုရား၏ပညတ်ဖြစ် ကြောင်းသိမှတ်စေ။- မသိမှတ်လျှင်သူ့ကိုလည်းအသိအမှတ်မပြု ကြနှင့်။ သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်ဗျာဒိတ် တော်ကိုကြေညာဟောပြောခြင်းငှာလိုလား တောင့်တကြလော့။ သို့ရာတွင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်း ကိုမတားမြစ်ကြနှင့်။- ခပ်သိမ်းသောအမှုတို့ကိုလျောက်ပတ်စွာစနစ် တကျလုပ်ဆောင်ကြလော့။
၁ ကောရိန္သု 14:1-40 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ချစ်ခြင်းမေတ္တာကို လက်ကိုင်ပြုကြလော့။ ထို့ပြင် ဝိညာဉ်ဆုကျေးဇူးများ၊ အထူးသဖြင့် ပရောဖက်ပြုဟောပြောနိုင်သောဆုကျေးဇူးကို အလွန်လိုချင်သောစိတ်ရှိကြလော့။ အကြောင်းမူကား အခြားသောဘာသာစကားပြောဆိုသောသူသည် လူတို့အား ပြောဆိုသည်မဟုတ်ဘဲ ဘုရားသခင်အား ပြောဆို၏။ အဘယ်ကြောင့်ဆိုသော် ထိုစကားကို မည်သူမျှနားမလည်ချေ။ သူသည် ဝိညာဉ်တော်အားဖြင့် လျှို့ဝှက်နက်နဲသောအရာတို့ကို ပြောဆိုနေခြင်းသာဖြစ်၏။ ပရောဖက်ပြုဟောပြောသောသူမူကား တည်ဆောက်မြှင့်တင်ပေးခြင်း၊ တိုက်တွန်းအားပေးခြင်းနှင့် နှစ်သိမ့်ခြင်းတို့အတွက် လူတို့အားဟောပြော၏။ အခြားသောဘာသာစကားပြောဆိုသောသူသည် မိမိကိုသာတည်ဆောက်မြှင့်တင်၏။ ပရောဖက်ပြုဟောပြောသောသူမူကား အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေး၏။ သင်တို့အားလုံးသည် အခြားသောဘာသာစကားများပြောဆိုနိုင်ရန် ငါအလိုရှိ၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းအမှုကို သင်တို့အား ပို၍ပြုစေလို၏။ အခြားသောဘာသာစကားပြောဆိုသောသူသည် အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးရန် ၎င်း၏အနက်ကိုဖွင့်ခြင်းမရှိလျှင် ထိုသူထက် ပရောဖက်ပြုဟောပြောသောသူသည် ပို၍ကြီးမြတ်၏။ သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံလာ၍ အခြားသောဘာသာစကားများပြောဆိုသော်လည်း ဗျာဒိတ်တော်အားဖြင့်ဖြစ်စေ၊ အသိပညာအားဖြင့်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောခြင်းအားဖြင့်ဖြစ်စေ၊ သွန်သင်သည့်စကားအားဖြင့်ဖြစ်စေ မဟောပြောလျှင် သင်တို့အတွက် မည်သည့်အကျိုးရှိမည်နည်း။ ပလွေ၊ သို့မဟုတ် စောင်းကဲ့သို့သော သက်မဲ့တူရိယာများပင်လျှင် ပီပြင်ပြတ်သားသောသံစဉ်မထွက်လျှင် မည်သည့်အရာကို မှုတ်နေသည်ကိုလည်းကောင်း၊ မည်သည့်အရာကို တီးနေသည်ကိုလည်းကောင်း မည်သို့သိနိုင်မည်နည်း။ တံပိုးခရာသည်လည်း မသေချာသောအသံကိုပေးလျှင် မည်သူသည် တိုက်ပွဲအတွက် ပြင်ဆင်လိမ့်မည်နည်း။ ထိုနည်းတူ သင်တို့သည်လည်း နားမလည်နိုင်သောသတင်းစကားကို အခြားသောဘာသာစကားဖြင့် ပြောဆိုလျှင် ပြောဆိုသောအရာများကို မည်သို့သိနိုင်မည်နည်း။ သင်တို့သည် လေကိုစကားပြောနေခြင်းသာ ဖြစ်လိမ့်မည်။ ကမ္ဘာပေါ်တွင် ဘာသာစကားအမျိုးအစား များစွာရှိသည်မှန်သော်လည်း အဓိပ္ပာယ်မဲ့သောစကားတစ်ခုမျှမရှိ။ ထို့ကြောင့် ဘာသာစကား၏အနက်အဓိပ္ပာယ်ကို ငါနားမလည်လျှင် ထိုစကားကိုပြောဆိုနေသူအတွက် ငါသည် တိုင်းတစ်ပါးသားဖြစ်သကဲ့သို့ ပြောဆိုနေသောထိုသူသည်လည်း ငါ့အတွက် တိုင်းတစ်ပါးသားဖြစ်လိမ့်မည်။ သို့ဖြစ်၍ သင်တို့သည်လည်း ဝိညာဉ်ဆုကျေးဇူးများကိုရရှိရန် စိတ်အားထက်သန်လျက်ရှိကြသည်ဖြစ်၍ အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ထိုဆုကျေးဇူးဖြင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ကြိုးစားအားထုတ်ကြလော့။ ထို့ကြောင့် အခြားသောဘာသာစကားပြောဆိုသောသူသည် အနက်ဖွင့်နိုင်မည့်အကြောင်း ဆုတောင်းစေ။ အကြောင်းမူကား အခြားသောဘာသာစကားအားဖြင့် ငါဆုတောင်းလျှင် ငါ၏စိတ်ဝိညာဉ်သည် ဆုတောင်းသော်လည်း ငါ၏အသိစိတ်မူကား အကျိုးမပေး။ သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ငါသည် စိတ်ဝိညာဉ်အားဖြင့် ဆုတောင်း၍ အသိစိတ်အားဖြင့်လည်း ဆုတောင်းမည်။ စိတ်ဝိညာဉ်အားဖြင့် သီချင်းဆို၍ အသိစိတ်အားဖြင့်လည်း သီချင်းဆိုမည်။ သို့မဟုတ်လျှင် သင်သည် စိတ်ဝိညာဉ်အားဖြင့် ကျေးဇူးတော်ချီးမွမ်းသောအခါ ကျွမ်းဝင်မှုမရှိသေးသော အုပ်စုအဝင်ဖြစ်သောသူသည် သင်ပြောနေသည့်စကားကို နားမလည်သောကြောင့် သင်၏ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် “အာမင်”ဟု မည်သို့ပြောနိုင်မည်နည်း။ သင်သည် ကျေးဇူးတော်ကိုချီးမွမ်းသည်မှာ ကောင်းပေ၏။ သို့သော် သူတစ်ပါးကို တည်ဆောက်မြှင့်တင်ပေးခြင်းမရှိ။ ငါသည် သင်တို့အားလုံးထက် အခြားသောဘာသာစကားများကို ပို၍ပြောဆိုရသည့်အတွက် ဘုရားသခင်ကိုကျေးဇူးတင်၏။ သို့သော် အသင်းတော်ထဲ၌ အခြားသောဘာသာစကားဖြင့် စကားအခွန်းတစ်သောင်းပြောခြင်းထက် သူတစ်ပါးတို့ကို သွန်သင်နိုင်ရန် ငါ၏အသိစိတ်ဖြင့် စကားငါးခွန်းပြောခြင်းကို သာ၍ ငါအလိုရှိ၏။ ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များမဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူများဖြစ်ကြလော့။ ပညတ်တရားကျမ်း၌ “ငါသည် ဤလူမျိုးတို့အား ထူးခြားသောဘာသာစကားနှင့် တိုင်းတစ်ပါးသားများ၏နှုတ်တို့ဖြင့် ပြောဆိုမည်။ သို့သော် သူတို့သည် နားထောင်ကြလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏”ဟူ၍ ရေးထား၏။ သို့ဖြစ်၍ အခြားသောဘာသာစကားတို့သည် ယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာမဟုတ်ဘဲ မယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာဖြစ်၏။ ပရောဖက်ပြုဟောပြောခြင်းမူကား မယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာမဟုတ်ဘဲ ယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာဖြစ်၏။ ထို့ကြောင့် အသင်းတော်တစ်ခုလုံးစုဝေးလျက် အားလုံးသည် အခြားသောဘာသာစကားများပြောဆိုကြစဉ် ကျွမ်းဝင်မှုမရှိသေးသောသူများ၊ သို့မဟုတ် မယုံကြည်သူများ ဝင်လာလျှင် သင်တို့ရူးသွပ်နေပြီဟု ပြောကြလိမ့်မည် မဟုတ်လော။ သို့သော် အားလုံးသည် ပရောဖက်ပြုဟောပြောကြစဉ် မယုံကြည်သူ၊ သို့မဟုတ် ကျွမ်းဝင်မှုမရှိသေးသောသူ တစ်စုံတစ်ဦးဝင်လာလျှင် သူသည် သင်တို့အားလုံးကြောင့် အပြစ်ဖော်ပြခြင်းကိုခံရ၍ သင်တို့အားလုံး၏စစ်ဆေးစီရင်ခြင်းကိုခံရကာ သူ၏စိတ်နှလုံးထဲမှ ကွယ်ဝှက်ထားသောအရာတို့သည် ထင်ရှားလာသဖြင့် “ဘုရားသခင်သည် သင်တို့အလယ်၌ အမှန်ရှိတော်မူ၏”ဟု ဝန်ခံလျက် ဘုရားသခင်ကို ပျပ်ဝပ်ရှိခိုးလိမ့်မည်။ သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။ အခြားသောဘာသာစကားပြောဆိုသောသူရှိလျှင် နှစ်ဦး၊ သို့မဟုတ် အများဆုံးသုံးဦးက တစ်လှည့်စီပြော၍ တစ်ဦးက အနက်ဖွင့်စေ။ သို့သော် အနက်ဖွင့်သူမရှိလျှင် သူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိကိုယ်ကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း ပြောစေ။ ပရောဖက်နှစ်ဦး၊ သို့မဟုတ် သုံးဦးတို့သည် ဟောပြော၍ အခြားသောသူတို့သည် ဆင်ခြင်သုံးသပ်ကြစေ။ သို့သော် ထိုင်နေသောအခြားသူအား တစ်စုံတစ်ခုကိုဖွင့်ပြတော်မူလျှင် ပထမလူသည် တိတ်ဆိတ်စွာနေစေ။ အကြောင်းမူကား လူတိုင်းသွန်သင်ခြင်းခံရ၍ လူတိုင်းတိုက်တွန်းနှိုးဆော်ခြင်းခံရမည့်အကြောင်း သင်တို့အားလုံးသည် တစ်ဦးပြီးတစ်ဦး ပရောဖက်ပြုဟောပြောနိုင်၏။ ပရောဖက်တို့၏စိတ်ဝိညာဉ်တို့သည် ပရောဖက်တို့ကိုနာခံတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့်ဆိုင်သောဘုရားမဟုတ်ဘဲ ငြိမ်သက်ခြင်းနှင့်ဆိုင်သောဘုရားဖြစ်တော်မူ၏။ သန့်ရှင်းသူတို့၏အသင်းတော်တိုင်း၌ ပြုကျင့်သကဲ့သို့ မိန်းမတို့သည် အသင်းတော်တွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့၌ ဟောပြောရသောအခွင့်မရှိ။ ပညတ်တရား၌လည်းဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။ သူတို့သည် တစ်စုံတစ်ခုကိုသင်ယူလိုလျှင် အိမ်၌ မိမိ၏လင်ယောက်ျားအား မေးမြန်းကြစေ။ အကြောင်းမူကား မိန်းမတစ်ဦးအနေဖြင့် အသင်းတော်၌ဟောပြောခြင်းသည် ရှက်ဖွယ်ဖြစ်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့ထံမှထွက်လာသလော၊ သို့မဟုတ် သင်တို့ထံသို့သာရောက်လာသလော။ တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ပရောဖက်၊ သို့မဟုတ် ဝိညာဉ်လူဖြစ်သည်ဟုထင်မှတ်လျှင် သင်တို့ထံ ငါရေးလိုက်သောအကြောင်းအရာတို့သည် သခင်ဘုရား၏ပညတ်တော်ဖြစ်ကြောင်း သူသည် သိမှတ်ရမည်။ မည်သူမဆို ဤအရာကို အသိအမှတ်မပြုလျှင် ထိုသူသည် အသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ သို့ဖြစ်၍ ငါ့ညီအစ်ကိုတို့၊ ပရောဖက်ပြုဟောပြောရန် အလွန်အလိုရှိကြလော့။ အခြားသောဘာသာစကားပြောဆိုခြင်းကိုလည်း မတားမြစ်ကြနှင့်။ သို့သော် အရာအားလုံးကို တင့်တယ်လျောက်ပတ်စွာ အစီအစဉ်တကျပြုကြလော့။