ယောန 1
1
ဘုရားသခင်၏အမိန့်ကိုမနာခံသူယောန
1တစ်နေ့သ၌အမိတ္တဲ၏သားယောနအား ထာဝရဘုရားအမိန့်ပေးတော်မူ၏။-#၄ရာ၊ ၁၄:၂၅။ 2ကိုယ်တော်က``သင်သည်နိနေဝေမြို့ကြီးသို့သွား၍သတိပေးလော့။ ထိုမြို့သူမြို့သားတို့သည်အလွန်ဆိုးယုတ်ကြကြောင်းကိုငါသိတော်မူပြီ'' ဟုမိန့်တော်မူ၏။- 3သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
4သင်္ဘောသည်ပင်လယ်တွင်းသို့ရောက်သွားသောအခါ ထာဝရဘုရားသည်လေပြင်းမုန်တိုင်းကြီးကိုတိုက်ခတ်စေတော်မူ၏။ ထိုလေမုန်တိုင်းကြီးသည်လွန်စွာပြင်းထန်လှသဖြင့်သင်္ဘောသည်ပျက်လုမတတ်ရှိလေ၏။- 5သင်္ဘောသားတို့သည်ကြောက်လန့်လျက် မိမိတို့ယုံကြည်ကြသောဘုရားများထံသို့သူတို့အား ကယ်တင်ပါရန်ဆုတောင်းကြ၏။ ထိုနောက်သင်္ဘောဝန်ပေါ့စေရန် ကုန်စည်များကိုရေထဲသို့ပစ်ချကြ၏။ ထိုအချိန်တွင်ယောနသည်သင်္ဘောဝမ်းထဲသို့ဆင်း၍အိပ်ပျော်လျက်နေ၏။
6ထိုအခါသင်္ဘောသူကြီးသည် သူ့ထံလာပြီးသူ့အား``သင်သည်အဘယ်ကြောင့်အိပ်နေပါသနည်း။ ထလော့၊ သင်၏ဘုရားထံတွင် ငါတို့ကိုကယ်တင်ရန်ဆုတောင်းလော့။ ထိုအရှင်သည်ငါတို့အားသနား၍ငါတို့ကိုကယ်တင်ကောင်းကယ်တင်တော်မူပါလိမ့်မည်'' ဟုဆို၏။
7ထိုနောက်သင်္ဘောသားတို့က``ငါတို့ဤကဲ့သို့ဘေးဒုက္ခရောက်ရသည်မှာ အဘယ်သူ၏အပြစ်ကြောင့်ဖြစ်သည်ကိုသိရအောင်မဲချကြကုန်အံ့'' ဟုအချင်းချင်းပြောဆိုကြ၏။ သူတို့မဲချကြသောအခါယောနမဲကျလေ၏။- 8သို့ဖြစ်၍သူတို့က``ဤကဲ့သို့ဘေးဒုက္ခရောက်ရသည်မှာ အဘယ်သူ၏အပြစ်ကြောင့်နည်း။ ငါတို့အားပြောပြပါ။ သင်သည်အဘယ်ကိစ္စဖြင့်ဤသင်္ဘောပေါ်သို့ရောက်နေပါသနည်း။ အဘယ်ပြည်မှလာပါသနည်း။ အဘယ်အမျိုးသားဖြစ်ပါသနည်း'' ဟုယောနအားမေးကြ၏။
9ယောနက``ငါသည်ဟေဗြဲအမျိုးသားဖြစ်၏။ ကုန်းမြေနှင့်ပင်လယ်ကိုဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ထာဝရဘုရားကိုကိုးကွယ်သူဖြစ်သည်'' ဟုဖြေကြား၏။- 10ထိုနောက်ဆက်လက်၍မိမိသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးတိမ်းရှောင်လာသူဖြစ်ကြောင်းကိုလည်းထိုသူတို့အားပြောပြ၏။
သင်္ဘောသားတို့သည်ကြောက်လန့်ကြကုန်လျက် ``သင်ပြုသည့်အမှုသည်ထိတ်လန့်ဖွယ်ကောင်းလှပါသည်တကား'' ဟုဆိုကြ၏။- 11ထိုအခိုက်တွင်လေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပိုမိုပြင်းထန်၍လာ၏။ သို့ဖြစ်၍သင်္ဘောသားတို့က``လေမုန်တိုင်းရပ်စဲသွားစေရန်ငါတို့သည် သင့်အားအဘယ်သို့ပြုသင့်ပါသနည်း'' ဟုယောနအားမေးကြ၏။
12ယောနက``ငါ့ကိုပင်လယ်ထဲသို့ပစ်ချကြလော့။ သို့ပြုလျှင်လေမုန်တိုင်းသည်ငြိမ်သွားလိမ့်မည်။ သင်တို့လေပြင်းမုန်တိုင်းမိရကြသည်မှာငါ၏အပြစ်ကြောင့်ဖြစ်ကြောင်းငါသိပါ၏'' ဟုဖြေ၏။
13သို့ရာတွင်သင်္ဘောသားတို့သည်ယောနအားပင်လယ်ထဲသို့ပစ်ချမည့်အစား သင်္ဘောကိုကမ်းဘက်သို့ရောက်ရန်အစွမ်းကုန်ကြိုးစားလှော်ခတ်ကြ၏။ သို့သော်လည်းလေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပြင်းထန်၍လာသဖြင့် သူတို့သည်အဘယ်သို့မျှမတတ်နိုင်ကြတော့ချေ။- 14ထိုအခါသင်္ဘောသားများကထာဝရဘုရားအား``အို ထာဝရဘုရား၊ ဤသူအသက်ဆုံးရှုံးရသည့်အတွက် အကျွန်ုပ်တို့အားသေဒဏ်ခတ်တော်မမူပါရန်ပန်ကြားပါ၏။ အို ထာဝရဘုရား၊ ဤအမှုသည်အလိုတော်အရကိုယ်တော်တိုင်ပြုတော်မူသောအမှုဖြစ်ပါ၏'' ဟုဟစ်အော်လျှောက်ထားကြ၏။- 15ထိုနောက်သူတို့သည်ယောနကိုပွေ့ချီ၍ပင်လယ်ထဲသို့ပစ်ချလိုက်ကြ၏။ ထိုအခါချက်ချင်းပင် ပင်လယ်သည်ငြိမ်သက်သွား၏။- 16ယင်းသို့ငြိမ်သက်သွားသောအခါသင်္ဘောသားတို့သည် ထာဝရဘုရားကိုလွန်စွာကြောက်လန့်လာကြသဖြင့် ယဇ်ပူဇော်ကြပြီးလျှင်ကိုယ်တော်အားသစ္စာကတိပြုကြ၏။
17ထိုနောက်ဘုရားသခင်အမိန့်ပေးသဖြင့်ငါးကြီးတစ်ကောင်သည်ယောနကိုမျိုလေ၏။ ယောနလည်းငါးကြီး၏ဝမ်းဗိုက်တွင်း၌သုံးရက်ပတ်လုံးနေရ၏။#မ၊ ၁၂:၄၀။
လက်ရှိရွေးချယ်ထားမှု
ယောန 1: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar