ယေဇကျေလ 8
8
ဘုရားသခင်ကိုမြင်သောဒုတိယဗျာဒိတ်ရူပါရုံ
(၈:၁-၁၀:၂၂)
ယေရုရှလင်မြို့တွင်ရုပ်တုကိုးကွယ်မှု
1ငါတို့ပြည်နှင်ဒဏ်ခံရချိန်ခြောက်နှစ်မြောက်၊ ဆဋ္ဌမလ၊ ပဉ္စမနေ့၌ယုဒအမျိုးသားခေါင်းဆောင်များသည်ငါ၏အိမ်တွင်ထိုင်၍ငါနှင့်စကားပြောလျက်နေကြစဉ် အရှင်ထာဝရဘုရား၏တန်ခိုးတော်သည်ရုတ်တရက်ငါ၏အပေါ်သို့ကျရောက်လာ၏။- 2ငါသည်မော်၍ကြည့်လိုက်သောအခါမီးလျှံတောက်နေသောလူပုံသဏ္ဌာန်တစ်ခုကိုမြင်ရ၏။ သူ၏ခါးမှခြေဖျားအထိအောက်ပိုင်းတစ်ခုလုံးသည်မီးနှင့်တူ၍ အထက်ပိုင်းတစ်ခုလုံးမှာတိုက်ချွတ်ထားသည့်ကြေးဝါသဖွယ်တောက်ပလျက်နေ၏။-#ယေဇ၊ ၁:၂၇။ 3သူသည်လက်နှင့်တူသောအရာကိုဆန့်၍ငါ၏ဦးဆံကိုဆွဲကိုင်လိုက်၏။ ထိုနောက်ဤဗျာဒိတ်ရူပါရုံထဲ၌ဝိညာဉ်တော်သည်ငါ့အားလေထဲသို့ချီပင့်ပြီးလျှင် ယေရုရှလင်မြို့ဗိမာန်တော်မြောက်မျက်နှာတံခါးဝသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနေရာတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုတစ်ခုရှိသတည်း။
4ငါသည်ခေဗာမြစ်အနီးဗျာဒိတ်ရူပါရုံတွင်မြင်ရသည်နည်းတူ ဤအရပ်တွင်လည်းဣသရေလအမျိုးသားတို့၏ဘုရားသခင်၏ဘုန်းအသရေတော်ကိုမြင်ရ၏။-#ယေဇ၊ ၁:၂၈။ 5ဘုရားသခင်ကငါ့အား``အချင်းလူသား၊ မြောက်ဘက်သို့ကြည့်လော့'' ဟုမိန့်တော်မူသဖြင့်ကြည့်လိုက်သောအခါ တံခါးဝအနီးယဇ်ပလ္လင်ဘေးတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုကိုငါမြင်ရ၏။
6ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ထိုသူတို့ပြုနေသည့်အမှုကိုသင်မြင်သလော။ ဤအရပ်တွင်ဣသရေလအမျိုးသားတို့ပြုနေကြသည့်စက်ဆုပ်ဖွယ်ရာများကိုကြည့်လော့။ သူတို့သည်ငါ့အားသန့်ရှင်းရာဌာနတော်နှင့်ဝေးသည်ထက်ဝေးအောင်နှင်ထုတ်လျက်နေကြ၏။ သင်သည်ထိုအရာတို့ထက်ပို၍ရှက်ကြောက်ဖွယ်ကောင်းသည့်အရာတို့ကိုမြင်ရလိမ့်မည်'' ဟု မိန့်တော်မူ၏။
7ကိုယ်တော်သည်ငါ့အားအပြင်တံတိုင်းအဝင်ဝသို့ခေါ်ဆောင်သွားပြီးလျှင် တံတိုင်းတွင်ရှိသောအပေါက်တစ်ခုကိုပြတော်မူ၏။- 8ကိုယ်တော်က``အချင်းလူသား၊ တံတိုင်းကိုဤနေရာမှတူးဖောက်လိုက်လော့'' ဟုမိန့်တော်မူသည့်အတိုင်း ငါသည်တူးဖောက်လိုက်သောအခါတံခါးတစ်ခုကိုမြင်ရ၏။- 9ကိုယ်တော်သည်ငါ့အား``အထဲသို့ဝင်၍ထိုသူတို့ပြုနေကြသည့်ဆိုးညစ်စက်ဆုပ်ဖွယ်သောအမှုတို့ကိုကြည့်လော့'' ဟုမိန့်တော်မူလျှင်၊- 10ငါသည်အထဲသို့ဝင်၍ကြည့်၏။ တံတိုင်းနံရံများတွင်တွားသွားသောသတ္တဝါရုပ်များ၊ အခြားမသန့်စင်သည့်တိရစ္ဆာန်ရုပ်များနှင့် ဣသရေလအမျိုးသားတို့ကိုးကွယ်သည့်အခြားရုပ်တုပုံများကိုရေးဆွဲထား၏။- 11ထိုအရပ်တွင်ရှာဖန်၏သားယာဇညာအပါအဝင် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ်ဆယ်ရှိ၏။ သူတို့သည်ကိုယ်စီကိုယ်ငှနံ့သာပေါင်းကို မီးရှို့ရာလင်ပန်းတစ်ချပ်စီကိုင်ထားကြ၏။ နံ့သာပေါင်းမှမီးခိုးတို့သည်လည်းအထက်သို့တက်၍နေ၏။- 12ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဣသရေလအမျိုးသားခေါင်းဆောင်များလျှို့ဝှက်စွာပြုလျက်နေကြသောအမှုကိုသင်မြင်သလော။ သူတို့သည်မိမိတို့ကိုယ်ပိုင်ရုပ်တုများရှိသောအခန်းထဲ၌ကိုးကွယ်ဝတ်ပြုနေကြ၏။ သူတို့က`ထာဝရဘုရားသည်ငါတို့ကိုမမြင်။ ကိုယ်တော်သည်ငါတို့ပြည်ကိုစွန့်တော်မူလေပြီ' ဟုဆင်ခြေပေးကြ၏'' ဟုမိန့်တော်မူ၏။
13ထိုနောက်ထာဝရဘုရားက``သူတို့သည်ဤထက်ပိုမိုစက်ဆုပ်ဖွယ်ကောင်းသောအမှုများပြုကြသည်ကိုသင်မြင်ရလိမ့်မည်'' ဟုမိန့်တော်မူပြီးလျှင်၊- 14ငါ့အားဗိမာန်တော်မြောက်တံခါးသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနောက်တမ္မုဇနတ်ဘုရားကွယ်လွန်သဖြင့် ငိုကြွေးနေကြသောအမျိုးသမီးတို့ကိုပြတော်မူ၏။
15ကိုယ်တော်က``အချင်းလူသား၊ ထိုအခြင်းအရာကိုမြင်သလော။ ထိုထက်ပင်ပို၍စက်ဆုပ်ဖွယ်ကောင်းသောအမှုတို့ကိုသင်မြင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။- 16သို့ဖြစ်၍ကိုယ်တော်သည်ငါ့အား ဗိမာန်တော်အတွင်းတံတိုင်းသို့ခေါ်ဆောင်သွားတော်မူ၏။ ဗိမာန်တော်အဝင်ဝအနီးယဇ်ပလ္လင်နှင့်ဆင်ဝင်စပ်ကြား၌ လူနှစ်ဆယ့်ငါးယောက်ခန့်ရှိ၏။ သူတို့သည်ဗိမာန်တော်ကိုကျောခိုင်းလျက်အရှေ့ဘက်သို့မျက်နှာမူလျက် ထွက်ပြူလာသောနေမင်းအားရှိခိုးနေကြ၏။
17ထာဝရဘုရားကငါ့အား``အချင်းလူသား၊ ထိုအချင်းအရာကိုသင်မြင်သလော။ ဤယုဒအမျိုးသားတို့သည်သင်မြင်ခဲ့ရသမျှသောစက်ဆုပ်ဖွယ်ရာအမှုများကိုပြုရသည်မှာအသေးအဖွဲသာဖြစ်၍ သူတို့သည်တိုင်းပြည်တစ်ခုလုံးကိုအကြမ်းဖက်မှုများဖြင့်ပြည့်နှက်စေလေပြီ။ ထိုမျှမကဗိမာန်တော်သို့လာရောက်၍ဤအမှုများကိုပြုရခြင်းအားဖြင့် သူတို့သည်ငါ့အားပို၍ပင်အမျက်ထွက်စေ၏။- 18သူတို့သည်သစ်ခက်ကိုနှာခေါင်းတွင်ကပ်လျက် ငါ့အားစော်ကားကြပုံကိုကြည့်လော့။ ငါ၏အမျက်ဒဏ်ကိုသူတို့သည်အပြည့်အဝခံရကြလိမ့်မည်။ ငါသည်သူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မဟုတ်။ သူတို့သည်ငါ့ထံသို့အစွမ်းကုန်အော်ဟစ်၍ဆုတောင်းပတ္ထနာပြုကြမည်ဖြစ်သော်လည်း ငါသည်နားညောင်းလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလ 8: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar