၃ ရာ 8
8
ပဋိညာဉ်သေတ္တာတော်ကိုဗိမာန်တော်သို့ ပင့်ဆောင်ခြင်း
(၆ရာ၊ ၅:၂-၆:၂)
1ရှောလမုန်မင်းသည် ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုဇိအုန်တည်းဟူသောဒါဝိဒ်မြို့ မှ ဗိမာန်တော်သို့ပင့်ဆောင်ရန်အတွက် ဣသရေလ ခေါင်းဆောင်များဖြစ်သည့်အနွယ်ခေါင်းဆောင်များ နှင့်သားချင်းစုခေါင်းဆောင်များအား အထံတော် သို့ဆင့်ခေါ်တော်မူ၏။-#၂ရာ၊ ၆: ၁၂-၁၆။ ၅ရာ၊ ၁၅: ၂၅-၂၉။ 2ထိုသူအပေါင်းတို့သည်ဧသနိမ်အမည်တွင် သောသတ္တမလ၌ ကျင်းပသည့်သစ်ခက်တဲနေ ပွဲတော်သို့လာရောက်စုဝေးကြ၏။-#ဝတ်၊ ၂၃:၃၄။ 3ခေါင်းဆောင်အပေါင်းတို့လာရောက်စုဝေးကြ သောအခါ ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုထမ်း၍၊- 4ဗိမာန်တော်သို့ပင့်ဆောင်သွားကြ၏။ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်နှင့်တဲတော် တန်ဆာများကိုလည်း ဗိမာန်တော်သို့သယ် ဆောင်ကြ၏။- 5ရှောလမုန်မင်းနှင့်ဣသရေလပြည်သူအပေါင်း တို့သည် ပဋိညာဉ်သေတ္တာတော်၏ရှေ့၌စုဝေး၍ မရေတွက်နိုင်အောင်များပြားသည့်သိုးနွား များကိုယဇ်ပူဇော်ကြလေသည်။- 6ထို့နောက်ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကို ဗိမာန်တော်ထဲသို့ပင့်ဆောင် ကာအလွန်သန့်ရှင်းရာဌာနတော်ရှိ ခေရုဗိမ် တို့၏အတောင်များအောက်တွင်ထားကြ၏။- 7ခေရုဗိမ်တို့၏အတောင်များသည်ပဋိညာဉ် သေတ္တာအပေါ်သို့ဖြန့်လျက် သေတ္တာတော်နှင့် ထမ်းပိုးများကိုပါလွှမ်းမိုးထားလေသည်။- 8ထမ်းပိုးအစွန်းတို့ကိုဗိမာန်တော်အလွန်သန့် ရှင်းရာဌာန၏ရှေ့တည့်တည့်မှနေ၍တွေ့မြင် နိုင်၏။ သို့ရာတွင်အခြားအဘယ်နေရာမှ နေ၍မမြင်နိုင်။ (ထိုထမ်းပိုးတို့သည်ယနေ့ တိုင်အောင်ထိုနေရာ၌ရှိနေ၏။-) 9အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာသောအခါ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူရာသိနာတောင် ၌မောရှေထည့်ထားခဲ့သည့်ကျောက်ပြားနှစ် ချပ်မှလွဲ၍ အခြားအဘယ်အရာမျှ ပဋိညာဉ်သေတ္တာတော်ထဲတွင်မရှိ။#တရား၊ ၁၀:၅
10ဗိမာန်တော်ထဲမှယဇ်ပုရောဟိတ်များထွက် ခွာသွားကြစဉ် ဗိမာန်တော်သည်မိုးတိမ် ဖြင့်ချက်ချင်းပြည့်၍လာလေသည်။- 11ယင်းသို့ဗိမာန်တော်သည်ထာဝရဘုရား ၏ဘုန်းအသရေတော်နှင့်ပြည့်လျက်နေ သဖြင့် ယဇ်ပုရောဟိတ်တို့သည်မိမိတို့ တာဝန်ဝတ္တရားများကိုဆောင်ရွက်ရန် ဗိမာန် တော်ထဲသို့ပြန်၍မဝင်နိုင်ကြ။-#ထွ၊ ၄၀: ၃၄-၃၅။ 12ထိုအခါရှောလမုန်က၊
``အို ထာဝရဘုရား၊ကိုယ်တော်သည်
မိုးကောင်းကင်တွင်နေကိုထားရှိတော်မူသော်လည်း၊
မိုးတိမ်တွင်လည်းကောင်း၊မှောင်မိုက်တွင်လည်းကောင်း စံရန်ရွေးချယ်တော်မူပါ၏။#ဆာ၊ ၁၈:၁၁၊ ၉၇:၂။
13ယခုအခါကျွန်ုပ်သည်ကိုယ်တော်၏အတွက်
ဗိမာန်တော်၊ကိုယ်တော်ထာဝစဉ်စံတော်မူရန်၊
ဌာနတော်ကိုတည်ဆောက်ပြီးပါပြီ'' ဟု ဆုတောင်းပတ္ထနာပြုတော်မူ၏။
ပြည်သူတို့အားရှောလမုန်မိန့်ခွန်းမြွက်ကြားခြင်း
(၆ရာ၊ ၆:၃-၁၁)
14လူအပေါင်းတို့သည် ထိုနေရာတွင်ရပ်လျက်နေကြ စဉ် ရှောလမုန်မင်းသည်သူတို့ဘက်သို့မျက်နှာမူ ပြီးလျှင်သူတို့အားကောင်းချီးပေးတော်မူ၏။- 15ထိုနောက်မင်းကြီးက``ဣသရေလအမျိုးသား တို့၏ထာဝရဘုရားအားထောမနာပြုကြ လော့။ ကိုယ်တော်သည်ငါ၏ခမည်းတော်ဒါဝိဒ် အားပြုတော်မူခဲ့သည့်ကတိတော်ကိုတည် မြဲစေတော်မူပြီ။- 16ကိုယ်တော်က`ငါသည်ငါ၏လူမျိုးတော်ဖြစ်သော ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှအစပြု၍ ငါ့အားဝတ်ပြု ကိုးကွယ်ရာဗိမာန်တော်တည်ဆောက်ရန်အတွက် ဣသရေလနိုင်ငံတွင်အဘယ်မြို့ကိုမျှမရွေး ချယ်ခဲ့။ သို့ရာတွင်ငါသည်ငါ၏လူမျိုးတော်ကို အုပ်စိုးရန် သင့်ကိုရွေးချယ်ပြီ' ဟုငါ၏ခမည်း တော်ဒါဝိဒ်အားမိန့်တော်မူပါ၏'' ဟုဆို၏။#၂ရာ၊ ၇:၄-၁၁။ ၅ရာ၊ ၁၇:၃-၁၀။
17ထိုနောက်ဆက်လက်၍ရှောလမုန်က``ငါ၏ခမည်း တော်ဒါဝိဒ်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားကိုဝတ်ပြုကိုး ကွယ်ရန် ဗိမာန်တော်ကိုတည်ဆောက်လိုသော် လည်း၊-#၂ရာ၊ ၇:၁-၃။ ၅ရာ၊ ၁၇:၁-၂။ 18ထာဝရဘုရားက`ငါသည်သင်၏အကြံ အစည်ကိုနှစ်သက်တော်မူ၏။- 19သို့ရာတွင်သင်သည်ဗိမာန်တော်ကိုတည်ဆောက် ရမည်မဟုတ်။ သင်၏သားတော်တစ်ပါးသာလျှင် တည်ဆောက်ရမည်' ဟုမိန့်တော်မူခဲ့၏။''#၂ရာ၊ ၇:၁၂-၁၃။ ၅ရာ၊ ၁၇:၁၁-၁၂။
20``ယခုအခါထာဝရဘုရားသည် ထိုကတိ တော်ကိုအကောင်အထည်ပေါ်လွင်စေတော်မူ ပြီ။ ငါသည်ခမည်းတော်ဒါဝိဒ်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်ပြီးလျှင် ဣသ ရေလအမျိုးတို့၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော် ကိုတည်ဆောက်၍ပြီးလေပြီ။- 21ငါတို့ဘိုးဘေးများအားအီဂျစ်ပြည်မှထုတ် ဆောင်လာတော်မူစဉ်အခါက သူတို့နှင့်ထာဝရ ဘုရားပြုတော်မူသောပဋိညာဉ်တော်ဆိုင်ရာ ကျောက်ပြားများပါရှိသည့် ပဋိညာဉ်သေတ္တာတော် ထားရန်နေရာကိုဗိမာန်တော်တွင်ပြင်ဆင်ထား ပြီ'' ဟုမိန့်တော်မူ၏။
ရှောလမုန်၏ဆုတောင်းပတ္ထနာ
(၆ရာ၊ ၆:၁၂-၄၂)
22ထို့နောက်လူတို့၏ရှေ့မှောက်တွင်ရှောလမုန်သည် ယဇ်ပလ္လင်ရှေ့သို့သွားရပ်တော်မူ၏။ မင်းကြီး သည်လက်များကိုမြှောက်ချီလျက်၊- 23``အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ မိုးကောင်းကင်၌သော်လည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်၌သော်လည်းကောင်းကိုယ်တော် နှင့်တူသောဘုရားမရှိပါ။ ကိုယ်တော်၏လူမျိုး တော်သည် ကိုယ်တော့်စကားတော်ကိုစိတ်နှလုံး အကြွင်းမဲ့လိုက်နာကျင့်သုံးကြသောအခါ ကိုယ်တော်သည်သူတို့နှင့်ထားရှိသည့်ပဋိညာဉ် တော်ကိုစောင့်ထိန်းတော်မူလျက် သူတို့အား မေတ္တာကရုဏာတော်ကိုပြတော်မူပါ၏။- 24ကိုယ်တော်သည်အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ် အားပေးတော်မူခဲ့သည့်ကတိတော်နှင့်အညီ ပြုတော်မူပါပြီ။ ကိုယ်တော်၏မိန့်တော်မူခဲ့ သမျှတို့ကို ယနေ့အကောင်အထည်ပေါ် စေတော်မူပါပြီ။- 25`အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏ခမည်း တော်ဒါဝိဒ်အားသင်၏သားမြေးတို့သည် သင့် ကဲ့သို့ငါ့စကားကိုဂရုပြု၍နားထောင်ကြ လျှင် ဣသရေလပြည်တွင်အဘယ်အခါမျှ သင်၏အမျိုးမင်းရိုးပြတ်ရလိမ့်မည်မဟုတ်' ဟုမိန့်တော်မူခဲ့သည့်ကတိတော်အတိုင်း ယခုပြုတော်မူပါ။-#၃ရာ၊ ၂:၄။ 26အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်၏ခမည်းတော်ကိုယ် တော့်အစေခံဒါဝိဒ်အားပေးတော်မူသည့် ကတိတော်ကို အကောင်အထည်ပေါ်စေတော် မူရန်လျှောက်ထားပါ၏။''
27``သို့ရာတွင် အို ဘုရားသခင်၊ ကိုယ်တော်သည်ကမ္ဘာ မြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူပါ မည်လော။ ကောင်းကင်ဘုံတစ်ခုလုံးပင်လျှင်ကိုယ် တော်စံတော်မူနိုင်လောက်အောင်မကျယ်ဝန်းပါ။ သို့ဖြစ်၍ကျွန်ုပ်တည်ဆောက်သည့်ဤဗိမာန်တော် သည် စံတော်မူရန်အတွက်မည်သို့ကျယ်ဝန်း နိုင်ပါမည်နည်း။-#၆ရာ၊ ၂:၆။ 28အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်ပါ၏။ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ယနေ့ အကျွန်ုပ်လျှောက်ထားပန်ကြားချက်ကိုနား ညောင်းတော်မူပါ။- 29ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရန်ဌာနတော် အဖြစ်ရွေးချယ်တော်မူရာ ဗိမာန်တော်ကိုနေ့ ညမပြတ်စောင့်ထိန်းကြည့်ရှုတော်မူပါ။ ဤ ဗိမာန်တော်သို့မျက်နှာမူလျက် အကျွန်ုပ်တောင်း လျှောက်သောအခါနားညောင်းတော်မူပါ။-#တရား၊ ၁၂:၁၁။ 30ဤဌာနတော်သို့မျက်နှာမူလျက် အကျွန်ုပ်နှင့် ကိုယ်တော်၏လူမျိုးတော်တို့ဆုတောင်းသော အခါနားညောင်းတော်မူပါ။ ကိုယ်တော်စံတော် မူရာကောင်းကင်ဘုံကနေ၍အကျွန်ုပ်တို့၏ လျှောက်ထားချက်ကိုနားညောင်းလျက် အကျွန်ုပ် တို့၏အပြစ်ကိုဖြေလွှတ်တော်မူပါ။''
31``လူတစ်ယောက်သည် အခြားသူတစ်ယောက်အား ပြစ်မှားမှုနှင့်စွပ်စွဲခြင်းခံရသဖြင့် မိမိတွင် အပြစ်မရှိကြောင်းဤဗိမာန်တော်ရှိကိုယ်တော် ၏ယဇ်ပလ္လင်တော်ရှေ့၌ကျမ်းကျိန်သောအခါ၊- 32အို ထာဝရဘုရား၊ ကောင်းကင်ဘုံကနေ၍နား ထောင်တော်မူပြီးလျှင် ကိုယ်တော်၏အစေခံများ အားတရားစီရင်တော်မူပါ။ အပြစ်ရှိသူအား ထိုက်လျောက်ရာအပြစ်ကိုပေးတော်မူ၍ အပြစ် မဲ့သူအားအပြစ်မှလွတ်စေတော်မူပါ။''
33``ကိုယ်တော်၏လူမျိုးတော်ဣသရေလအမျိုးသား တို့သည် ကိုယ်တော်ကိုပြစ်မှားသည့်အတွက်ရန်သူ့ လက်တွင်အရေးရှုံးနိမ့်ကြသောအခါ ဤဗိမာန် တော်သို့လာ၍၊ မိမိတို့၏အပြစ်များကိုဖြေလွှတ် တော်မူရန် နှိမ့်ချသောစိတ်နှင့်အထံတော်သို့ဆု တောင်းပတ္ထနာပြုကြလျှင်၊- 34ကောင်းကင်ဘုံကနေ၍နားထောင်တော်မူပါ။ ကိုယ် တော်၏လူမျိုးတော်ကိုအပြစ်ဖြေလွှတ်တော်မူ၍ ဘိုးဘေးတို့ကိုပေးတော်မူသည့်ပြည်တော်သို့ သူတို့အားပြန်၍ပို့ဆောင်တော်မူပါ။''
35``ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ကိုယ် တော်ကိုပြစ်မှားသည့်အတွက်ဆုံးမတော်မူ ရန်မိုးခေါင်စေတော်မူသောအခါ သူတို့သည် နောင်တရ၍ဗိမာန်တော်သို့မျက်နှာမူလျက် နှိမ့်ချသောစိတ်နှင့်အထံတော်သို့ဆုတောင်း ပတ္ထနာပြုလျှင်၊- 36ကောင်းကင်ဘုံကနေ၍နားထောင်တော်မူပါ။ သူတို့လိုက်ရသောလမ်းမှန်ကိုညွှန်ပြတော် မူပါ။ ထို့နောက်၊ အို ထာဝရဘုရား၊ ကိုယ်တော် ၏လူမျိုးတော်အားအပိုင်ပေးသနားတော်မူ သည့်ပြည်တော်တွင်မိုးရွာစေတော်မူပါ။''
37``ပြည်တော်တွင် အစာငတ်မွတ်ခေါင်းပါးသော အခါ၌သော်လည်းကောင်း၊ အနာရောဂါဘေး ဆိုက်သောအခါ၌သော်လည်းကောင်း၊ ကောက်ပဲ သီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့ မဟုတ်ကျိုင်းကောင်အုပ်ကျခြင်းတို့ကြောင့် ပျက်စီး၍သွားသောအခါ၌သော်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့တိုက် ခိုက်ကြသောအခါ၌သော်လည်းကောင်း၊ သူတို့ တွင်ဘေးဥပဒ်၊ အနာရောဂါတစ်စုံတစ်ခု ရောက်သောအခါ၌သော်လည်းကောင်း၊- 38သူတို့ပြုသောဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားအချို့တို့သည်လှိုက်လှဲစွာဝမ်းနည်း လျက် ဤဗိမာန်တော်ဘက်သို့လက်အုပ်ချီ၍ဆု တောင်းပတ္ထနာပြုလျှင်၊- 39-40ကိုယ်တော်၏လူမျိုးတော်သည်ဘိုးဘေးများ အားပေးတော်မူမည့်ပြည်တော်တွင်နေထိုင်ရ သမျှကာလပတ်လုံး ကိုယ်တော်အားကြောက်ရွံ့ ရိုသေကြစေရန်သူတို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူပါ။ ကိုယ်တော်စံတော်မူ ရာကောင်းကင်ဘုံကနေ၍နားထောင်တော်မူ လျက် သူတို့အားအပြစ်ဖြေလွှတ်၍ကူမ တော်မူပါ။ ကိုယ်တော်သာလျှင်လူအပေါင်း တို့၏အကြံအစည်များကိုသိတော်မူပါ ၏။ လူတိုင်းခံစားသင့်သည့်အကျိုးအပြစ် အလျောက်စီရင်တော်မူပါ။''
41-42``ရပ်ဝေးတွင်နေထိုင်သည့်တိုင်းတစ်ပါးသား တစ်ဦးသည် ကိုယ်တော်၏ဂုဏ်သတင်းတော်ကို လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အတွက် ပြုတော်မူသောကြီးမြတ်သည့်အမှုတော်များ အကြောင်းကိုလည်းကောင်းကြားရသဖြင့် ကိုယ် တော်အားဝတ်ပြုကိုးကွယ်ရန်ဤဗိမာန်တော် သို့လာ၍ဆုတောင်းပတ္ထနာပြုသောအခါ၊- 43သူ၏ပတ္ထနာကိုနားညောင်းတော်မူပါ။ ကိုယ်တော် စံတော်မူရာကောင်းကင်ဘုံကနေ၍ နားထောင် တော်မူပြီးလျှင်သူပန်ကြားသည့်အတိုင်းပြု တော်မူပါ။ သို့မှသာလျှင်ကမ္ဘာပေါ်ရှိလူအပေါင်း တို့သည် ကိုယ်တော်၏လူမျိုးတော်နည်းတူကိုယ်တော် အားကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်ရှင်အဖို့အကျွန်ုပ်တည်ဆောက်ထား သည့် ဤဗိမာန်တော်သည်ကိုယ်တော်အားကိုးကွယ် ဝတ်ပြုရာဌာနတော်ဖြစ်ကြောင်းကိုသူတို့သိ ရှိကြပါလိမ့်မည်။''
44``ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အား ရန်သူများနှင့်စစ်တိုက်ရန်အမိန့်ပေးတော်မူ သောအခါ သူတို့သည်ကိုယ်တော်ရွေးချယ်ထား တော်မူသည့်ဤမြို့တော်နှင့်ကိုယ်တော်အဖို့ အကျွန်ုပ်တည်ဆောက်ထားသည့်ဤဗိမာန်တော် သို့မျက်နှာမူ၍ဆုတောင်းပတ္ထနာပြုကြသော အခါ၊- 45နားညောင်းတော်မူပါ၊ ကောင်းကင်ဘုံကနေ၍ နားထောင်တော်မူလျက် သူတို့အားအောင်ပွဲကို ပေးတော်မူပါ။''
46``အပြစ်မကူးလွန်သူလူတစ်ယောက်မျှမရှိ ပါ။ သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်ကိုပြစ်မှားကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်သည်အမျက်ထွက်တော်မူ၍ သူတို့ အားရန်သူများလက်တွင်အရေးရှုံးနိမ့်စေ လျက် တိုင်းတစ်ပါးသို့ဖမ်းဆီးခေါ်ဆောင်ခြင်း ကိုခံစေတော်မူပါလိမ့်မည်။- 47ထိုတိုင်းပြည်သည်အလွန်ဝေးကွာလျက်ပင်နေ စေကာမူ ကိုယ်တော်ရှင့်လူမျိုးတော်၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။ အကယ်၍သူ တို့သည်ထိုပြည်တွင်နောင်တရလျက် မိမိတို့ အဘယ်မျှအပြစ်ကူးခဲ့၍အဘယ်မျှဆိုး ညစ်ယုတ်မာခဲ့ကြောင်းကိုဖော်ပြဝန်ခံလျက် အထံတော်သို့ဆုတောင်းပတ္ထနာပြုကြပါ လျှင် အို ထာဝရဘုရား၊ သူတို့၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။- 48အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့၏ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်သို့လည်း ကောင်း၊ ကိုယ်တော်ရွေးချယ်ထားတော်မူသည့်ဤ မြို့တော်သို့လည်းကောင်း၊ အကျွန်ုပ်တည်ဆောက် ထားသည့်ဤဗိမာန်တော်သို့လည်းကောင်း မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြပါလျှင်၊- 49သူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပါ။ ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံက နေ၍နားထောင်တော်မူပြီးလျှင် သူတို့အား ကရုဏာထားတော်မူပါ။- 50ကိုယ်တော်အားသူတို့ပြစ်မှားပုန်ကန်သည့် အပြစ်မှန်သမျှကိုဖြေလွှတ်တော်မူပါ။ ရန်သူများသည်သူတို့အားသနားကြင် နာကြပါစေသော။- 51သူတို့သည်အလျှံတောက်လျက်နေသည့်မီးဖို နှင့်တူသော အီဂျစ်ပြည်မှကိုယ်တော်ထုတ်ဆောင် တော်မူခဲ့သောလူမျိုးတော် ကိုယ်တော်ရှင်ပိုင် တော်မူသောလူမျိုးတော်ဖြစ်ပါ၏။''
52``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုး တော်ဣသရေလအမျိုးသားများနှင့်သူတို့၏ ဘုရင်အား အစဉ်အမြဲကရုဏာဖြင့်ကြည့်ရှု့ တော်မူပါ။ ကူမတော်မူရန်အထံတော်သို့သူ တို့ပန်ကြားလျှောက်ထားသည့်အခါတိုင်း သူတို့ ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။- 53ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာတော်မူစဉ် အခါက ကိုယ်တော်၏အစေခံမောရှေအားဖြင့် မိန့်မှာတော်မူသည့်အတိုင်း ဤသူတို့အားကိုယ် တော်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေရန် လူ မျိုးတကာတို့အထဲကရွေးချယ်တော်မူခဲ့ ပါ၏'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
နိဂုံးချုပ်ဆုတောင်းပတ္ထနာ
54ရှောလမုန်သည်ယဇ်ပလ္လင်တော်ရှေ့တွင် လက်ကို မြှောက်ချီကာဒူးထောက်လျက် ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုပြီးသောအခါ နေရာမှထ၍ရပ်တော်မူပြီးလျှင်၊- 55ထိုနေရာတွင်စုဝေးလျက်နေကြသောလူအပေါင်း တို့အတွက် ဘုရားသခင်၏ကောင်းချီးမင်္ဂလာ ကိုအသံကျယ်စွာတောင်းခံတော်မူ၏။- 56မင်းကြီးက``ကတိတော်ရှိသည့်အတိုင်းမိမိ၏ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူသောထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သည်မိမိ၏အစေခံမောရှေအားဖြင့် ပေးတော်မူခဲ့သောကတိတော်အပေါင်းကို တစ်သဝေမတိမ်းတည်စေတော်မူပြီ။-#တရား၊ ၁၂:၁၀။ ယောရှု၊ ၂၁:၄၄-၄၅။ 57အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားသည် ဘိုးဘေးများနှင့်အတူနေတော်မူခဲ့သည့်နည်း တူ အကျွန်ုပ်အားအဘယ်အခါ၌မျှမစွန့် မခွာဘဲအကျွန်ုပ်တို့နှင့်အတူရှိတော်မူ ပါစေသော။- 58အကျွန်ုပ်တို့သည်ကိုယ်တော်၏အလိုတော်အတိုင်း အသက်ရှင်နိုင်ကြစေရန်လည်းကောင်း၊ ဘိုးဘေး တို့အားပေးတော်မူခဲ့သည့်ပညတ်တော်များနှင့် အမိန့်တော်တို့ကိုလိုက်နာကြစေရန်လည်းကောင်း အကျွန်ုပ်တို့အားအမိန့်တော်ကိုနာခံသူများ ဖြစ်အောင်ပြုပြင်တော်မူပါစေသော။- 59အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားသည် ဤဆုတောင်းပတ္ထနာနှင့်ပန်ကြားလျှောက်ထား ချက်များကို အခါခပ်သိမ်းအောက်မေ့သတိရ တော်မူပါစေသော။ ကိုယ်တော်သည်ဣသရေလ ပြည်သူများနှင့်ဘုရင်အား နေ့စဉ်လိုအပ်ချက် များနှင့်အညီကရုဏာပြတော်မူပါစေ သော။- 60သို့မှသာထာဝရဘုရားတစ်ပါးတည်းသာ လျှင်ဘုရားဖြစ်ကြောင်း၊ အခြားဘုရားမရှိ ကြောင်းကိုကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ သိရှိကြပါလိမ့်မည်။- 61ကိုယ်တော်၏လူမျိုးတော်ဖြစ်သူသင်တို့သည် လည်း အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားသစ္စာစောင့်၍ ယနေ့ကျင့်သကဲ့သို့ ပညတ်တော်များနှင့်အမိန့်တော်မှန်သမျှကို အစဉ်အမြဲလိုက်နာနိုင်ကြပါစေသော'' ဟု မြွက်ဆိုတော်မူ၏။
ဗိမာန်တော်ကိုအနုမောဒနာပြုခြင်း
(၆ရာ၊ ၇:၄-၁၀)
62ထို့နောက်ရှောလမုန်မင်းနှင့်ပြည်သူအပေါင်း တို့သည် ထာဝရဘုရားအားယဇ်များကို ပူဇော်ကြ၏။- 63မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့်သိုးကောင်ရေတစ်သိန်းနှစ်သောင်းကို မိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်းတို့ သည်ဗိမာန်တော်ကိုအနုမောဒနာပြုကြ လေသည်။- 64ထိုနေ့၌ပင်မင်းကြီးသည်ဗိမာန်တော်ရှေ့၌ ရှိသော အလယ်တံတိုင်းကိုလည်းအနုမောဒနာ ပြုတော်မူ၏။ သူသည်ထိုနေရာ၌တစ်ကောင်လုံး မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သကာကိုလည်း ကောင်း၊ မိတ်သဟာယယဇ်အတွက်ဆီဥကို လည်းကောင်းပူဇော်လေသည်။ ထိုသို့ပြုရခြင်း မှာဗိမာန်တော်တံတိုင်းအတွင်းရှိ ကြေးဝါ ယဇ်ပလ္လင်သည်ထိုပူဇော်သကာအပေါင်းတို့ အတွက်အလွန်သေးငယ်၍နေသောကြောင့် တည်း။
65ဗိမာန်တော်တွင်ရှောလမုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲနေ ပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပကြလေ သည်။ လူအုပ်ကြီးမှာမြောက်ဘက်ဟာမတ်တောင် ကြားလမ်းမှသည် တောင်ဘက်အီဂျစ်ပြည်နယ် စပ်တိုင်အောင်အနှံ့အပြားအရပ်ရပ်မှလာ ရောက်သူများဖြစ်သတည်း။- 66ရှစ်ရက်မြောက်သောနေ့၌မင်းကြီးသည်လူတို့ အား မိမိတို့ရပ်ရွာများသို့ပြန်စေတော်မူ၏။ ထိုသူအပေါင်းတို့သည်လည်းမင်းကြီးအား ထောမနာပြုကြပြီးလျှင် ထာဝရဘုရား ၏လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ကိုယ်တော်၏အစေခံဒါဝိဒ်ခံယူရရှိသည့် ကျေးဇူးတော်ကြောင့်ရွှင်လန်းဝမ်းမြောက်စွာ မိမိတို့ရပ်ရွာများသို့ပြန်သွားကြ၏။
လက်ရှိရွေးချယ်ထားမှု
၃ ရာ 8: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar