ရှင်လုကာ 10
10
တပည့်ခုနစ်ကျိပ်ကိုစေလွှတ်ခြင်း
1ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ၍၊ ကိုယ်တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ၏။- 2သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စပါးရှင် စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့။-#မ၊ ၉:၃၇-၃၈။ 3သင်တို့သွားလေသည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။-#မ၊ ၁၀:၁၆။ 4ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက်ကြနှင့်။-#မ၊ ၁၀:၇-၁၄။ မာ၊ ၆:၈-၁၁။ လု၊ ၉:၃-၅။ 5မည်သည့်အိမ်သို့ ဝင်သောအခါ၊ ဤအိမ်၌ မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြလော့။ 6ထိုအိမ်၌ မင်္ဂလာသားရှိလျှင်၊ သင်တို့မြွက်သော မင်္ဂလာသည် တည်လိမ့်မည်။- 7သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ၏။ တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်၍ မသွားကြနှင့်။-#၁ကော၊ ၉:၁၄။ ၁တိ၊ ၅:၁၈။ 8အကြင်မြို့သို့သင်တို့ဝင်၍ မြို့သားတို့သည်လက်ခံ၏။ ထိုမြို့၌ သင်တို့ရှေ့မှာထည့်သမျှကို စားကြလော့။- 9လူနာများကို ချမ်းသာပေးကြလော့။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ တည်ထောင်သော အချိန်နီးပြီဟု သူတို့အား ဟောပြောကြလော့။- 10အကြင်မြို့သို့ဝင်၍ မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏လမ်းသို့ ထွက်ပြီးလျှင်၊ ငါတို့၌ကပ်သော သင်တို့မြို့၏ မြေမှုန့်ကို ငါတို့ခါလိုက်၏။-#တ၊ ၁၃:၅၁။ 11သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အနီးသို့ရောက်ကြောင်းကို သိမှတ်ကြဟု သူတို့အားပြောကြလော့။- 12ငါဆိုသည်ကား၊ နောက်ဆုံးသောနေ့၌ ထိုမြို့သည် သောဒုံမြို့ထက် သာ၍ခံရလတ္တံ့။#က၊ ၁၉:၂၄-၂၈။ မ၊ ၁၁:၂၄၊ ၁၀:၁၅။
မယုံကြည်သည့်မြို့များ
(မ၊ ၁၁:၂၀-၂၄)
13အို ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင် ပြသောတန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဖူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာထဲမှထိုင်လျက် နောင်တရကြလိမ့်မည်။-#ဟေရှာ၊ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁-၂၈:၂၆။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၉-၁၀။ ဇာ၊ ၉:၂-၄။ 14တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့ထက် သာ၍ခံရကြလတ္တံ့။- 15အိုကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတ္တံ့။-#ဟေရှာ၊ ၁၄:၁၃-၁၅။ 16သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်၏။ သင်တို့ကို ပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ပယ်သည်ဟု မိန့်တော်မူ၏။-#မ၊ ၁၀:၄၀။ မာ၊ ၉:၃၇။ လု၊ ၉:၄၈။ ယော၊ ၁၃:၂၀။
တပည့်တော်ခုနစ်ဆယ်ပြန်လာခြင်း
17ထိုခုနစ်ကျိပ်သော တပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ၍၊ သခင်၊ ကိုယ်တော်၏ နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင် နိုင်ပါသည်ဟု လျှောက်ကြ၏။- 18ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။- 19သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ။-#ဆာ၊ ၉၁:၁၃။ 20သို့သော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်၊ သင်တို့၏ နာမည်များသည် ကောင်းကင်စာရင်း၌ ဝင်သည်ကို ဝမ်းမြောက်ခြင်းရှိကြလော့ဟု မိန့်တော်မူ၏။
ယေရှုဝမ်းမြောက်တော်မူခြင်း
(မ၊ ၁၁:၂၅-၂၇၊ ၁၃:၁၆-၁၇)
21ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်း စိတ်ရှိသဖြင့်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူ သောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလိုတော်ရှိသောကြောင့် မှန်ပါ၏။ အဘ။- 22ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူဖြစ်သည်ကို ခမည်းတော်မှတစ်ပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတစ်ပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။-#ယော၊ ၃:၃၅၊ ၁၀:၁၅။ 23ထိုအခါ တပည့်တော်တို့ကို လှည့်ကြည့်၍၊ ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင်တို့မျက်စိသည် မင်္ဂလာရှိ၏။- 24ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ ကြားရသောအရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။
ကောင်းသောရှမာရိဥပမာ
25တစ်ရံရောအခါ ကျမ်းတတ်တစ်ယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်သော်၊-#မ၊ ၂၂:၃၅-၄၀။ မာ၊ ၁၂:၂၈-၃၄။ 26ကိုယ်တော်က၊ ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည်အဘယ်သို့ ဖတ်သနည်းဟု မေးတော်မူလျှင်၊- 27ထိုသူက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက်လေ၏။-#ဝတ်၊ ၁၉:၁၈။ တရား၊ ၆:၅။ 28ကိုယ်တော်ကလည်း၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ၏။-#ဝတ်၊ ၁၈:၅။ 29ထိုသူကလည်၊ အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သောသူ ဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် ပြုလိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော်။- 30ယေရှုက၊ လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ဓားပြနှင့် တွေ့ကြုံလေ၏။ ဓားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ နာကျင်စွာ ရိုက်နှက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍ သွားကြ၏။- 31ထိုလမ်းသို့ ယဇ်ပုရောဟိတ်တစ်ယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍ သွားလေ၏။- 32ထိုနည်းတူ လေဝိလူတစ်ယောက်သည် ထိုအရပ်သို့ရောက်သောအခါ၊ လာ၍ကြည့်မြင်လျှင် လွှဲရှောင်၍ သွားလေ၏။- 33ရှမာရိ လူတစ်ယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက်၍ မြင်သောအခါ၊ ကရုဏာစိတ်ရှိသည်နှင့်၊-#၆ရာ၊ ၂၈:၁၅။ 34ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့် စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်မှာ တင်၍ ဇရပ်တစ်ခုသို့ ဆောင်သွားပြုစုလေ၏။- 35နက်ဖြန်နေ့၌ ထွက်သွားသောအခါ၊ ဒေနာရိနှစ်ပြားကိုထုတ်၍ ဇရပ်ရှင်အားပေးလျက်၊ ဤသူကို ကြည့်ရှုပြုစုပါ။ ကုန်သမျှကို ငါပြန်လာသောအခါ ဆပ်ပေးမည်ဟုဆို၏။ သင်သည် အဘယ်သို့ထင်သနည်း။- 36ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ဓားပြလက်သို့ရောက်သောသူနှင့် စပ်ဆိုင်သောသူ ဖြစ်သနည်းဟု ပြန်၍မေးတော်မူလျှင်၊- 37ကျမ်းတတ်ကလည်း၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟု လျှောက်သော် ယေရှုက၊ သင်သည်သွား၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ၏။
မာသ၊ မာရိတို့အိမ်သို့သွားခြင်း
38ယေရှုသည် တပည့်တော်တို့နှင့် ခရီးသွားကြစဉ် ရွာတစ်ရွာသို့ဝင်သော်၊ မာသအမည်ရှိသော မိန်းမတစ်ဦးသည် မိမိအိမ်၌ ကိုယ်တော်ကိုဧည့်ခံလေ၏။-#ယော၊ ၁၁:၁။ 39ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတစ်ယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။- 40မာသမူကား၊ လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍၊ သခင်၊ ကျွန်မ၏ညီမသည်၊ ကျွန်မတစ်ယောက်တည်း လုပ်ကျွေးစေခြင်းငှာ ကျွန်မကို ပစ်ထားသည်အရာကို လျစ်လျူသောစိတ် ရှိတော်မူသလော။ သူသည် ကျွန်မကို ကူညီမည့်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သော်၊- 41ယေရှုက၊ မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကို ခံရ၏။ လိုသောအရာတစ်ခုတည်း ရှိ၏။- 42မာရိမူကား၊ ကောင်းသောအဖို့ကို ရွေးယူပြီ။ ထိုအဖို့ကို အဘယ်သူမျှ မနုတ်မယူရာဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်လုကာ 10: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.