မာကု 7
7
အတွင်းစိတ် စင်ကြယ်ခြင်းအကြောင်း သွန်သင်တော်မူခြင်း
1တစ်နေ့တွင် ဖာရိရှဲများနှင့် ဂျေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာတချို့သည် ယေရှုထံတော်သို့လာရောက် စုဝေးကြ၏။ 2ထိုအခါ တပည့်တော်တချို့သည် အစာမစားမီ ဂျူးဓလေ့ထုံးတမ်းအရ လက်ဆေးခြင်းအစဉ်အလာကို လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက တွေ့မြင်ကြ၏။ 3(ဖာရိရှဲများမှစ၍ ဂျူးလူမျိုးအပေါင်းတို့သည် ရှေးလူကြီးတို့၏ ဓလေ့ထုံးတမ်းကို စောင့်ထိန်းသောအားဖြင့် လက်ကို ကျင့်ထုံးအတိုင်း မဆေးကြောဘဲ အစာစားလေ့မရှိကြ။#7:3 လက်သီးဆုပ်ဖြင့် ဆေးကြောသည်ဟူ၍မှအပ မူရင်းထုံးနည်းကိုမူ အတိအကျမသိရပေ။ 4ထိုနည်းတူ ဈေးမှ ပြန်လာသောအခါ၌လည်း လက်ကို မဆေးကြောဘဲ#7:4 အချို့လက်ရေးမူကျမ်းများတွင် “မိမိကိုယ်မိမိ မသန့်စင်မီ” ဟု တွေ့ရသည်။ စားလေ့မရှိကြ။ ထို့ပြင် ခွက်၊ ကရားနှင့် ကြေးဖလားတို့#7:4 အချို့သော လက်ရေးမူကျမ်းများတွင် “ခုတင်တို့” ဟူ၍ ပါရှိသည်။ကို ဆေးကြောခြင်းအစဉ်အလာစသည့် အခြားသော ဓလေ့ထုံးတမ်းများလည်း ရှိ၏။)
5ထို့ကြောင့် ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “သင်၏တပည့်တို့သည် ရှေးလူကြီးများ၏ ဓလေ့ထုံးတမ်းကို အဘယ်ကြောင့် မလိုက်နာကြသနည်း။ သူတို့သည် အစာမစားမီ ဂျူးဓလေ့ထုံးတမ်းအရ လက်ဆေးခြင်းအစဉ်အလာကို မလိုက်နာဘဲ စားကြသည်” ဟု ဆိုကြ၏။
6ယေရှုက “သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့အကြောင်းကို ဟေရှာယ ကြိုတင်ဟောသည်မှာ မှန်လှ၏။
‘ဤသူတို့သည် ငါ့ကို နှုတ်ဖြင့် ရိုသေကြ၏။
သို့သော် သူတို့၏ စိတ်နှလုံးမှာမူ ငါနှင့် ဝေးကွာလှ၏။
7သူတို့သည် လူ့စည်းမျဉ်းတို့ကို ဘုရားသခင်ထံမှလာသော သွန်သင်ချက်များအဖြစ် သွန်သင်ကြ၏။
သို့ဖြစ်၍ ငါ့ကို သူတို့ကိုးကွယ်ကြသည်မှာ အချည်းနှီးဖြစ်၏’#7:7 ဟေရှာ ၂၉:၁၃။
ဟူ၍ ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း 8သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ လူတို့၏ ဓလေ့ထုံးတမ်းများကို အစားထိုးလိုက်နာကြ၏” ဟု မိန့်တော်မူ၏။
9ဆက်လက်၍ ကိုယ်တော်က “သင်တို့သည် မိမိတို့၏ ဓလေ့ထုံးတမ်းကို ထိန်းသိမ်းရန်အတွက် ဘုရားသခင်၏ ပညတ်တော်ကို ပစ်ပယ်ကြ၏။ 10မောရှေက ‘မိဘကို ရိုသေလော့။#7:10 ထွ ၂၀:၁၂၊ တရား ၅:၁၆။ မိဘကို ကျိန်ဆဲသောသူသည် အမှန်သေရမည်’#7:10 ထွ ၂၁:၁၇၊ ဝတ် ၂၀:၉။ ဟူသော ဘုရားသခင်၏ပညတ်တော်ကို ပေးခဲ့၏။ 11သင်တို့ကမူ ‘မိဘအား ထောက်ပံ့ရမည့် ပစ္စည်း#7:11 မူရင်းဂရိကျမ်းတွင် “ကျွန်ုပ်ပေးထားသည့်အရာမှာ လှူဖွယ်ပစ္စည်းဖြစ်သောကော်ဘန်ဖြစ်၏” ဟူ၍ ပါရှိသည်။ရှိသော်လည်း ထိုပစ္စည်းကို ဘုရားသခင်အား လှူဒါန်းပြီးဖြစ်ပါက သူတို့ကို ထောက်ပံ့ရန် မလိုတော့’ ဟု သွန်သင်ကြ၏။ 12ဤနည်းဖြင့် သင်တို့သည် မိဘကို လုပ်ကျွေးပြုစုရန် မလိုအပ်ကြောင်း လူတို့ကို သွန်သင်ကြ၏။ 13ဤသို့ဖြင့် သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းကို လက်ဆင့်ကမ်း၍ ဘုရားသခင်၏ပညတ်တော်ကို ပစ်ပယ်ကြ၏။ ထိုသို့သော အမှုများစွာတို့ကိုလည်း သင်တို့ပြုကြ၏” ဟု မိန့်တော်မူ၏။
14ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ကို ခေါ်၍ “သင်တို့အားလုံးသည် ငါ့စကားကို နားထောင်၍ နားလည်ရန် ကြိုးစားကြလော့။ 15လူ၏ပြင်ပမှ လာ၍ လူအတွင်းသို့ ဝင်သောအရာသည် လူကို မညစ်ညမ်းစေပါ။ သို့သော် လူ့စိတ်နှလုံးမှ ထွက်လာသောအရာများသည်သာ လူကို ညစ်ညမ်းစေ၏။ 16နားရှိသောသူသည် ကြား၍ နားလည်ပါစေ#7:16 အချို့လက်ရေးမူကျမ်းများတွင် ဤအပိုဒ်ငယ်မပါဝင်ပါ။” ဟု မိန့်တော်မူ၏။
17ကိုယ်တော်သည် လူထုပရိသတ်ထံမှ ထွက်ကြွ၍ အိမ်တစ်အိမ်သို့ ဝင်တော်မူလျှင် တပည့်တော်တို့က ထိုဆိုရိုးစကား၏ အဓိပ္ပာယ်ကို မေးလျှောက်ကြ၏။ 18ထိုအခါ ကိုယ်တော်က “သင်တို့သည်လည်း နားမလည်ဘဲ ရှိနေကြသေးသလော။ လူ့အတွင်းသို့ ဝင်သမျှသောအစာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့မသိကြသလော။ 19အဘယ်ကြောင့်ဆိုသော် အစာသည် စိတ်နှလုံးထဲသို့ မဝင်။ ဝမ်းထဲသို့ဝင်ပြီးမှ ရေအိမ်သို့စွန့်ရ၏” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူခြင်းအားဖြင့် အစားအစာဟူသမျှသည် သန့်ရှင်းကြောင်းကို ဖော်ပြတော်မူ၏။
20တစ်ဖန် ယေရှုက “လူ့အတွင်းမှ ထွက်လာသောအရာသည်သာ လူကို ညစ်ညမ်းစေ၏။ 21အဘယ်ကြောင့်ဆိုသော် မကောင်းသောကြံစည်ခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ လူသတ်ခြင်း၊ 22သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ လောဘလွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ပညာမဲ့ခြင်း၊ 23စသည့် ဆိုးညစ်သောအရာများသည် စိတ်နှလုံးမှ ထွက်လာ၍ လူကိုညစ်ညမ်းစေသည်” ဟု မိန့်တော်မူ၏။
လူမျိုးခြားအမျိုးသမီးတစ်ဦး၏ ယုံကြည်ခြင်း
24ထို့နောက် ယေရှုသည် ဂါလိလဲပြည်မှ ထွက်ခွာတော်မူ၍ တိုင်ရာမြို့#7:24 အချို့လက်ရေးမူကျမ်းများတွင် “နှင့် ဆီဒုန်မြို့” ဟု ပါရှိသည်။၏ အရပ်ဒေသသို့ ကြွတော်မူကာ အိမ်တစ်အိမ်သို့ ဝင်တော်မူ၏။ ထိုအိမ်၌ တည်းခိုနေတော်မူကြောင်း မည်သူ့ကိုမျှ သိစေလိုတော်မမူပေ။ သို့သော်လည်း ပုန်းရှောင်တော်မူ၍ မရပေ။ 25နတ်ဆိုးပူးသော မိန်းကလေးတစ်ဦး၏ မိခင်ဖြစ်သူသည် သတင်းတော်ကို ကြားသဖြင့် ချက်ချင်းလာ၍ ကိုယ်တော်၏ ခြေတော်ရင်းတွင် ပျပ်ဝပ်လေ၏။ 26ထို့နောက် မိမိသမီးထံမှ နတ်ဆိုးကို နှင်ထုတ်ပေးတော်မူရန် တောင်းပန်လေ၏။ ထိုအမျိုးသမီးသည် ဂရိလူမျိုး၊ ဆီးရီးယားဖိုနီးရှားပြည်သူတစ်ဦးဖြစ်၏။ 27ယေရှုက “သားသမီးများကို ဦးစွာ ဝအောင်ကျွေးရ၏။ သားသမီးတို့၏ မုန့်ကိုယူ၍ ခွေးများအား မချကျွေးသင့်” ဟု တုံ့ပြန်တော်မူ၏။
28အမျိုးသမီးက “မှန်ပါသည် သခင်။ သို့သော်လည်း စားပွဲအောက်ရှိ ခွေးများပင်လျှင် သားသမီးတို့၏စားကြွင်းစားကျန်များကို စားခွင့်ရပါသည်” ဟု လျှောက်လေ၏။
29ထိုအခါ ယေရှုက “ဤသို့ သင့်လျော်စွာ ဆိုသောကြောင့် ယခု သင်အိမ်သို့ ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထံမှ ထွက်သွားပြီ” ဟု မိန့်တော်မူ၏။ 30ထိုအမျိုးသမီးသည် အိမ်သို့ရောက်သော် နတ်ဆိုးသည် ထွက်သွား၍ သမီးဖြစ်သူမှာလည်း အိပ်ရာ၌ လဲလျောင်းလျက်ရှိသည်ကို တွေ့ရလေ၏။
နားမကြားသောသူကို ကြားစေတော်မူခြင်း
31ထို့နောက် ယေရှုသည် တိုင်ရာမြို့၏အရပ်ဒေသမှ ထွက်ခွာ၍ ဆီဒုန်မြို့ကို ဖြတ်ကာ ဒေကာပေါလိပြည်#7:31 မြို့ဆယ်မြို့ရှိသော ပြည်ကို ရည်ညွှန်းသည်။အလယ်ပိုင်းမှတစ်ဆင့် ဂါလိလဲအိုင်သို့ ကြွတော်မူ၏။ 32ထိုအခါ လူတို့သည် ဆွံ့အနားမကြားသောသူတစ်ဦးကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။ သူတို့က “ဤသူ ကျန်းမာလာရန်အတွက် သူ့အပေါ် လက်တော်ကို တင်တော်မူပါ” ဟု တောင်းပန်ကြ၏။
33ယေရှုသည် ထိုသူကို လူအစုအဝေးထဲမှ သီးခြားခေါ်သွားတော်မူ၏။ ထို့နောက် လက်ညှိုးတော်တို့ကို သူ၏နားနှစ်ဖက်ထဲသို့ ထည့်သွင်းတော်မူ၏။ တစ်ဖန် တံတွေးထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။ 34ထို့နောက် ကောင်းကင်သို့ မော့ကြည့်၍ သက်ပြင်းချကာ “ဧဖသ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်မှာ “ပွင့်စေ” ဟု ဆိုလို၏။ 35ချက်ချင်းပင် ထိုသူသည် နားပွင့်၍ လျှာသွက်လာသဖြင့် စကားပီသစွာ ပြောနိုင်လေ၏။
36ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောရန် ကိုယ်တော်သည် လူတို့ကို မှာကြားတော်မူ၏။ သို့သော်လည်း ထိုသို့ မှာကြားတော်မူလေ၊ သူတို့သည် သတင်းတော်ကို ပြောကြလေဖြစ်၏။ 37ထိုသူတို့သည် အလွန်အမင်း အံ့အားသင့်လျက် “ထိုအရှင်ပြုသမျှသည် အံ့ဖွယ်ဖြစ်၏။ နားမကြားသူကို ကြားစေ၍ ဆွံ့အသူကို စကားပြောစေတော်မူပြီ” ဟု ဆိုကြ၏။
လက်ရှိရွေးချယ်ထားမှု
မာကု 7: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.