YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာကု 5

5
နတ်ဆိုးပူးသူ​တစ်ဦး​ကို ကျန်းမာစေတော်မူခြင်း
1ထို့နောက် သူတို့​သည် အိုင်​တစ်ဖက်ကမ်း​၌ ရှိသော ဂါရစ#5:1 “ဂါရစ” အချို့​လက်ရေးမူကျမ်းများ​တွင် “ဂါဒရ၊” အချို့​တွင် “ဂါဂရ” ဟု ဖော်ပြထားသည်။​ဒေသ​သို့ ရောက်ကြ၏။ 2ကိုယ်တော်​သည် လှေ​ပေါ်မှ ဆင်းတော်မူ​သောအခါ နတ်ဆိုးပူးသော​လူတစ်ဦး​သည် ကိုယ်တော်​နှင့် တွေ့ဆုံ​ရန် သင်္ချိုင်းဂူများ​အကြား​မှ ထွက်လာ၏။ 3ထို​သူ​သည် သင်္ချိုင်း​၌ နေ၏။ မည်သူမျှ သူ့​ကို သံကြိုး​နှင့်ပင် ချည်နှောင်​မထားနိုင်ပေ။ 4အဘယ်ကြောင့်ဆိုသော် သူ​သည် သံခြေချင်းများ၊ သံကြိုးများ​ဖြင့် မကြာခဏ ချည်နှောင်ထားခြင်း​ခံရ​သော်လည်း သံကြိုး​ကို​ဖြတ်​၍ သံခြေချင်းများ​ကို အပိုင်းပိုင်း​ရိုက်ဖျက်တတ်​သောကြောင့် ဖြစ်၏။ မည်သူမျှ သူ့​ကို မထိန်းချုပ်နိုင်ပေ။ 5သူ​သည် နေ့ည​မပြတ် သင်္ချိုင်းဂူများ​၌​လည်းကောင်း၊ တောင်ကုန်းများ​ပေါ်၌​လည်းကောင်း၊ လှည့်လည်​၍ အော်ဟစ်​လျက် ကျောက်စောင်းများ​ဖြင့် မိမိ​ကိုယ်​ကို ရှစေ​လျက်​နေ၏။
6သူ​သည် ယေရှု​ကို အဝေး​မှ မြင်​လျှင် ပြေးလာ​၍ ဝပ်တွားခယ​လျက် 7“အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​သားတော်​ယေရှု… ကိုယ်တော်​သည် အကျွန်ုပ်​နှင့် မည်သို့​ဆိုင်သနည်း။ အကျွန်ုပ်​ကို ညှဉ်းဆဲတော်မမူ​ရန် ဘုရားသခင်​ကို အမှီပြု​၍ တောင်းပန်ပါ၏” ဟု အော်ဟစ်​၍ လျှောက်လေ၏။ 8ဤသို့​လျှောက်ရခြင်း​မှာ ယေရှု​က နတ်ဆိုး​အား “အို နတ်ဆိုး… ထို​လူ​အထဲ​မှ ထွက်သွားလော့” ဟု မိန့်တော်မူ​သောကြောင့် ဖြစ်၏။
9ယေရှု​က “သင့်​နာမည် မည်သို့​ခေါ်သနည်း” ဟု မေး​လျှင် ထို​သူ​က “အကျွန်ုပ်​၏ နာမည်​မှာ လေဂေါင်#5:9 “လေဂေါင်” ဆိုသည်မှာ ရှေးခေတ်​ရောမတပ်​တွင် ပါဝင်သော​စစ်သည် အမြောက်အမြား ဖြစ်သည်။ လေဂေါင်​တစ်တပ်​တွင် စစ်သည်​ခြောက်ထောင်​ခန့် ပါဝင်သည်။​ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဤ​လူ​အထဲ​၌ အကျွန်ုပ်တို့​သည် များစွာ​ရှိနေ​သောကြောင့်​ဖြစ်သည်” ဟု ပြန်လျှောက်၏။ 10ထို့နောက် နတ်ဆိုး​က မိမိတို့​ကို ထို​ဒေသ​မှ နှင်ထုတ်တော်မမူ​ရန် အနူးအညွှတ်​တောင်းပန်လေ၏။
11ထို​အရပ်​အနီး​ရှိ တောင်ကုန်း​ပေါ်၌ ဝက်အုပ်ကြီး​တစ်အုပ်​သည် ကျက်စား​လျက်​ရှိ၏။ 12ထိုအခါ နတ်ဆိုး​က “အကျွန်ုပ်တို့​ကို ထို​ဝက်များ​ထဲသို့ ဝင်ခွင့်ပြုတော်မူပါ” ဟု တောင်းပန်ပြန်၏။
13ယေရှု​သည် ခွင့်ပြုတော်မူ၏။ ထိုအခါ နတ်ဆိုးတို့​သည် ထို​လူ​အထဲမှ ထွက်​ကာ ဝက်များ​အထဲသို့ ဝင်ကြ​သဖြင့် အရေအတွက်​အားဖြင့် နှစ်ထောင်​ခန့်​ရှိသော ဝက်အုပ်ကြီး​သည် တောင်ကုန်း​ပေါ်​မှ အိုင်​ထဲသို့ တစ်ဟုန်ထိုး ပြေးဆင်း​၍ ရေနစ်​သေဆုံးကြ၏။
14ဝက်ကျောင်းသော​သူတို့​သည် ပြေး​၍ ထို​သတင်း​ကို မြို့ရွာတို့​တွင် ပြောပြကြ၏။ ထို့ကြောင့် လူတို့​က မည်သို့​ဖြစ်ပျက်သည်​ကို ကြည့်​ရန် ထွက်လာကြ၏။ 15ယေရှု​ထံသို့ ထို​သူတို့ ရောက်​သောအခါ လေဂေါင်​နတ်ဆိုးပူးခံရသူ​သည် အဝတ်​ကို​ဝတ်ထား​လျက် လူကောင်း​ပကတိစိတ်​ဖြင့် ထိုင်နေသည်​ကို တွေ့မြင်ကြ​လျှင် ကြောက်ရွံ့ကြ၏။ 16နတ်ဆိုးပူးခံရသူ​နှင့် ဝက်တို့​၏ အဖြစ်အပျက်​ကို တွေ့မြင်ခဲ့ကြသော​သူများ​က အခြားသူတို့​အား ပြောကြ၏။ 17ထိုအခါ သူတို့​က ယေရှု​အား မိမိတို့​၏​ဒေသ​မှ ထွက်ခွာသွားတော်မူ​ရန် တောင်းပန်ကြ၏။
18ယေရှု​သည် လှေ​ပေါ်သို့ တက်တော်မူ​လျှင် နတ်ဆိုးပူးခံခဲ့ရသူ​က ကိုယ်တော်​နှင့်အတူ လိုက်ပါခွင့်​ပြု​ရန် တောင်းပန်လေ၏။ 19သို့သော် ယေရှု​က ခွင့်မပြုဘဲ “သင့်​အိမ်​သို့ ပြန်လော့။ ထာဝရဘုရား​သည် သင့်​အပေါ် မည်သို့​ကျေးဇူးပြုတော်မူကြောင်း​နှင့် မည်သို့​သနားကြင်နာတော်မူကြောင်း​ကို သင့်​လူမျိုးတို့​ကို ပြောပြလော့” ဟု မိန့်တော်မူ၏။ 20ထို​သူ​သည် သွား​၍ ယေရှု​သည် မိမိ​အပေါ် မည်သို့​ကျေးဇူးပြုတော်မူကြောင်း​ကို ဒေကာပေါလိပြည်#5:20 မြို့ဆယ်မြို့​ရှိသော ပြည်ကို ရည်ညွှန်းသည်။​တွင် လှည့်လည်​ပြောဆို​ရာ လူ​များစွာတို့​သည် အံ့သြကြ၏။
သွေးသွန်​ရောဂါစွဲသော​အမျိုးသမီး​နှင့် သေရာ​မှ ပြန်ရှင်သော​မိန်းကလေး
21ယေရှု​သည် ကမ်းတစ်ဖက်​သို့ လှေ​ဖြင့် ကူးပြန်​၍ အိုင်​နားတွင် ရှိတော်မူ​စဉ် လူအုပ်ကြီး​သည် ကိုယ်တော်​ထံသို့ စုဝေးလာ၏။ 22ထိုအခါ ယာဣရု အမည်​ရှိသော ဂျူး​ဝတ်ပြုဆောင်မှူး​တစ်ဦး​သည် လာ​၍ ယေရှု​ကို တွေ့မြင်​သောအခါ ခြေတော်ရင်း​၌ ဝပ်တွားခယ​လျက် 23“အကျွန်ုပ်​၏ သမီးငယ်​သည် သေလုနီးပါး​ဖြစ်​နေပါ၏။ သူ​သည် ကျန်းမာ​၍ အသက်ရှင်​နိုင်ရန် အရှင်​သည် ကြွလာ​၍ သူ့​အပေါ် လက်တော်​ကို တင်တော်မူပါ” ဟု အနူးအညွှတ်​တောင်းပန်လေ၏။
24ဤသို့ဖြင့် ယေရှု​သည် ထို​သူ​နှင့်အတူ ကြွတော်မူ၏။ လူအုပ်ကြီး​သည်လည်း နောက်တော်သို့​လိုက်​၍ တိုးဝှေ့ကြ၏။ 25ထို​လူအုပ်​ထဲတွင် ဆယ့်နှစ်နှစ်​ပတ်လုံး သွေးသွန်​ရောဂါစွဲသော အမျိုးသမီး​တစ်ဦး​ပါ၏။ 26သူ​သည် ဆရာဝန်​အမြောက်အမြား​ထံ၌ ဝေဒနာ​ပြင်းစွာ ခံစား​လျက် ဥစ္စာ​ရှိသမျှ​ကို ပေး​၍ ကုသ၏။ သို့သော်လည်း မသက်သာသည့်​အပြင် ပို​၍ ဆိုးလာ၏။ 27-28သူ​သည် ယေရှု​၏ သတင်းတော်​ကို ကြား​သောအခါ “သူ​၏​ဝတ်ရုံတော်​ကိုမျှ တို့​လျှင် ငါ​၏ ရောဂါ​ပျောက်ကင်း​လိမ့်မည်” ဟု စိတ်​ထဲ၌ ရေရွတ်​လျက် နောက်တော်​သို့ ချဉ်းကပ်​၍ ဝတ်ရုံတော်​ကို တို့လေ၏။ 29ထိုအခါ ချက်ချင်း​ပင် သွေးသွန်ခြင်း​ရပ်​သဖြင့် မိမိ​ကိုယ်ခန္ဓာ​၌ ထို​ရောဂါ​ပျောက်ကင်းသွားကြောင်း ခံစား​သိရှိလေ၏။
30ယေရှု​သည်လည်း မိမိ​ကိုယ်​မှ တန်ခိုး​ထွက်သည်​ကို ချက်ချင်း သိတော်မူ​လျှင် လူအုပ်​ဘက်​သို့ လှည့်​၍ “ငါ့​ဝတ်ရုံ​ကို မည်သူ​တို့ထိသနည်း” ဟု မေးတော်မူ၏။
31ထိုအခါ တပည့်တော်တို့​က “သခင့်​ကို တိုးဝှေ့နေသော​လူအုပ်​ကို မြင်တော်မူ​ပါလျက် ‘ငါ့​ကို မည်သူ​တို့ထိသနည်း’ ဟု မေးတော်မူသလော” ဟု လျှောက်ကြ၏။
32သို့သော်လည်း ယေရှု​သည် မည်သူ​တို့ထိသည်​ကို သိရှိ​နိုင်ရန် ဘေးပတ်လည်​သို့ ကြည့်တော်မူ၏။ 33ထိုအခါ ထို​အမျိုးသမီး​သည် မိမိ​၌ မည်သို့​ဖြစ်သည်​ကို သိ​သဖြင့် ကြောက်ရွံ့တုန်လှုပ်​ကာ ကိုယ်တော်​ရှေ့တော်​သို့ လာ​၍ ဝပ်တွားခယ​လျက် အဖြစ်မှန်​အကုန်အစင်​ကို လျှောက်လေ၏။ 34ယေရှု​က “သမီး… သင်​၏ ယုံကြည်ခြင်း​သည် သင့်​ကို ကျန်းမာစေပြီ။ ငြိမ်းချမ်း​စွာ သွားလော့။ သင်​၏​ရောဂါ ပျောက်ကင်းပြီ” ဟု မိန့်တော်မူ၏။
35ထိုသို့ မိန့်တော်မူ​နေစဉ် ဝတ်ပြုဆောင်မှူး​ယာဣရု​အိမ်​မှ လူ​တချို့​သည် ရောက်လာ​၍ ယာဣရု​အား “အရှင့်​သမီး​သည် အသက်​မရှိတော့ပါ။ ဆရာတော်​ကို အဘယ်ကြောင့် နှောင့်ယှက်​တော့မည်နည်း” ဟု ဆိုကြ၏။
36ယေရှု​သည် ထို​စကား​ကို ကြားတော်မူ​လျှင် “မစိုးရိမ်နှင့်။ ယုံကြည်ခြင်း​သာ ရှိစေလော့” ဟု ဝတ်ပြုဆောင်မှူး​ကို မိန့်တော်မူ၏။
37ကိုယ်တော်​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ ယောဟန်​မှအပ မည်သူ့​ကို​မျှ လိုက်ပါခွင့်​ပေးတော်မမူ။ 38ဝတ်ပြုဆောင်မှူး​အိမ်​သို့ ရောက်​သောအခါ ရုတ်ရုတ်သဲသဲ​ဖြစ်​လျက် ကျယ်လောင်​စွာ ငိုကြွေး​မြည်တမ်းနေကြသည်​ကို မြင်တော်မူ၏။ 39ကိုယ်တော်​သည် အိမ်​ထဲသို့ ဝင်တော်မူ​၍ “အဘယ်ကြောင့် ဆူညံ​စွာ ငိုကြွေးနေကြသနည်း။ ဤ​မိန်းကလေး​သည် သေသည်​မဟုတ်။ အိပ်ပျော်နေခြင်း​သာ ဖြစ်သည်” ဟု မိန့်တော်မူ၏။
40ထိုအခါ လူတို့​က ကိုယ်တော်​ကို ပြက်ရယ်ပြုကြ၏။ သို့သော် ကိုယ်တော်​သည် ရှိသမျှ​လူတို့​ကို အပြင်​သို့ ထွက်စေပြီး​လျှင် မိန်းကလေး​၏​မိဘများ​နှင့် တပည့်တော်​သုံးပါး​တို့ကို ခေါ်​၍ ထို​မိန်းကလေး​ရှိ​ရာ အခန်း​ထဲသို့ ဝင်တော်မူ၏။ 41ကိုယ်တော်​သည် မိန်းကလေး​၏ လက်​ကို​ကိုင်တော်မူ​လျက် “တာလိတကုမိ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်မှာ “မိန်းကလေး… ထလော့” ဟု ဆိုလို၏။ 42ထိုအခါ မိန်းကလေး​သည် ချက်ချင်း​ထ​၍ လမ်းလျှောက်လေ၏။ သူ​သည် ဆယ့်နှစ်နှစ်​အရွယ်​ရှိ၏။ ထိုအခါ လူတို့​သည် အလွန်​အံ့အားသင့်ကြ၏။ 43ထို​အဖြစ်အပျက်​ကို မည်သူ့​ကိုမျှ မပြော​ရန် ယေရှု​သည် သူတို့​အား တင်းကျပ်​စွာ သတိပေးတော်မူ​ပြီးနောက် ထို​မိန်းကလေး​ကို စားစရာ​ကျွေး​ရန် မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

မာကု 5: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

မာကု 5 အကြောင်း ဗီဒီယိုများ