YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 21

21
မုဆိုးမ​၏​အလှူဒါန
1ထို့နောက် ဗိမာန်တော်​၌ ရှိတော်မူ​စဉ် ယေရှု​သည် လှမ်းကြည့်တော်မူ​၍ ချမ်းသာသော​သူများ​က သူတို့​၏​အလှူငွေများ​ကို အလှူခွက်​ထဲသို့ ထည့်ကြသည်​ကို မြင်တော်မူ၏။ 2ထို့ပြင် ဆင်းရဲသော​မုဆိုးမ​တစ်ဦး​က ကြေးဒင်္ဂါးလေး#21:2 “လဲပ်တွန်” ဟု ခေါ်သော ရှေးခေတ်​ဂရိလူမျိုးများ သုံးသည့် အသေးငယ်ဆုံးသော ကြေးဒင်္ဂါးပြား​ကို ဆိုလိုသည်။​နှစ်ပြား ထည့်သည်​ကိုလည်း မြင်တော်မူ၏။
3ထိုအခါ ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ ဤ​ဆင်းရဲသော​မုဆိုးမ​သည် အခြားသော​သူတို့​ထက် ပို၍ လှူဒါန်းပြီ။ 4အဘယ်ကြောင့်ဆိုသော် အခြားသော​သူတို့​သည် မိမိတို့​ပိုလျှံသည့်​ငွေကြေး​ထဲက လှူဒါန်းကြ​သော်လည်း ဤ​အမျိုးသမီး​မှာ ဆင်းရဲ​လျက်​နှင့်ပင် အသက်မွေးစရာ ရှိသမျှ​ငွေ​ကို လှူလေပြီ” ဟု မိန့်တော်မူ၏။
အနာဂတ်​အကြောင်း ကြိုတင်​ဟောတော်မူခြင်း
5ထို့နောက် တပည့်တော်​တချို့​က ဗိမာန်တော်​သည် လှပသော​ကျောက်များ၊ လှူဖွယ်ပစ္စည်းများ​ဖြင့် ဆင်မြန်းထားကြောင်း ပြောဆိုနေကြ၏။ 6ထိုအခါ ယေရှု​က “သင်တို့​ကြည့်နေကြသော ဤ​အရာများ​သည် အကုန်အစင် ဖြိုဖျက်​ခံရ​လိမ့်မည်။ ကျောက်​တစ်ချပ်​အပေါ်​တွင်​တစ်ချပ်​မျှ တင်ကျန်မည်​မဟုတ်သော​နေ့​သည် ရောက်လာ​လိမ့်မည်” ဟု မိန့်တော်မူ၏။
7သူတို့​က ယေရှု​အား “ဆရာတော်… ဤ​အရာများ​သည် မည်သည့်​အချိန်​တွင် ဖြစ်ပျက်ပါမည်နည်း။ ဤ​အရာများ ဖြစ်ပျက်မည့်​အချိန်​တွင် မည်သည့်​နိမိတ်​လက္ခဏာများ ဖြစ်ပေါ်​လိမ့်မည်နည်း” ဟု မေးလျှောက်ကြ၏။
8ယေရှု​က “သင်တို့​သည် လှည့်စား​မခံရ​စေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူ​များစွာတို့​သည် ငါ့​အယောင်​ကို​ဆောင်​၍ ‘ငါ​သည် ယေရှု​ဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်​နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြ​လိမ့်မည်။ သို့သော် ထို​သူတို့​နောက်သို့ မလိုက်ကြနှင့်။ 9စစ်ပွဲများ​နှင့် ဆူပူအုံကြွမှု​အကြောင်းများ​ကို သင်တို့​ကြား​သောအခါ မတုန်လှုပ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ဤ​အရာများ​သည် ဦးစွာ​ဖြစ်လာ​ရမည်​မှန်​သော်လည်း ကမ္ဘာ​ကုန်ဆုံးချိန်​သည် ချက်ချင်း​ကျရောက်မည် မဟုတ်” ဟု မိန့်တော်မူ၏။ 10ထို့နောက် ယေရှု​က “လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်နိုင်ငံ​နှင့်​တစ်နိုင်ငံ ဆန့်ကျင်​တိုက်ခိုက်ကြ​လိမ့်မည်။ 11ပြင်းထန်သော​ငလျင်လှုပ်ခြင်း၊ နေရာ​အနှံ့အပြား​တွင် အစာခေါင်းပါးခြင်း၊ ကပ်ရောဂါများ​ဖြစ်ခြင်း စသည်တို့​ဖြစ်ပေါ်​လိမ့်မည်။ ကောင်းကင်​တွင်​လည်း ကြောက်မက်ဖွယ်ရာများ​နှင့် ကြီးမားသော​နိမိတ်​လက္ခဏာများ ဖြစ်ပေါ်​လိမ့်မည်။
12သို့သော် ဤ​အရာများ​မဖြစ်ပွား​မီ လူတို့​သည် သင်တို့​ကို ဖမ်းဆီး​၍ ညှဉ်းပန်းနှိပ်စက်ကြ​လိမ့်မည်။ သင်တို့​ကို ဂျူးဝတ်ပြုဆောင်များ​သို့ တရားစီရင်​ရန် အပ်ကြ​လိမ့်မည်။ ထောင်များ​တွင်လည်း အကျဉ်းချထားကြ​လိမ့်မည်။ ငါ​၏​နောက်လိုက်များ​ဖြစ်သောကြောင့် သင်တို့​ကို ရှင်ဘုရင်များ​နှင့် အစိုးရအာဏာပိုင်များ​ရှေ့သို့ ခေါ်ဆောင်သွားကြ​လိမ့်မည်။ 13ဤ​အရာ​သည် သင်တို့​အား ငါ့​အကြောင်း​သက်သေခံရသော​အခွင့်​ကို ဖြစ်စေ​လိမ့်မည်။ 14ထို့ကြောင့် မည်သို့​ခုခံပြောဆို​ရမည်​ကို မစိုးရိမ်ကြနှင့်။ 15အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ရန်သူ​အပေါင်းတို့​က သင်တို့​ကို ဆန့်ကျင်​ငြင်းဆို​၍ မရ​နိုင်အောင် ပြောဆိုရမည့်​စကား​နှင့် ဉာဏ်ပညာ​ကို သင်တို့​အား ငါ​ပေးမည်​ဖြစ်သောကြောင့်​ပင်။ 16မိဘ၊ ညီအစ်ကိုများ၊ ဆွေမျိုးများ​နှင့် မိတ်ဆွေများ​ပင်လျှင် သင်တို့​ကို သစ္စာဖောက်ကြ​လိမ့်မည်။ သင်တို့​ထဲမှ အချို့သော​သူတို့​ကို သတ်ကြ​လိမ့်မည်။ 17ငါ​၏​နောက်လိုက်များ​ဖြစ်​သောကြောင့်#21:17 မူရင်း​ဂရိကျမ်း​တွင် “ငါ​၏​အမည်​နာမ​ကြောင့်” ဟု ဖော်ပြထားသည်။ လူအပေါင်းတို့​သည် သင်တို့​ကို မုန်းတီးကြ​လိမ့်မည်။ 18သို့သော်လည်း သင်တို့​ဦးခေါင်း​မှ ဆံခြည်​တစ်မျှင်​မျှ ပျက်စီး​လိမ့်မည်​မဟုတ်။ 19သင်တို့​သည် ကြံ့ကြံ့ခံခြင်း​အားဖြင့် ကယ်တင်ခံကြရ​လိမ့်မည်။
20ဂျေရုဆလင်မြို့​အား စစ်တပ်များ​ဝန်းရံထားသည်​ကို သင်တို့ မြင်တွေ့ရ​သောအခါ ထို​မြို့​သည် ပျက်စီးချိန် နီးပြီ​ဖြစ်ကြောင်း သိမှတ်ကြလော့။ 21ထိုအခါ ယုဒပြည်​တွင်​ရှိသော​သူတို့​သည် တောင်များ​ပေါ်သို့ ပြေးကြ​ရမည်။ မြို့တွင်း​၌​ရှိသော​သူများ​သည် မြို့ထဲ​မှ ထွက်ခွာကြ​ရမည်။ မြို့ပြင်​တွင်​ရှိသော​သူတို့​အား မြို့​ထဲသို့ မဝင်ကြစေနှင့်။ 22အဘယ်ကြောင့်ဆိုသော် ဤ​နေ့ရက်များ​သည် ဘုရားသခင် ပြစ်ဒဏ်​စီရင်သည့်​နေ့ရက်များ ဖြစ်​ပြီး ကျမ်းစာ​တွင်​ရေးသား​ထားသော အရာများ​သည် ဖြစ်ပျက်လာ​ရမည်​ဖြစ်သောကြောင့်​ပင်။ 23ထို​နေ့ရက်များ​တွင် ကိုယ်ဝန်ဆောင်​အမျိုးသမီးများ​နှင့် နို့စို့သူငယ်​ရှိသော​မိခင်များ​သည် အလွန်​ဒုက္ခရောက်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​ပြည်​၌ ကြီးမားသော​ဒုက္ခဆင်းရဲ​ရောက်​၍ ထို​လူမျိုး​အပေါ်​တွင် ဘုရားသခင်​၏​အမျက်ဒေါသ​ကျရောက်မည်​ဖြစ်သောကြောင့်​ပင်။ 24သူတို့​သည် ဓားဘေး​ကြောင့် ကျဆုံး​၍ နိုင်ငံ​အသီးသီး​သို့ ဖမ်းဆီး​ခေါ်ဆောင်သွားခြင်း​ခံရကြ​လိမ့်မည်။ ဂျေရုဆလင်မြို့​သည် လူမျိုးခြားတို့ ကြီးစိုးသည့်​ခေတ်ကာလ မကုန်ဆုံးမီ​အထိ ထို​သူတို့​၏​နင်းခြေခြင်း​ခံရ​လိမ့်မည်။
25ထို့ပြင် နေ၊ လ၊ ကြယ်တို့​၌ နိမိတ်​လက္ခဏာများ ပေါ်လာ​လိမ့်မည်။ မြေကြီး​ပေါ်တွင်​လည်း လူမျိုးတို့​သည် ပင်လယ်​လှိုင်းတံပိုး​မြည်သံ​ကြောင့် သောကရောက်​၍ တုန်လှုပ်​ချောက်ချားကြ​လိမ့်မည်။ 26ကောင်းကင်​တန်ခိုးတို့​သည် တုန်လှုပ်ကြမည်​ဖြစ်​သဖြင့် ကမ္ဘာ​ပေါ်တွင်​ကျရောက်​လာမည့် ဘေးများ​ကို လူတို့​သည် ကြိုမြင်​လျက် ကြောက်ရွံ့​၍ သတိလစ်​မေ့မြောကြ​လိမ့်မည်။ 27ထိုအခါ လူသား#21:27 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော​ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ကြီးမားသည့်​တန်ခိုးတော်​နှင့် ဘုန်းတော်​တို့​ဖြင့် မိုးတိမ်​စီး​လျက်​ကြွလာသည်​ကို လူတို့​မြင်ကြရ​လိမ့်မည်။#21:27 ဒံ ၇:၁၃။ 28ဤ​အရာများ စတင်​ဖြစ်ပွားလာ​သောအခါ သင်တို့​၏​ဦးခေါင်း​ကို မော့​လျက် မျှော်ကြည့်​၍ ဝင့်ကြွားကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့​ကို ရွေးနုတ်​ခေါ်ဆောင်ချိန် နီးကပ်လာ​သောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။
29ထို့နောက် ကိုယ်တော်​သည် ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူ၏။ ကိုယ်တော်​က “သဖန်းပင်​နှင့် အခြား​သစ်ပင်​အားလုံး​ကို ကြည့်လော့။ 30ရွက်နုများ​ထွက်ပြူလာ​သောအခါ သင်တို့​သည် တွေ့မြင်​၍ နွေ​ရောက်တော့မည်​ကို အလိုအလျောက်​သိကြ၏။ 31ထို​နည်းတူ​ပင် ငါ​ဖော်ပြခဲ့သည့်​အရာများ ဖြစ်ပျက်နေသည်​ကို မြင်​လျှင် ဘုရားသခင်​၏​နိုင်ငံတော် ပေါ်ထွန်း​ရန်​နီးကပ်နေကြောင်း သိမှတ်ကြလော့။ 32သင်တို့​အား ငါ​အမှန်​ဆို၏။ ဤ​အရာများ​အားလုံး မဖြစ်ပျက်​မီ​အချိန်​ထိ ယခု​ရှိသော​မျိုးဆက် ကွယ်ပျောက်​လိမ့်မည်​မဟုတ်ပေ။ 33ကောင်းကင်​နှင့်​မြေကြီး တည်မြဲမည်​မဟုတ်​သော်လည်း ငါ့​စကား တည်မြဲ​လိမ့်မည်။
34အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။ 35အဘယ်ကြောင့်ဆိုသော် ထို​နေ့ရက်​သည် ကမ္ဘာ့​မြေမျက်နှာ​တစ်ပြင်လုံး​ပေါ်တွင် နေထိုင်သော​သူများ​အားလုံး​အပေါ်သို့ ကျရောက်လာမည်​ဖြစ်သောကြောင့်​ပင်။ 36ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့​မှ လွတ်မြောက်ရေး​အတွက် အားအင်​ရရှိ​ရန်​နှင့် လူသား​ရှေ့တော်မှောက်​တွင် ရပ်​နိုင်ရန် အချိန်​တိုင်း ဆုတောင်း​၍ သတိ​နှင့်​နေကြလော့” ဟု မိန့်တော်မူ၏။
37ယေရှု​သည် နေ့ဘက်​တွင် ဗိမာန်တော်​ထဲ​၌ ဟောပြော​သွန်သင်တော်မူ​၍ ညဘက်​တွင် အပြင်​သို့​ထွက်ကြွ​ကာ သံလွင်တောင်​ပေါ်​တွင် ည​ကို လွန်စေတော်မူတတ်၏။ 38လူ​အပေါင်းတို့​သည် ဗိမာန်တော်​တွင် တရားနာယူ​ရန် နံနက်​စောစော​ထ​၍ ယေရှု​ထံတော်​သို့ ရောက်လာ​တတ်ကြ၏။

လက်ရှိရွေးချယ်ထားမှု

လုကာ 21: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ