YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 19

19
ယေရှု​နှင့် ဇက္ခဲ
1ထို့နောက် ယေရှု​သည် ဂျေရိခေါမြို့​သို့ ဝင်​၍ ဖြတ်ကြွတော်မူ၏။ 2ထို​အရပ်​တွင် ဇက္ခဲ​ဟု ခေါ်သော လူ​တစ်ဦး​ရှိ၏။ သူ​သည် အကောက်ခွန်​အရာရှိ​တစ်ဦး​ဖြစ်ပြီး ချမ်းသာသော​သူ ဖြစ်၏။ 3သူ​သည် ယေရှု​မည်သို့သော​သူ​ဖြစ်သည်​ကို မြင်​နိုင်ရန် ကြိုးပမ်း​သော်လည်း အရပ်နိမ့်​သောကြောင့် လူအုပ်ကြီး​အား ကျော်​၍ ယေရှု​ကို မမြင်နိုင်ပေ။ 4ထို့ကြောင့် သူ​သည် ယေရှု​ကို မြင်​နိုင်ရန် ယေရှု​ကြွတော်မူမည့်လမ်း​အတိုင်း ရှေ့​သို့​ကြို​ပြေးသွား​၍ သဖန်းပင်​ပေါ်သို့ တက်လေ၏။
5ထို​နေရာ​သို့ ယေရှု​ရောက်တော်မူ​သောအခါ အပေါ်​သို့ မော့ကြည့်ပြီး​လျှင် “ဇက္ခဲ… အမြန်​ဆင်းခဲ့လော့။ ယနေ့ သင့်​အိမ်​တွင် ငါ​တည်းခိုမည်” ဟု မိန့်တော်မူ၏။
6ဇက္ခဲ​သည်လည်း အလျင်အမြန်​ဆင်း​၍ ကိုယ်တော်​ကို ဝမ်းသာ​စွာ​ကြိုဆိုလေ၏။ 7ထို​အဖြစ်အပျက်​ကို မြင်သော​သူများ​က “ယေရှု​သည် အပြစ်ရှိသူ​တစ်ဦး​၏​အိမ်​တွင် တည်းခို​ရန် လိုက်ပါသွားလေပြီ” ဟု ဝေဖန်​ပြောဆိုကြ၏။
8ထို့နောက် ဇက္ခဲ​သည် ရပ်​၍ သခင်ဘုရား​အား “သခင်… အကျွန်ုပ်​၏​စည်းစိမ်ဥစ္စာ​တစ်ဝက်​ကို ဆင်းရဲသားများ​အား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦး​ထံမှ မတရား​ကောက်ခံထားသော​ငွေ​ရှိ​ပါက လေးဆ​ပြန်လျော်ပါမည်” ဟု လျှောက်လေ၏။
9ယေရှု​က “ဤ​သူ​သည် အာဗြဟံ​၏​မျိုးဆက်​ဖြစ်​သောကြောင့် ယနေ့​ပင် ကယ်တင်ခြင်း​သည် ဤ​အိမ်​ပေါ်​တွင် သက်ရောက်လေပြီ။ 10အဘယ်ကြောင့်ဆိုသော် လူသား#19:10 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော​ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ပျောက်ဆုံးနေသော​သူများ​ကို ရှာဖွေ​၍ ကယ်တင်​ရန် ကြွလာ​သောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။
အစေခံ​ဆယ်ဦး ပုံဥပမာ
11လူထုပရိသတ်​သည် ယေရှု​မိန့်တော်မူ​သမျှ​ကို နားထောင်နေကြ၏။ ထိုစဉ် ဂျေရုဆလင်မြို့​အနီးသို့ ရောက်တော်မူ​သဖြင့် ကိုယ်တော်​သည် ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် လူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ချက်ချင်း​ပေါ်ထွန်းလာတော့မည်​ဟု ထင်မှတ်​သောကြောင့်​ဖြစ်၏။ 12ယေရှု​က “မင်းသား​တစ်ပါး​သည် ရှင်ဘုရင်​အရာ​ကို ခံယူပြီး​ပြန်လာ​ရန် ဝေးသော​တိုင်းပြည်​သို့ သွားလေ၏။ 13ခရီး​မသွားမီ မိမိ​၏​အစေခံ​ဆယ်ဦး​ကို ခေါ်​၍ ငွေ​တစ်​ပိဿာ#19:13 ထို​ပိဿာ​ကို ရှေးခေတ်​ဂရိနိုင်ငံ​၏​ငွေကြေးစနစ်ဖြစ်သည့်၊ မိန​မှ​ပြောင်းလဲ​သုံးနှုန်းထားသည်။ ၎င်း​သည် ဆီးမိုက်လူမျိုး​တို့​ထံမှ ယူသုံးထားသော​မွေးစားစကားလုံး​ဖြစ်ပြီး တစ်မိန (ငွေ​တစ်​ပိဿာ) သည် သုံး​လစာ​လုပ်အားခ​နှင့်​ညီမျှသည်။​စီ ပေး​ပြီးလျှင် ‘ငါ​ပြန်လာသည်​အထိ စီးပွားရှာ​လျက် နေကြလော့’ ဟု မှာထားလေ၏။ 14သို့သော် သူ​၏​ပြည်သားတို့​သည် သူ့​ကို​မုန်းတီးကြ​သောကြောင့် သူ​၏​နောက်​တွင် ကိုယ်စားလှယ်​အဖွဲ့​တစ်ဖွဲ့​ကို လွှတ်လိုက်​၍ ‘ငါတို့​သည် ဤ​သူ​၏​အုပ်ချုပ်မှု​ကို မခံလိုပါ’ ဟု ဧကရာဇ်​ထံ လျှောက်စေကြ၏။
15ထို့နောက် ထို​မင်းသား​သည် မိမိ​တိုင်းပြည်​အုပ်ချုပ်ခွင့်​ကို ရယူပြီး ပြန်လာ​သောအခါ ငွေ​လက်ခံရရှိထားသော​အစေခံများ​သည် စီးပွားပြုခြင်း​မှ အမြတ်အစွန်း​မည်မျှ​ရသည်​ကို သိ​လို​သဖြင့် သူတို့​အား ဆင့်ခေါ်​ရန် မိန့်လေ၏။ 16ပထမ​အစေခံ​သည်​လာ​၍ ‘သခင်… သခင်​၏​ငွေ​တစ်​ပိဿာ​အားဖြင့် အမြတ်ငွေ​ဆယ်​ပိဿာ​ရပါ၏’ ဟု လျှောက်လေ၏။
17သူ​က ‘ကောင်းပေ၏။ သင်​သည်​အစေခံကောင်း​ဖြစ်၏။ အမှုကိစ္စ​ငယ်လေး​တွင်ပင် သင်​သည် သစ္စာရှိ​သောကြောင့် မြို့ကြီး​ဆယ်မြို့​ကို အုပ်ချုပ်လော့’ ဟု ဆို၏။
18ဒုတိယ​အစေခံ​သည် ရောက်လာ​၍ ‘သခင်… သခင့်​ငွေ​တစ်​ပိဿာ​အားဖြင့် အမြတ်ငွေ​ငါး​ပိဿာ​ရပါ၏’ ဟု လျှောက်လေ၏။
19ထို​သူ​ကိုလည်း သခင်​က ‘သင်​သည် မြို့​ငါး​မြို့​ကို အုပ်ချုပ်လော့’ ဟု ဆို၏။
20-21အခြားသော​အစေခံ​သည်​လာ​၍ ‘သခင်… သခင်​၏​ငွေ​တစ်​ပိဿာ​ကို ကြည့်တော်မူပါ။ သခင်​သည် ခက်ထန်သော​သူ​ဖြစ်​၍ ကိုယ်​ရင်းနှီးမြုပ်နှံ​မထားသော​အရာ​ကို သိမ်းယူတတ်ပြီး ကိုယ်​မစိုက်သော​အရာ​ကိုလည်း ရိတ်သိမ်းတတ်​သောကြောင့် သခင့်​ကို အကျွန်ုပ်​ကြောက်ရွံ့​၍ ဤ​ပဝါ​ထဲ၌ သိမ်းထားပါ၏’ ဟု လျှောက်လေ၏။
22သခင်​က ‘မိုက်မဲသော​အစေခံ ငါ​သည် ခက်ထန်သော​သူ​ဖြစ်​၍ ကိုယ်​ရင်းနှီးမြုပ်နှံမထားသော​အရာ​ကို သိမ်းယူတတ်ပြီး ကိုယ်​မစိုက်သော​အရာ​ကို ရိတ်သိမ်းတတ်သူ​ဖြစ်ကြောင်း သင်​သိသည်​မှန်​လျှင် 23ငါ​ပြန်လာ​သောအခါ ငါ​၏​ငွေ​ကို အတိုး​နှင့်တကွ ပြန်​အပ်​နိုင်ရန် အဘယ်ကြောင့် ဘဏ်​ထဲသို့​မထည့်ဘဲ နေသနည်း’ ဟု ထို​သူ​အား​ဆို၏။
24ထို့နောက် သူ​က အခြွေအရံတို့​အား ‘သူ့​ထံမှ ငွေ​ကို​ယူ​၍ ငွေ​ဆယ်​ပိဿာ​ရသော​သူ​အား ပေးကြလော့’ ဟု ဆိုလေ၏။
25ထို​လူတို့​က ‘သခင်… ထို​သူ့​ထံတွင် ငွေ​ဆယ်​ပိဿာ ရှိပြီး​ဖြစ်ပါသည်’ ဟု လျှောက်ကြ၏။
26ထို​သခင်​က ‘ရှိသော​သူတို့​အား များစွာ​ထပ်​၍ ပေး​သဖြင့် သူတို့​သည် ကြွယ်ဝကြ​လိမ့်မည်။ မရှိသော​သူတို့​ထံမှ​မူ သူတို့​၌​ရှိသော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ 27ထို့ပြင် ငါ​၏​အုပ်ချုပ်မှု​ကို မလိုလားသော​ရန်သူများ​ကို ဤ​နေရာ​သို့ ခေါ်လာ​၍ ငါ့​ရှေ့​တွင် သတ်ကြလော့’ ဟု ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။
ဂျေရုဆလင်မြို့​သို့ အောင်ပွဲခံ​၍ ဝင်ရောက်တော်မူခြင်း
28ထိုသို့ မိန့်တော်မူ​ပြီးနောက် ကိုယ်တော်​သည် ဂျေရုဆလင်မြို့​သို့ တပည့်တော်တို့ ရှေ့​မှ​ကြွနှင့်တော်မူ၏။ 29သံလွင်​ဟု အမည်တွင်သော တောင်​အနီး​ရှိ ဗက်ဖာဂေရွာ​နှင့် ဗေသနိရွာ​သို့ ရောက်​သောအခါ တပည့်တော်​နှစ်ပါး​အား သွားနှင့်​စေ​၍ 30“သင်တို့​ရှေ့​တွင် ရှိသော​ရွာ​သို့ သွားကြလော့။ မည်သူ​မျှ မစီးဖူးသော​မြည်းကလေး​တစ်ကောင်​အား ကြိုးချည်ထားသည်​ကို တွေ့မြင်​လိမ့်မည်။ ထို​မြည်း​ကို ကြိုးဖြေ​၍ ခေါ်ဆောင်လာကြလော့။ 31တစ်စုံတစ်ဦး​က ‘အဘယ်ကြောင့် မြည်းကလေး​ကို ကြိုးဖြေကြသနည်း’ ဟု မေး​လျှင် ‘သခင်​အသုံးပြုလို​သောကြောင့်​ဖြစ်သည်’ ဟု ဖြေကြလော့” ဟု မိန့်မှာတော်မူ၏။
32ထို​စေလွှတ်ခံရသော​သူတို့​သည် သွားကြ​သောအခါ ယေရှု​မိန့်တော်မူသည့်​အတိုင်း မြည်းကလေး​ကို တွေ့ကြ၏။ 33ထို​သူတို့​သည် မြည်းကလေး​ကို​ကြိုးဖြေနေကြ​စဉ် မြည်းပိုင်ရှင်တို့​က “အဘယ်ကြောင့်​မြည်းကလေး​ကို ကြိုးဖြေကြသနည်း” ဟု မေးကြ၏။
34တပည့်တော်တို့​က​လည်း “သခင်​အသုံးပြုလိုတော်မူ​သောကြောင့်​ဖြစ်သည်” ဟု ပြန်ဖြေကြ၏။ 35ထို့နောက် မြည်းကလေး​ကို ယေရှု​ထံတော်သို့ ခေါ်ဆောင်လာကြ၏။ သူတို့​၏​အဝတ်များ​ကိုလည်း မြည်းကလေး​ပေါ်​၌ ခင်းပေး​၍ ယေရှု​အား မြည်းကလေး​ပေါ်တွင် စီးစေကြ၏။
36ယေရှု​ကြွတော်မူ​စဉ် လူတို့​သည် မိမိတို့​၏​အဝတ်များ​ကို လမ်း​ပေါ်တွင် ဖြန့်ခင်းကြ၏။ 37သံလွင်တောင်​အဆင်း​နေရာ​သို့ ရောက်တော်မူ​သောအခါ နောက်လိုက်​လူထုကြီး​တစ်ရပ်လုံး​က မိမိတို့​မြင်တွေ့ခဲ့ရသည့် အံ့ဖွယ်တန်ခိုးတော်များ​ကို​ထောက်ရှု​၍ ကျယ်လောင်သော​အသံ​ဖြင့် ဝမ်းသာရွှင်လန်း​စွာ ဘုရားသခင်​ကို ချီးမွမ်းကြ၏။ ထို​သူတို့​က
38“ထာဝရဘုရား​၏​အမည်​နာမ​နှင့် ကြွလာသော​ရှင်ဘုရင်​သည် မင်္ဂလာ​ရှိပါစေသော။”#19:38 ဆာ ၁၁၈:၂၆။
“ကောင်းကင်ဘုံ​တွင် ငြိမ်းချမ်းခြင်း​ရှိ​၍ အမြင့်ဆုံးသော​အရပ်​တွင် ဘုန်းကြီးတော်မူပါစေသော”#19:38 ဆာ ၁၄၈:၁။
ဟု ကြွေးကြော်ကြ၏။
39လူအုပ်​ထဲတွင်​ပါသော ဖာရိရှဲ#19:39 ဂျူး​ဓလေ့ထုံးတမ်း​နှင့် ဥပဒေစည်းကမ်း​ကို တင်းကျပ်​စွာ လိုက်နာသည့် ဂျူး​ဘာသာရေး​ခေါင်းဆောင်များ။​တချို့​က “ဆရာတော်… ဆရာတော်​၏​တပည့်တော်များ​အား ဆုံးမပေးပါ” ဟု လျှောက်ကြ၏။
40သို့သော်လည်း ယေရှု​က “ဤ​သူတို့​သည် တိတ်ဆိတ်​စွာ​နေ​လျှင် ကျောက်ခဲများ​သည် ကြွေးကြော်ကြပါ​လိမ့်မည်” ဟု ပြန်​၍ မိန့်တော်မူ၏။
ဂျေရုဆလင်မြို့​အတွက် ငိုကြွေးတော်မူခြင်း
41ဂျေရုဆလင်မြို့​နှင့် နီးလာ​သောအခါ ယေရှု​သည် မြို့တော်​ကို​မြင်​၍ ငိုကြွေးတော်မူ​လျက် 42“အသင်​မြို့တော်… သင်​၏​ငြိမ်းချမ်းသာယာမှု​ကို ဖြစ်စေသည့်​အရာများ​ကို ယနေ့​ပင် သင်​သည် သိမြင်ခဲ့​ပါက မင်္ဂလာရှိ၏။ သို့သော် ယခု​မှာမူ ထို​အရာများ​ကို သင်​၏​မျက်စိ​ရှေ့မှ ဝှက်ထား​လျက်​ရှိ၏။ 43သင်​၏​ရန်သူများ​သည် သင့်​ပတ်လည်​တွင် တပ်ချ​၍ သင့်​ကို​ဝန်းရံ​လျက် အဘက်ဘက်​မှ တိုက်ခိုက်သော​အချိန် ရောက်လာ​လိမ့်မည်။ 44သင်​နှင့် သင်​၏​သားသမီးများ​ကို မြေ​ပေါ်တွင် ဖိကြိတ်ကြ​လိမ့်မည်။ ကျောက်​တစ်ချပ်​အပေါ်တွင် တစ်ချပ်​မျှ တင်ကျန်​လိမ့်မည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်​သည် ဘုရားသခင် ကြည့်ရှု​စီရင်တော်မူသော​နေ့​ကို မသိမမှတ်​သောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။
ဗိမာန်တော်​အား ရှင်းလင်းတော်မူခြင်း
45ထို့နောက် ယေရှု​သည် ဗိမာန်တော်​သို့ ဝင်​၍ ဗိမာန်တော်​၌ ရောင်းဝယ်ဖောက်ကား​နေကြသောသူ​အားလုံး​ကို နှင်ထုတ်တော်မူ​ကာ 46“ကျမ်းစာ​တွင် ‘ငါ​၏​အိမ်တော်​သည် ဆုတောင်းရာ​အိမ်တော်​ဖြစ်​ရမည်’ ဟု ရေးသားထား​သော်လည်း သင်တို့​သည် အိမ်တော်​ကို ဓားပြစခန်း​ဖြစ်စေကြပြီ”#19:46 ဟေရှာ ၅၆:၇၊ ယေ ၇:၁၁။ ဟု မိန့်တော်မူ၏။
47ထို့နောက် ယေရှု​သည် ဗိမာန်တော်​၌ နေ့စဉ်​ဟောပြော​သွန်သင်တော်မူ၏။ သို့သော် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ#19:47 ကျမ်းဂန်​နှံ့စပ်​ကျွမ်းကျင်​သူများ။​နှင့် လူထု​ခေါင်းဆောင်များ​က ယေရှု​ကို သတ်​ရန် ကြံစည်​လျက် နေကြ၏။ 48သို့ရာတွင် လူထု​တစ်ရပ်လုံး​က ယေရှု​မိန့်တော်မူသည့် စကားတော်​တိုင်း​ကို တစိုက်မတ်မတ်​နားထောင်​လျက်​ရှိ​သောကြောင့် လုပ်ဆောင်ခွင့်​ကို မတွေ့နိုင်ကြပေ။

လက်ရှိရွေးချယ်ထားမှု

လုကာ 19: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ