YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 14

14
ဥပုသ်နေ့​၌ ကျန်းမာစေတော်မူခြင်း
1ဥပုသ်နေ့​တစ်နေ့​၌ ယေရှု​သည် ညစာ​သုံးဆောင်​ရန် ဖာရိရှဲ#14:1 ဂျူး​ဓလေ့ထုံးတမ်း​နှင့် ဥပဒေစည်းကမ်း​ကို တင်းကျပ်​စွာ လိုက်နာသည့် ဂျူး​ဘာသာရေးခေါင်းဆောင်များ။​ခေါင်းဆောင်​တစ်ဦး​၏​အိမ်​သို့ ဝင်တော်မူ၏။ ထိုအခါ လူတို့​သည် ယေရှု​အား စောင့်ကြည့်နေကြ၏။ 2ရှေ့တော်​တွင် ရေဖျဉ်းစွဲသော​လူနာ​တစ်ဦး ရှိ​သဖြင့် 3ယေရှု​က ဖာရိရှဲများ​နှင့် ကျမ်းတတ်​ပညာရှင်များ​အား “ဥပုသ်နေ့​၌ လူနာ​တစ်ဦး​ကို ကုသပေးခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးတော်မူ၏။ 4သို့သော် သူတို့​သည် မဖြေဘဲ တိတ်ဆိတ်​နေကြသဖြင့် ယေရှု​က လူနာ​ကို​တို့ထိ​၍ ရောဂါ​မှ​ကျန်းမာစေ​ပြီးလျှင် အိမ်​သို့​ပြန်စေတော်မူ၏။ 5ထို့နောက် ယေရှု​က သူတို့​အား “သင်တို့​၏​သား#14:5 အချို့​လက်ရေးမူကျမ်းများ​တွင် “မြည်း” ဟု ဖော်ပြထားသည်။​ဖြစ်စေ၊ နွား​ပင်​ဖြစ်စေ ဥပုသ်နေ့​၌ တွင်း​ထဲသို့​ကျ​လျှင် ချက်ချင်း​ဆယ်ယူကြသည်​မဟုတ်လော” ဟု မေးတော်မူ၏။ 6ဤ​အချက်​ကို​လည်း သူတို့​သည် မတုံ့ပြန်နိုင်ကြပေ။
နှိမ့်ချခြင်း​အကြောင်း သွန်သင်တော်မူခြင်း
7ဖိတ်ခေါ်ခြင်း​ခံရသော ဧည့်သည်များ​သည် စားပွဲဝိုင်း​၏​အထူး​နေရာ​ကိုသာ ရွေးချယ်​လျက် ရှိကြောင်း​ကို ယေရှု​သည် မြင်တော်မူ​လျှင် သူတို့​အား ပုံဥပမာ​ပေး​၍ မိန့်တော်မူ၏။ 8ယေရှု​က “တစ်စုံတစ်ယောက်​သည် သင့်​အား မင်္ဂလာပွဲ​သို့ ဖိတ်ခေါ်​သောအခါ အထူး​နေရာ​၌ မထိုင်နှင့်။ သင့်​ထက် ဂုဏ်ရှိသူ​တစ်ဦး​ကို ဖိတ်ခေါ်ထား​၍ ရောက်လာခဲ့​လျှင် 9သင်တို့​နှစ်ဦးလုံး​ကို ဖိတ်ခေါ်သော​ပွဲရှင်​သည် သင့်​ထံသို့ လာ​၍ ‘သင့်​နေရာ​၌ ဤ​ပုဂ္ဂိုလ်​အား ထိုင်စေလော့’ ဟူ၍ ပြော​လိမ့်မည်။ ထိုအခါ သင်​သည် အရှက်ရ​လျက် နောက်ဆုံး နေရာ​၌သာ ထိုင်ရ​လိမ့်မည်။
10သို့ဖြစ်၍ သင်​သည် ဖိတ်ခေါ်ခြင်း​ခံရ​သောအခါ နောက်ဆုံး​နေရာ​၌သာ ထိုင်လော့။ ထိုသို့​ပြု​လျှင် ပွဲရှင်​သည် သင့်​ကို မြင်​သောအခါ ‘မိတ်ဆွေ… ရှေ့​၌ နေရာ​ရှိပါသည်’ ဟူ၍ ပြော​လိမ့်မည်။ ထိုအခါ သင်​နှင့်အတူ​ထိုင်သော ဧည့်သည်​အားလုံး ရှေ့​တွင် သင်​သည် ဂုဏ်အသရေရှိ​လိမ့်မည်။ 11မိမိကိုယ်ကိုယ် ချီးမြှောက်သော​သူ​သည် နှိမ့်ချခြင်း​ကို ခံရ​လိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသော​သူ​သည် ချီးမြှောက်ခြင်း​ကို ခံရ​လိမ့်မည်” ဟု မိန့်တော်မူ၏။
12ထို့နောက် ယေရှု​က မိမိ​အား​ဖိတ်ခေါ်သူ​ဘက်သို့ လှည့်​၍ “သင်​သည် နေ့လယ်စာ၊ သို့မဟုတ် ညစာစားပွဲ​ပြုလုပ်​သောအခါ သင်​၏​မိတ်ဆွေများ၊ ညီအစ်ကို​မောင်နှမများ၊ ဆွေမျိုးများ​နှင့် ချမ်းသာသော​အိမ်နီးချင်းများ​ကို မဖိတ်ခေါ်နှင့်။ သူတို့​သည်လည်း သင့်​အား ပြန်လည်​ဖိတ်ခေါ်​၍ ကျေးဇူးတုံ့ပြန်ကြ​လိမ့်မည်။ 13သို့သော် သင်​သည် ပွဲ​ကျင်းပ​သောအခါ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ ခြေမသန်သူများ​နှင့် မျက်စိ​မမြင်သူများ​ကို ဖိတ်ခေါ်လော့။ 14ထိုသို့ ကျေးဇူး​မတုံ့ပြန်နိုင် သူများ​ကို ဖိတ်ခေါ်သည့်​အတွက် သင်​သည် မင်္ဂလာရှိ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သော​သူများ ထမြောက်မည့်​ကာလ​၌ ဘုရားသခင်​သည် သင့်​အား ကျေးဇူးတုံ့ပြန်​လိမ့်မည်” ဟု မိန့်တော်မူ၏။
မင်္ဂလာဧည့်ခံပွဲ​ပုံဥပမာ
15ယေရှု​အနီး​တွင် ထိုင်နေသူ​တစ်ဦး​က ထို​စကားတော်​ကို ကြား​သောအခါ “ဘုရားသခင်​၏​နိုင်ငံတော်​ထဲ​၌ စားသောက်ခွင့်​ရမည့်သူ​သည် မင်္ဂလာရှိ၏” ဟု လျှောက်လေ၏။
16ထိုအခါ ယေရှု​က ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “လူ​တစ်ဦး​သည် စားသောက်ပွဲကြီး​တစ်ခု​ကို ပြင်ဆင်ပြီး လူများ​ကို ဖိတ်ခေါ်လေ၏။ 17ပွဲ​စတင်​ရန် အချိန်​ရောက်​သောအခါ ဖိတ်ခေါ်ခံထားရသော​သူများ​ထံ အစေအပါးတို့​ကို စေလွှတ်​၍ ‘လာကြလော့၊ ပွဲ​သည် အဆင်သင့်​ဖြစ်ပါပြီ’ ဟု ပြောစေ၏။ 18သို့ရာတွင် လူတိုင်း​က အကြောင်းပြချက်များ​ပေးကြ၏။ တစ်ဦး​က ‘စိတ်မရှိပါနှင့်။ အကျွန်ုပ်​သည် မြေကွက်​အနည်းငယ်​ကို ဝယ်ထား​သဖြင့် သွားကြည့်ရပါမည်’ ဟု ပြောလေ၏။ 19နောက်​တစ်ဦး​က ‘စိတ်မရှိပါနှင့်။ နွား​ငါးရှဉ်း​ကို ဝယ်ယူထား​သဖြင့် သူတို့​ကို သွား​၍ စမ်းသပ်ရပါမည်’ ဟု ဆို၏။ 20အခြား​တစ်ဦး​ကလည်း ‘အကျွန်ုပ်​သည် အိမ်ထောင်​ပြုစဖြစ်​၍ မလာနိုင်ပါ’ ဟု ပြော၏။
21အစေအပါး​သည်လည်း ပြန်လာ​၍ ထို​အကြောင်းအရာများ​ကို သခင်​ဖြစ်သူ​ထံ တင်ပြလေ၏။ ထိုအခါ သခင်​သည် အမျက်ထွက်​၍ ထို​အစေအပါး​အား ‘မြို့ထဲ​လမ်းမ၊ လမ်းသွယ်၊ လမ်းကြား​သို့ ချက်ချင်း​သွား​၍ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ မျက်စိမမြင်သူများ​နှင့် ခြေမသန်သူများ​ကို ခေါ်လော့’ ဟု စေခိုင်းပြန်၏။ 22အစေအပါး​သည် ထိုသို့​ဆောင်ရွက်ပြီး​နောက် သူက ‘သခင်… နေရာလွတ်များ ကျန်ရှိနေသေးသည်’ ဟု ပြန်ပြော၏။ 23သခင်​ဖြစ်သူ​က အစေအပါး​အား ‘မြို့ပြင်​လမ်းမများ​နှင့် လမ်းကြိုလမ်းကြားများ​သို့ သွား​၍ တွေ့မြင်​သမျှ​လူတို့ကို ပွဲ​သို့ ခေါ်ဆောင်​လာပြီး အိမ်​ကို ပြည့်စေလော့။ 24သို့သော် ယခင်​က ဖိတ်ကြားထားသော​သူ တစ်ယောက်​မျှ ငါ​၏​စားသောက်ပွဲ​သို့ မဝင်စေနှင့်​ဟု သင်တို့​အား ငါ​ပြောပြီ’ ဟု မှာကြားလေသည်” ဟူ၍ ဖြစ်၏။
တပည့်တော်​ဖြစ်ခြင်း​အတွက် ပေးဆပ်ရမည့်​အဖိုးအခ
25ထို့နောက် လူအုပ်ကြီး​သည် ယေရှု​နောက်သို့ လိုက်ပါ​လျက်​ရှိကြ​သဖြင့် ယေရှု​သည် ထို​သူတို့​ဘက်​သို့ လှည့်​၍ 26“ငါ့​ထံသို့​လာသော​သူ​သည် ငါ့​ကို​ချစ်သည်​ထက် မိဘ၊ သားမယား၊ ညီအစ်ကို​မောင်နှမများ​နှင့် မိမိ​အသက်​ကို ပို၍ ချစ်သော​သူ​ဖြစ်​လျှင် ထို​သူ​သည် ငါ့​တပည့်​မဖြစ်နိုင်။ 27မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​၍ ငါ့​နောက်သို့ မလိုက်သောသူ​သည်လည်း ငါ့​တပည့်​မဖြစ်နိုင်ပါ။
28တစ်စုံတစ်ဦး​သည် အဆောက်အအုံ​တစ်ခု​ကို တည်ဆောက်မည်​ဟု ရည်ရွယ်ရာ​တွင် ထို​အဆောက်အအုံ​ပြီးစီးသည်​အထိ လုံလောက်သော​ငွေ​ပမာဏ​ရှိ၊ မရှိ​ကို သိ​ရန် ကုန်ကျစရိတ်​ကို ဦး​စွာ မတွက်ချက်ဘဲ နေမည်လော။ 29ထိုသို့ မတွက်ချက်ဘဲ အုတ်မြစ်ချ​၍ မပြီးစီးနိုင်​လျှင် ထို​အဖြစ်​ကို မြင်သူတိုင်း​က ကဲ့ရဲ့​လှောင်ပြောင်​လျက် 30‘ဤ​လူ​သည် စတင်​ဆောက်လုပ်​သော်လည်း အဆုံး​မသတ်နိုင်ပါ’ ဟု ပြောဆိုကြမည်။
31တစ်နည်းဆိုသော် ရှင်ဘုရင်​တစ်ပါး​သည် အခြား​ရှင်ဘုရင်​ကို စစ်တိုက်မည်​ပြု​သောအခါ ရန်သူ​စစ်သား နှစ်သောင်း​ဖြင့် ချီတက်လာသော​ရှင်ဘုရင်​ကို မိမိ​စစ်သား တစ်သောင်းကျော်​ဖြင့် တိုက်ခိုက်​နိုင်စွမ်း ရှိသည်၊ မရှိသည်​ကို အတိုင်ပင်ခံများ​နှင့် ဦးစွာ ဆွေးနွေး​တိုင်ပင်​လိမ့်မည် မဟုတ်ပါလော။ 32အကယ်၍ မတိုက်ခိုက်နိုင်​ပါလျှင် မိမိ​ရန်သူများ အဝေး​၌ ရှိနေစဉ်​မှာပင် သံတမန်​ကို စေလွှတ်​၍ စစ်ပြေငြိမ်း​ရန် တောင်းဆို​လိမ့်မည်။ 33ထို​နည်းတူ မိမိ​ပိုင်ဆိုင်သော ဥစ္စာ​ပစ္စည်းများ​ကို မစွန့်လွတ်နိုင်သော​သူ​သည် ငါ့​တပည့်​မဖြစ်နိုင်။
34ဆား​သည် အရသာ​ကောင်း၏။ သို့သော် အငန်ဓာတ်​ပျောက်ဆုံး​လျှင် ငန်သော​အရသာ​ကို မည်သို့​ပြန်ရနိုင်မည်နည်း။ 35အရသာ​မဲ့သော ဆား​သည် မြေဆီသြဇာ​အတွက်​ဖြစ်စေ၊ အမှိုက်ပုံ​အတွက်​ပင်​ဖြစ်စေ မည်သို့မျှ အသုံး​မဝင်ဘဲ အပြင်​သို့ လွှင့်ပစ်လိုက်ရ၏။ နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ” ဟု မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

လုကာ 14: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

လုကာ 14 အကြောင်း ဗီဒီယိုများ