YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 10

10
တပည့်တော်များ​ကို စေလွှတ်တော်မူခြင်း
1ထို့နောက် သခင်ဘုရား​သည် အခြားသော​တပည့်တော် ခုနစ်ဆယ့်နှစ်ယောက်#10:1 အချို့သော လက်ရေးမူကျမ်းများ​တွင် “ခုနစ်ဆယ်” ဟု ဖော်ပြထားသည်။​ကို ရွေးချယ်​ပြီးလျှင် မိမိ​ကြွတော်မူမည့် မြို့၊ ရွာ​အသီးသီး​သို့ ကြိုတင်​၍ နှစ်ဦး​စီ စေလွှတ်လေ၏။ 2ထို​သူတို့​အား ညွှန်ကြားတော်မူသည်​မှာ “ရိတ်သိမ်း​ရန် စပါး​များစွာ ရှိ​သော်လည်း ရိတ်သိမ်းသူတို့​သည် နည်းလှ၏။ ထို့ကြောင့် ရိတ်သိမ်းသူများ​ကို လယ်​သို့ စေလွှတ်ပေး​ရန် လယ်ရှင်​ထံ တောင်းလျှောက်ကြလော့။ 3သင်တို့ သွားကြလော့။ ဝံပုလွေများ​ထဲသို့ သိုးများ​ကို စေလွှတ်​သကဲ့သို့ သင်တို့​ကို ငါ​စေလွှတ်၏။ 4ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်၊ ဖိနပ်​အပို​စသည်တို့​ကို ယူမသွားကြနှင့်။ လမ်း​တွင် မည်သူ​ကို​မျှ နှုတ်မဆက်ကြနှင့်။
5အိမ်​တစ်အိမ်​သို့ ဝင်​သောအခါ ‘ဤ​အိမ်​တွင် ငြိမ်းချမ်းခြင်း​ရှိပါစေ’ ဟု ဦး​စွာ​မေတ္တာပို့ကြလော့။ 6ထို​အိမ်​တွင် ငြိမ်းချမ်းခြင်း​ကို လိုလားသူ​ရှိ​လျှင် သင်တို့​ပို့သသော​မေတ္တာ​သည် ထို​သူ​အပေါ် သက်ရောက်​လိမ့်မည်။ ထိုသို့​မရှိ​ပါက သင်တို့​ပို့သသော​မေတ္တာ​သည် သင်တို့​ထံ ပြန်လာ​လိမ့်မည်။ 7တစ်အိမ်​မှ တစ်အိမ်​သို့ မပြောင်းရွှေ့ကြဘဲ အိမ်​တစ်အိမ်တည်း​၌သာ တည်းခို​၍ အိမ်ရှင်​ကျွေးမွေးဧည့်ခံ​သမျှ​ကို စားသောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူ​သည် အခကြေးငွေ​ကို ရထိုက်​သောကြောင့်​ဖြစ်၏။
8မြို့​တစ်မြို့​သို့ ဝင်​သောအခါ ထို​မြို့သား​တို့​သည် သင်တို့​ကို ကြိုဆို​လျှင် သင်တို့​ရှေ့​တွင် တည်ခင်း​သမျှ​ကို သုံးဆောင်ကြလော့။ 9ဖျားနာသောသူများ​အား ကုသပေး​၍ ‘ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​ထံသို့ ရောက်လာချိန်​နီးပြီ’ ဟု ဟောပြောကြလော့။ 10သို့သော်လည်း မြို့​ထဲသို့ ဝင်​သောအခါ ထို​မြို့သားတို့​သည် သင်တို့​ကို မကြိုဆို​လျှင် ထို​မြို့​၏​လမ်းမ​ပေါ်​သို့ ထွက်​၍ 11‘ငါတို့​၏​ခြေ​၌ ကပ်​လျက်​ရှိသော သင်တို့​မြို့​၏​ဖုန်မှုန့်​ကို​ပင် ငါတို့​ခါချပြီ။ သို့သော် ဘုရားသခင်​၏​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဟု သိမှတ်ကြလော့’ ဟု ဟောပြောကြလော့။ 12သင်တို့​အား ငါ​ပြောဆိုသည်​မှာ တရားစီရင်သော​နေ့​တွင် သောဒုံမြို့​ထက် ထို​မြို့​သည် ပို၍​အပြစ်ဒဏ်ခံရ​လိမ့်မည်။
13အို ခေါရာဇိန်မြို့… သင်​သည် အမင်္ဂလာ​ရှိ၏။ အို ဗက်ဇဲဒမြို့… သင်​သည် အမင်္ဂလာ​ရှိ၏။ ငါ​သည် သင်တို့​တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့​ကို တိုင်ရာမြို့​နှင့် ဆီဒုန်မြို့​တွင် ပြခဲ့​လျှင် ထို​မြို့တို့​၌ ရှိသော​သူတို့​သည် လျှော်ထည်ကြမ်း​ကို ဝတ်​၍ ပြာ​ထဲတွင် ထိုင်​လျက် ယခင်​ကတည်းက​ပင် မိမိတို့​၏​အပြစ်များ​အတွက် နောင်တရခဲ့ပြီး​ဖြစ်​လိမ့်မည်။ 14တရားစီရင်​သောအခါ သင်တို့​သည် တိုင်ရာမြို့​နှင့်​ဆီဒုန်မြို့​ထက် ပို​၍ အပြစ်ဒဏ်ခံရ​လိမ့်မည်။ 15အို ကပေရနောင်မြို့… သင်​သည် ကောင်းကင်​တိုင်အောင် ချီးမြှောက်​ခံရပါမည်လော။ မခံရပါ။ သင်​သည် မရဏ​နိုင်ငံ​တိုင်အောင် နှိမ့်ချ​ခံရ​လိမ့်မည်” ဟူ၍ ဖြစ်၏။
16ထို့နောက် တပည့်တော်တို့​အား “သင်တို့​၏​စကား​ကို နားထောင်သော​သူ​သည် ငါ့​စကား​ကို နားထောင်၏။ သင်တို့​ကို ငြင်းပယ်သော​သူ​သည် ငါ့​ကို ငြင်းပယ်၏။ ငါ့​ကို ငြင်းပယ်သော​သူ​သည် ငါ့​ကို​စေလွှတ်တော်မူသော​အရှင်​ကို ငြင်းပယ်ပြီ” ဟု မိန့်တော်မူ၏။
17တပည့်တော် ခုနစ်ဆယ့်နှစ်ဦး​တို့​သည် ဝမ်းမြောက်​စွာ ပြန်လာ​၍ “သခင်… ကိုယ်တော်​၏​အမည်​နာမ​ကြောင့် နတ်ဆိုးတို့​သည် အကျွန်ုပ်တို့​ကို နာခံကြပါ၏” ဟု ပြန်​၍ လျှောက်ကြ၏။
18ကိုယ်တော်​က “စာတန်မာရ်နတ်​သည် လျှပ်စီး​လက်​သကဲ့သို့ ကောင်းကင်​မှ ကျလာသည်​ကို ငါ​မြင်၏။ 19ကြည့်လော့။ ငါ​သည် သင်တို့​ကို မြွေဆိုး​နှင့် ကင်းမြီးကောက်များ​အပေါ်​တွင် နင်းခြေရသော​အခွင့်​နှင့် ရန်သူများ​အပေါ် အုပ်စိုးရသော တန်ခိုးအာဏာ​ကို ပေး၏။ မည်သည့်​အရာ​မျှ သင်တို့​ကို မထိခိုက်စေရ။ 20သို့သော် နတ်ဆိုးတို့​သည် သင်တို့​ကို နာခံကြ​သောကြောင့် ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ​၌ သင်တို့​၏​အမည်များ​စာရင်းဝင်သည့်​အတွက် ဝမ်းမြောက်ကြလော့” ဟု မိန့်တော်မူ၏။
ယေရှု​၏​ကျေးဇူးတော်ချီးမွမ်းခြင်း
21ထို​အချိန်​၌ ယေရှု​သည် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ရွှင်လန်း#10:21 အချို့သော လက်ရေးမူကျမ်းများ​တွင် “သန့်ရှင်းသော​ဝိညာဉ်တော်​၌ ရွှင်လန်း​လျက်” ဟု ဖော်ပြထားသည်။​လျက် “ကောင်းကင်​နှင့် မြေကြီး​၏​အရှင်​သခင် ဖြစ်တော်မူသော​အဖ… လောကီ​ပညာရှင်များ​နှင့် ဉာဏ်ပညာ​ထက်မြက်သူများ​အား ဤ​အရာများ​ကို ဝှက်ထားတော်မူ​၍ ကလေးငယ်တို့​အား ဖော်ပြတော်မူ​သောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏​အဖ။ ဤ​သည်​မှာ အဖ​ခမည်းတော် နှစ်သက်တော်မူသော​အရာ​ပင် ဖြစ်၏။
22ငါ့​ခမည်းတော်​သည် အရာ​အားလုံး​ကို ငါ့​အား ပေးအပ်တော်မူပြီ။ သားတော်​ကို ခမည်းတော်​မှလွဲ၍ မည်သူ​မျှ​မသိ။ ခမည်းတော်​ကိုလည်း သားတော်​နှင့် သားတော်​ဖော်ပြ​ရန် ရွေးချယ်တော်မူသော​သူတို့​မှလွဲ၍ မည်သူ​မျှ​မသိ” ဟု မိန့်တော်မူ၏။
23ထို့နောက် ကိုယ်တော်​သည် တပည့်တော်များ​ထံသို့ လှည့်​၍ သီးခြား မိန့်တော်မူသည်​မှာ “သင်တို့​သည် ယခု​မြင်ရသော​အရာများ​ကို မြင်ရ​သောကြောင့် သင်တို့​၏​မျက်စိ​တို့​သည် မင်္ဂလာ​ရှိကြ၏။ 24ငါ​ပြောဆိုသည်​မှာ သင်တို့ မြင်ရသော​အရာတို့​ကို ရှေးခေတ်​က ပရောဖက်များ​နှင့် ဘုရင်တို့​သည် မြင်လိုခဲ့ကြ၏၊ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့​ကြားရသော​အကြောင်းအရာတို့​ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ” ဟူ၍ ဖြစ်၏။
အရေးကြီးဆုံးသော​ပညတ်တော်
25တစ်နေ့​၌ ကျမ်းတတ်​ပညာရှင်​တစ်ဦး​သည် ကိုယ်တော်​ကို စမ်းသပ်​ရန် “ဆရာတော်… ထာဝရ​အသက်​ကို ရရှိ​ရန် အကျွန်ုပ်​သည် မည်သို့​ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
26ယေရှု​က “ပညတ်ကျမ်း​တွင် မည်သို့​ရေးထားသနည်း။ သင်​သည် မည်သို့​ဖတ်ဖူးသနည်း” ဟု ပြန်​၍ မေးလေ၏။
27ထို​သူ​ကလည်း “ ‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့၊ စိတ်ဝိညာဉ်​တစ်ခုလုံး၊ ကိုယ်စွမ်း​ရှိသမျှ၊ ဉာဏ်စွမ်း​ရှိသမျှ​နှင့် ချစ်လော့။ ထို​မျှ​မက ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို ကိုယ်​နှင့်​အမျှ ချစ်လော့’ ဟူ၍ ပါရှိပါသည်” ဟု ဖြေလေ၏။
28ယေရှု​ကလည်း “သင်​ပြောသည့်​အတိုင်း မှန်ပါ၏။ ထိုသို့​ပြု​လျှင် သင်​သည် အသက်​ကို ရ​လိမ့်မည်” ဟု မိန့်တော်မူ၏။
29ထို​သူ​သည် မိမိကိုယ်ကိုယ်​ဖြောင့်မတ်ကြောင်း​မြင်သာ​စေရန် “ဆရာတော် မည်သူ​သည် အကျွန်ုပ်​နှင့်​သက်ဆိုင်သော​သူ ဖြစ်ပါသနည်း” ဟု ယေရှု​အား တစ်ဖန်​မေးလျှောက်လေ၏။
ကောင်းသော​ရှမာရိ​လူမျိုး​တစ်ဦး​၏​ပုံဥပမာ
30ယေရှု​က “လူ​တစ်ယောက်​သည် ဂျေရုဆလင်မြို့​မှ ဂျေရိခေါမြို့​သို့ ခရီးသွား​စဉ် ဓားပြ​တို့​၏​တိုက်ခိုက်ခြင်း​ကို ခံရလေ၏။ ဓားပြ​တို့​သည် သူ​၏​အဝတ်​ကို ချွတ်​၍ ရိုက်နှက်ပြီး​သေလုမြောပါး​ဖြစ်​သောအခါ လမ်းဘေး​တွင် ပစ်ထားကြ၏။
31ထိုအခါ ယဇ်ပုရောဟိတ်​တစ်ပါး​သည် ထို​လမ်း​အတိုင်း​သွား​စဉ် ထို​သူ​ကို မြင်​သောအခါ အခြား​တစ်ဖက်​သို့ လွှဲရှောင်သွား၏။ 32ထို​နည်းတူ လေဝိ​မျိုးနွယ်​တစ်ဦး​သည် ထို​အရပ်​သို့ ရောက်လာ​သော် ထို​ဒဏ်ရာ​နှင့်​လူ​ကို​တွေ့​လျှင် အခြား​တစ်ဖက်​သို့ လွှဲရှောင်သွား၏။
33သို့ရာတွင် ရှမာရိ​လူမျိုး​တစ်ဦး​သည် ထို​နေရာ​သို့ ရောက်လာ​၍ ထို​လူနာ​ကို မြင်လေ​သော် သနားစိတ်​ရှိလေ၏။ 34ထို​ရှမာရိ​လူမျိုး​သည် လူနာ​ထံသို့ ချဉ်းကပ်​ပြီးလျှင် သူ​၏​အနာများ​ကို သံလွင်ဆီ​နှင့် စပျစ်ဝိုင်​ထည့်​၍ အဝတ်​ဖြင့် ပတ်စည်းပေး၏။ ထို့နောက် လူနာ​အား မိမိ​မြည်း​ပေါ် တင်​လျက် တည်းခိုခန်း​သို့ ပို့ဆောင်​၍ ပြုစုစောင့်ရှောက်လေ၏။ 35နောက်တစ်နေ့​၌ တည်းခိုခန်း​ပိုင်ရှင်​အား ငွေဒင်္ဂါး​နှစ်ပြား#10:35 မူရင်း​ဂရိကျမ်း​တွင် “ဒေနာရိ​နှစ်ပြား” ဟု ပါရှိသည်။ ဒေနာရိ​တစ်ပြား​၏​တန်ဖိုး​သည် လုပ်သား​တစ်ဦး​၏​တစ်နေ့တာ​လုပ်အားခ​နှင့် ညီမျှသည်။​ကို ပေး​၍ ‘ဤ​သူ​ကို စောင့်ရှောက်ပေးလော့။ ထပ်မံ ကုန်ကျမည့်​စရိတ်​ကို အကျွန်ုပ်​ပြန်လာ​သောအခါ ပြန်​၍ ဆပ်ပေးပါမည်’ ဟု မှာထားလေ၏။
36ထို​သုံးဦး​တို့​တွင် မည်သူ​သည် ထို​ဓားပြတိုက်​ခံရသော လူနာ​နှင့် သက်ဆိုင်သော​သူ ဖြစ်ပါသနည်း” ဟု မေးတော်မူ​လျှင် 37ကျမ်းတတ်​ပညာရှင်​က “လူနာ​အား သနားကြင်နာ​၍ ပြုစုစောင့်ရှောက်သော​သူ ဖြစ်ပါ၏” ဟု လျှောက်၏။
ထိုအခါ ယေရှု​က “သင် သွား​၍ ထို​နည်းတူ​ပြုလော့” ဟု မိန့်တော်မူ၏။
မာသ​နှင့် မာရိ​တို့ အိမ်​သို့ ကြွတော်မူခြင်း
38ယေရှု​နှင့် တပည့်တော်တို့​သည် ဂျေရုဆလင်မြို့​သို့ ခရီးသွားကြ​စဉ် ယေရှု​သည် ရွာ​တစ်ရွာ​သို့ ဝင်​တော်မူ၏။ ထို​ရွာ​မှ မာသ​ဟု ခေါ်သော​အမျိုးသမီး​သည် ယေရှု​ကို မိမိ​အိမ်​သို့ ကြိုဆိုဧည့်ခံလေ၏။ 39မာသ​တွင် မာရိ​ဟု ခေါ်သော ညီမ​တစ်ဦး​ရှိ၏။ မာရိ​သည် ယေရှု​၏​ခြေတော်ရင်း​၌ ထိုင်​လျက် ဟောပြော​သမျှ​ကို နားထောင်လေ၏။ 40သို့သော် မာသ​သည် ညစာ​ဧည့်ခံခြင်း​အမှုများ​ကြောင့် အလွန်​စိတ်ပူပန်​၍ ယေရှု​အနား​သို့ ချဉ်းကပ်​လျက် “သခင်… ကျွန်မ​၏​ညီမ​သည် ဧည့်ဝတ်ပြု​ရန် ကျွန်မ​ကိုသာ ပစ်ထားခဲ့သည်​ကို လျစ်လျူရှုတော်မူပါသလော။ ကျွန်မ​အား ကူညီပေး​ရန် မိန့်တော်မူပါ” ဟု လျှောက်လေ၏။
41ယေရှု​ကလည်း “အို မာသ… မာသ… သင်​သည် အလုပ်များ​ကြောင့် စိုးရိမ်ပူပန်​လျက် နှောင့်ယှက်ခြင်း​ကို ခံရလေပြီ။ 42လိုအပ်သော​အရာ တစ်ခုတည်း​ရှိ၏။ မာရိ​သည် ထို​ကောင်းမြတ်သော​အရာ​ကို ရွေးချယ်ပြီ။ ထို​အရာ​ကို သူ့​ထံ​မှ မည်သူ​မျှ မယူဆောင်နိုင်ပါ” ဟု ပြန်​၍ မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

လုကာ 10: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

လုကာ 10 အကြောင်း ဗီဒီယိုများ