YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဟန် 14

14
လမ်းခရီး၊ သမ္မာတရား​နှင့် အသက်
1ယေရှု​က “သင်တို့​စိတ်မပူပန်ကြနှင့်။ ဘုရားသခင်​ကို ယုံကြည်ကြလော့။ ငါ့​ကိုလည်း ယုံကြည်ကြလော့။ 2ငါ့​ခမည်းတော်​၏ အိမ်တော်​တွင် နေစရာ​အခန်း​များစွာ ရှိ၏။ ထိုသို့ မရှိ​လျှင် ငါ​သည် သင်တို့​နေရမည့်​နေရာ​ကို သွား​၍ ပြင်ဆင်မည်​ဟု ပြောမည်လော။ 3ငါ​သည် သွား​၍ သင်တို့​အတွက် နေစရာ​ပြင်ဆင်ပြီး​လျှင် ပြန်လာ​ကာ ငါ​ရှိရာ​အရပ်​၌ သင်တို့​လည်း ရှိ​နိုင်ရန်​အတွက် သင်တို့​ကို ခေါ်ဆောင်မည်။ 4ငါ​သွားရာ​အရပ်​သို့ ရောက်သော လမ်းခရီး​ကို သင်တို့​သိကြ၏” ဟု မိန့်တော်မူ၏။
5သောမ​က “သခင်… အကျွန်ုပ်တို့​မသိပါ။ သခင်​သည် အဘယ်​အရပ်​သို့ သွားမည်​ကို အကျွန်ုပ်တို့​မသိ​သောကြောင့် လမ်းခရီး​ကိုလည်း မည်သို့​သိနိုင်ပါမည်နည်း” ဟု လျှောက်၏။
6ယေရှု​က “ငါ​သည် လမ်းခရီး​ဖြစ်၏။ သမ္မာတရား​လည်း ဖြစ်၏။ အသက်​လည်း ဖြစ်၏။ ငါ့​ကို အမှီ​မပြု​လျှင် မည်သူ​မျှ ခမည်းတော်​ထံသို့ မရောက်ရ။ 7သင်တို့​သည် ငါ့​ကို သိ​လျှင် ငါ့​ခမည်းတော်​ကိုလည်း သိကြ​လိမ့်မည်။ ယခုမှ စ​၍ သင်တို့​သည် ခမည်းတော်​ကို သိ​၍ မြင်ကြပြီ” ဟု မိန့်တော်မူ၏။
8ဖိလိပ္ပု​က “သခင်… ခမည်းတော်​ကို အကျွန်ုပ်တို့​အား ပြတော်မူပါ။ ပြတော်မူ​လျှင် အကျွန်ုပ်တို့ စိတ်ကျေနပ်မှု​ရပါ​လိမ့်မည်” ဟု လျှောက်၏။
9ယေရှု​က “ဖိလိပ္ပု… ငါ​သည် သင်​နှင့်အတူ အမြဲ​ရှိနေခဲ့​ပါလျက်​နှင့် ငါ​မည်သူ​ဖြစ်သည်​ကို ယခု​တိုင်အောင် မသိသေးသလော။ ငါ့​ကို မြင်သောသူ​သည် ခမည်းတော်​ကို မြင်၏။ သို့ဖြစ်လျှင် သင်​သည် ခမည်းတော်​ကို အကျွန်ုပ်တို့​အား ပြပါ​ဟု အဘယ်ကြောင့်​ဆိုသနည်း။ 10ငါ​သည် ခမည်းတော်​၌ တည်​၍ ခမည်းတော်​သည် ငါ​၌ တည်သည်​ကို သင်​မယုံသလော။ သင်တို့​ကို ငါ​ပြောသော​စကားတို့​သည် ငါ့​ဆန္ဒ​အတိုင်း ပြောသော​စကားများ မဟုတ်။ ငါ​၌​တည်သော ခမည်းတော်​သည် သူ​၏ အမှုတော်များ​ကို ငါ့​အားဖြင့် လုပ်ဆောင်တော်မူခြင်း​သာ ဖြစ်၏။ 11ငါ​သည် ခမည်းတော်​၌ တည်​၍ ခမည်းတော်​သည် ငါ​၌ တည်နေသည်​ကို ယုံကြလော့။ သို့မဟုတ်​လျှင်လည်း ငါ​ပြုသော​အမှုတို့​ကို ထောက်​၍ ယုံကြလော့။
12သင်တို့​အား ငါ​အမှန် ဆိုသည်​မှာ ငါ့​ကို ယုံကြည်သော​သူ​သည် ငါ​ပြုသော အမှုတို့​ကို ပြု​လိမ့်မည်။ ထိုထက် ပို၍​ကြီးသော​အမှုတို့​ကိုပင် ပြု​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် ခမည်းတော်​ထံသို့ သွားမည်​ဖြစ်​သောကြောင့်​ပင်။ 13ခမည်းတော်​သည် သားတော်​အားဖြင့် ဘုန်းကြီးတော်မူ​စေရန် ငါ​၏​အမည်​နာမ​ကို အမှီပြု​၍ သင်တို့​တောင်းလျှောက်​လျှင် တောင်းလျှောက်​သမျှ​ကို ငါ​ပေးမည်။ 14သင်တို့​သည် ငါ့​အမည်​နာမ​ကို အမှီပြု​၍ မည်သည့်အရာ​ကို​မဆို တောင်း​လျှင် တောင်းသည့်​အတိုင်း ငါ​ပေးမည်။
သန့်ရှင်းသော​ဝိညာဉ်တော်​ကို စေလွှတ်မည်​ဟူသော ကတိတော်
15သင်တို့​သည် ငါ့​ကို ချစ်​လျှင် ငါ့​ပညတ်တို့​ကို လိုက်နာကြ​လိမ့်မည်။ 16ငါ​သည် ခမည်းတော်​ထံ တောင်းလျှောက်​သဖြင့် ခမည်းတော်​သည် သင်တို့​အား ကူညီမစ​မည့် အခြား​အရှင်​တစ်ပါး​ကို#14:16 မူရင်း​ဂရိကျမ်း​တွင် “နှစ်သိမ့်မှုပေးသူ” ဟု ဖော်ပြထားသည်။ စေလွှတ်တော်မူ​လိမ့်မည်။ ထို​အရှင်​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ ရှိ​လိမ့်မည်။ 17ထို​အရှင်​သည် သမ္မာတရား​ကို ဖော်ပြသည့်​သန့်ရှင်းသော​ဝိညာဉ်တော် ဖြစ်၏။ လောကီသားတို့​သည် ထို​ဝိညာဉ်တော်​ကို မြင်​လည်း​မမြင်၊ သိ​လည်း​မသိ​သောကြောင့် မခံယူနိုင်ကြ။ ထို​ဝိညာဉ်တော်​သည် သင်တို့​နှင့်အတူ တည်နေသည်​သာမက သင်​တို့​အထဲ​၌ ရှိနေမည်​ဖြစ်​သောကြောင့် ထို​အရှင်​ကို သင်တို့​သိကြ၏။ 18ငါ​သည် သင်တို့​ကို မိဘမဲ့​အဖြစ် မစွန့်ပစ်။ သင်တို့​ထံသို့ ငါ​လာ​ဦးမည်။ 19မကြာမီ​အချိန်​တွင် လောကီသားတို့​သည် ငါ့​ကို မြင်ကြရတော့မည်​မဟုတ်။ သို့သော် သင်တို့​သည် ငါ့​ကို မြင်ကြရ​လိမ့်မည်။ ငါ​သည် အသက်ရှင်​သောကြောင့် သင်တို့​သည်လည်း အသက်ရှင်ကြ​လိမ့်မည်။ 20ငါ​သည် ခမည်းတော်​၌ တည်သည်​ကို​လည်းကောင်း၊ သင်တို့​သည် ငါ​၌ တည်​၍ ငါ​သည်လည်း သင်တို့​၌ တည်သည်​ကို​လည်းကောင်း ငါ​အသက်​ပြန်​၍ ရှင်သော​နေ့​၌ သင်တို့​သိကြ​လိမ့်မည်။ 21ငါ့​ပညတ်​ကို လိုက်နာသောသူ​သည် ငါ့​ကို ချစ်သောသူ​ဖြစ်၏။ ထို​သူ​သည် ငါ့​ကို ချစ်​သောကြောင့် ငါ့​ခမည်းတော်​သည် သူ့​ကို ချစ်​လိမ့်မည်။ ငါ​သည်လည်း သူ့​ကို ချစ်​၍ သူ့​ကို ကိုယ်ထင်​ပြတော်မူမည်” ဟု မိန့်တော်မူ၏။
22ယုဒရှကာရုတ် မဟုတ်သော အခြား​ယုဒ​က ကိုယ်တော်​အား “သခင်… သခင်​သည် အကျွန်ုပ်တို့​ကိုသာ ကိုယ်ထင်ပြ​၍ လောကီသားတို့​ကို အဘယ်ကြောင့် ကိုယ်ထင်​မပြဘဲ နေတော်မူ​မည်နည်း” ဟု လျှောက်၏။
23ယေရှု​က “ငါ့​ကို ချစ်သောသူ​သည် ငါ့​စကား​ကို လိုက်နာ​လိမ့်မည်။ ငါ့​ခမည်းတော်​သည် ထို​သူ​ကို ချစ်​လိမ့်မည်။ ငါ့​ခမည်းတော်​နှင့် ငါ​သည်လည်း ထို​သူ​ထံသို့ လာ​၍ သူ​နှင့်အတူ နေထိုင်မည်။ 24ငါ့​ကို မချစ်သောသူ​သည် ငါ့​စကား​ကို နာခံ​လိမ့်မည်​မဟုတ်။ သင်တို့​ကြားသော​စကားတို့​သည် ငါ့​စကား မဟုတ်။ ငါ့​ကို စေလွှတ်တော်မူသော​ခမည်းတော်​၏ စကား​ဖြစ်၏။ 25ငါ​သည် သင်တို့​နှင့်အတူ ရှိနေစဉ်​အခါ ဤ​အရာများ​ကို ပြောခဲ့ပြီ။ 26သို့ရာတွင် ခမည်းတော်​သည် ငါ့​ကိုယ်စား#14:26 မူရင်းဂရိကျမ်း​တွင် “ငါ့​အမည်​နာမ​၌” ဟု ဖော်ပြထားသည်။ ကူညီမစတော်မူသော​အရှင်​ဖြစ်သည့် သန့်ရှင်းသော​ဝိညာဉ်တော်​ကို စေလွှတ်တော်မူ​သောအခါ ထို​အရှင်​သည် သင်တို့​အား အရာ​အားလုံး သွန်သင်​၍ ငါ​ပြောခဲ့သမျှ​ကို ပြန်လည်​သတိရစေတော်မူ​လိမ့်မည်။
27ငြိမ်းချမ်းခြင်း​ကို သင်တို့​အတွက် ငါ​ထားခဲ့၏။ ငါ​၏ ငြိမ်းချမ်းခြင်း​ကို သင်တို့​အား ငါ​ပေး၏။ သင်တို့​အား ငါ​ပေးသော​ငြိမ်းချမ်းခြင်း​သည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်​ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။ 28‘ယခု ငါ​သွားမည်။ သို့သော် သင်တို့​ထံသို့ ပြန်လာ​ဦးမည်’ ဟူ၍ ငါ​ပြောခဲ့သော​စကား​ကို သင်တို့​ကြားခဲ့ပြီ။ သင်တို့​သည် ငါ့​ကို အမှန်တကယ်​ချစ်​လျှင် ငါ့​ထက် ပို​၍ ကြီးမြတ်သော​ခမည်းတော်​ထံသို့ ငါ​သွားသည့်​အတွက် ဝမ်းမြောက်ကြ​လိမ့်မည်။ 29ထို​အခြင်းအရာများ ဖြစ်ပျက်လာ​သောအခါ သင်တို့​ယုံကြည်ကြစေ​ရန် မဖြစ်ပျက်မီ​ကပင် ကြိုတင်​၍ သင်တို့​ကို ယခု​ငါ​ပြောထားနှင့်ပြီ။
30ဤ​လောကီ​ကို အုပ်ချုပ်သော​မင်း ရောက်လာတော့မည်​ဖြစ်သောကြောင့် ငါ​သည် သင်တို့​နှင့် ပြောဆို​ရန် အချိန်​များစွာ မရှိတော့ပေ။ ထို​မင်း​သည် ငါ့​အပေါ် ကြီးစိုး​ရန် မည်သည့်​အာဏာ​မျှ မရှိ။ 31ငါ​သည် ခမည်းတော်​ကို​ချစ်ကြောင်း လောကီသားတို့​သိ​စေရန် ခမည်းတော်​မှာကြားတော်မူသည့်​အတိုင်း ဆောင်ရွက်မည်။ လာကြ၊ သွားကြစို့” ဟု မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

ယောဟန် 14: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ယောဟန် 14 အကြောင်း ဗီဒီယိုများ