တမန်တော် 7
7
တရားလွှတ်တော်အတွင်း သတေဖန်၏ပြောကြားချက်
1ထိုအခါ ယဇ်ပုရောဟိတ်မင်းက “ဤစကားများ မှန်ကန်သလော” ဟု မေးလေ၏။
2သတေဖန်က “ညီအစ်ကိုတို့နှင့် ဖခင်တို့… နားထောင်ကြလော့။ ကျွန်ုပ်တို့၏အဖ အာဗြဟံသည် ခါရန်မြို့တွင် မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးသောဘုရားသခင်သည် သူ့ထံ ပေါ်လာတော်မူ၍ 3‘သင်၏ပြည်နှင့် ဆွေမျိုးများထံမှ ထွက်၍ ငါပြမည့်ပြည်သို့ သွားလော့’#7:3 က ၁၂:၁။ ဟု မိန့်တော်မူ၏။ 4ထိုအခါ အာဗြဟံသည် ခါလဒဲလူမျိုးတို့၏ပြည်မှ ထွက်ခွာ၍ ခါရန်မြို့တွင် အခြေချလေ၏။ သူ၏ဖခင် ကွယ်လွန်ပြီးနောက် ဘုရားသခင်သည် သူ့အား ထိုနေရာမှ ယခုသင်တို့နေထိုင်လျက်ရှိသောပြည်သို့ ပြောင်းရွှေ့စေတော်မူ၏။
5ဘုရားသခင်သည် အာဗြဟံအား ဤပြည်တွင် ခြေတစ်ဖဝါးစာမျှသောမြေကိုပင် အမွေအဖြစ် ပေးတော်မမူ။ သို့သော် သူ့ထံ၌ သားသမီးမရှိစဉ်ကပင် သူနှင့် သူ၏သားစဉ်မြေးဆက်တို့အား ဤပြည်ကို အပိုင်ပေးတော်မူမည်ဟု ကတိပြုတော်မူ၏။ 6ဘုရားသခင်က အာဗြဟံ၏သားစဉ်မြေးဆက်တို့သည် အခြားပြည်တွင် ဧည့်သည်အဖြစ် နှစ်ပေါင်းလေးရာ ကျွန်ခံရ၍ ညှဉ်းပန်းနှိပ်စက်ခြင်းခံရလိမ့်မည်ဖြစ်ကြောင်းကိုလည်း မိန့်တော်မူ၏။ 7ဘုရားသခင်က ‘သူတို့အား ကျွန်ခံစေသောလူမျိုးတို့ကိုလည်း ငါစီရင်မည်။ ထို့နောက် သူတို့သည် ကျွန်ခံခဲ့သောပြည်မှ ထွက်လာ၍ ဤအရပ်တွင် ငါ့ကိုဝတ်ပြုကြလိမ့်မည်’#7:7 က ၁၂:၇၊ ၁၅:၁၃-၁၄၊ ထွ ၃:၁၂။ဟု မိန့်တော်မူ၏။
8ထို့နောက် ဘုရားသခင်သည် အာဗြဟံအား အရေပြားလှီးခြင်းမင်္ဂလာနှင့်ဆိုင်သော ပဋိညာဉ်ကို ပေးတော်မူ၏။ ထို့ကြောင့် အာဗြဟံသည် သားဣဇာက်ကို ရ၍ သူ့အား ရှစ်ရက်မြောက်သောနေ့တွင် အရေပြားလှီးခြင်းမင်္ဂလာကို ပြုပေးလေ၏။ ဣဇာက်သည် သားယာကုပ်ကို ရပြီး ယာကုပ်သည်လည်း သားဆယ့်နှစ်ယောက်ကို ရ၏။ ထိုသားများမှာ မျိုးနွယ်စုဆယ့်နှစ်စု၏ဖခင်များ#7:8 အစ္စရေးလူမျိုး၏မျိုးနွယ်စုဆယ့်နှစ်စုသည် ယာကုပ်၏သားဆယ့်နှစ်ယောက်မှ ဆင်းသက်လာသည်။ဖြစ်ကြ၏။
9မျိုးနွယ်စုဆယ့်နှစ်စု၏ဖခင်များသည် ယောသပ်ကို မနာလိုကြသဖြင့် အီဂျစ်ပြည်တွင် ကျွန်ခံစေရန် ရောင်းလိုက်ကြ၏။ သို့သော် ဘုရားသခင်သည် ယောသပ်နှင့်အတူ ရှိတော်မူ၍ 10သူ့ကို ဆင်းရဲဒုက္ခအားလုံးထဲမှ ကယ်တင်တော်မူ၏။ ထို့ပြင် ဉာဏ်ပညာကို ပေး၍ အီဂျစ်ပြည်ကို အုပ်ချုပ်သောဖာရောဘုရင်ထံတွင် မျက်နှာပွင့်လန်းစေတော်မူ၏။ ထို့ကြောင့် ထိုဘုရင်သည် ယောသပ်အား အီဂျစ်ပြည်နှင့် သူ၏နန်းတော်တစ်ခုလုံးကို ကြီးမှူးသောဘုရင်ခံအဖြစ် ခန့်ထားလေ၏။
11ထို့နောက် အီဂျစ်ပြည်နှင့် ခါနန်ပြည်တစ်လျှောက်တွင် အစာခေါင်းပါးခြင်းနှင့်အတူ ဘေးဒုက္ခကြီးကျရောက်သဖြင့် ကျွန်ုပ်တို့၏ဘိုးဘေးများသည် အစာရေစာပြတ်လပ်ကုန်ကြ၏။ 12သို့သော် အီဂျစ်ပြည်တွင် ဆန်စပါးရှိကြောင်း ယာကုပ်ကြားသောအခါ ကျွန်ုပ်တို့၏ဘိုးဘေးများဖြစ်သူ၏ သားများကို ထိုပြည်သို့ ပထမအကြိမ် စေလွှတ်လေ၏။ 13ဒုတိယအကြိမ်တွင် ယောသပ်က သူသည်မည်သူဖြစ်ကြောင်း ညီအစ်ကိုတို့အား ဖွင့်ပြောသဖြင့် ယောသပ်၏အမျိုးကိုလည်း ဖာရောဘုရင်သိရှိရ၏။ 14ထို့နောက် ယောသပ်သည် လူလွှတ်၍ သူ၏ဖခင်ယာကုပ်နှင့်တကွ ဆွေမျိုးခုနစ်ဆယ့်ငါးဦးတို့ကို မိမိထံ ဆင့်ခေါ်လေ၏။ 15ထို့ကြောင့် ယာကုပ်သည် အီဂျစ်ပြည်သို့ သွားရောက်နေထိုင်၍ သူနှင့်တကွ ကျွန်ုပ်တို့၏ဘိုးဘေးများသည် ထိုပြည်တွင် ကွယ်လွန်ကြ၏။ 16သူတို့၏အလောင်းများကို ရှေခင်မြို့သို့ သယ်ယူပြီးလျှင် ဟာမော်၏သားများထံမှ တန်ကြေးငွေပေး၍ အာဗြဟံဝယ်ယူခဲ့သောသင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကြ၏။
17ဘုရားသခင်သည် အာဗြဟံအားပြုသော ကတိတော်အချိန် နီးကပ်လာသည်နှင့်အမျှ အီဂျစ်ပြည်တွင် ဂျူးလူမျိုးများ တိုးပွားများပြားလာ၏။ 18ထိုသို့တိုးပွားလာသည်မှာ အီဂျစ်ပြည်၌ ယောသပ်ကို မသိသော အခြားဘုရင်တစ်ပါး ပေါ်လာသည့်အချိန်အထိဖြစ်၏။ 19ထိုဘုရင်သည် ကျွန်ုပ်တို့၏လူမျိုးများကို ကိုယ်ကျိုးအတွက်အသုံးချ၍ ဘိုးဘေးများကို နှိပ်စက်ကာ သူတို့၏မွေးကင်းစကလေးငယ်များအား သေစေရန် စွန့်ပစ်ထားစေလေ၏။
20ထိုသို့သောအချိန်ကာလတွင် မောရှေမွေးဖွားလာရ၏။ သူသည် ဘုရားသခင်ရှေ့တော်၌ နှစ်လိုဖွယ်ကောင်းသူဖြစ်၏။ မောရှေသည် မိဘအိမ်တွင် သုံးလတိုင်တိုင် ပြုစုစောင့်ရှောက်ခြင်းခံရ၏။ 21ထို့နောက် သူသည် စွန့်ပစ်ခံရသောအခါ ဖာရောဘုရင်၏သမီးတော်က ကောက်ယူ၍ မိမိသားအဖြစ် မွေးစားလေ၏။ 22မောရှေသည် အီဂျစ်လူမျိုးတို့၏အတတ်ပညာများအားလုံးကို သင်ယူတတ်မြောက်ပြီး ပြောဆိုမှုနှင့်လုပ်ဆောင်မှုတွင် စွမ်းဆောင်နိုင်သူဖြစ်၏။
23အသက်လေးဆယ်ပြည့်သောအခါ မိမိ၏ညီအစ်ကိုမောင်နှမများဖြစ်သော အစ္စရေးလူမျိုးတို့အား သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လေ၏။ 24ထို့နောက် မိမိလူမျိုးတစ်ဦး မတရားနှိပ်စက်ခံနေရသည်ကို မြင်သောအခါ ထိုနှိပ်စက်ခံရသူဘက်မှ ကူ၍ အီဂျစ်လူမျိုးကိုရိုက်သတ်ကာ လက်တုံ့ပြန်ပေးလေ၏။ 25မိမိအားဖြင့် မိမိလူမျိုးကို ဘုရားသခင်ကယ်တင်မည်ဖြစ်ကြောင်း မိမိလူမျိုးတို့နားလည်ကြမည်ဟု မောရှေထင်မှတ်ခဲ့၏။ သို့သော် သူတို့သည် နားမလည်ကြပေ။
26နောက်တစ်နေ့တွင် အစ္စရေးလူမျိုးနှစ်ဦး ရန်ဖြစ်နေချိန် မောရှေသည်သွား၍ ‘သင်တို့သည် ညီအစ်ကိုချင်းဖြစ်လျက် အဘယ်ကြောင့် အချင်းချင်း ရန်ဖြစ်ကြသနည်း’ ဟု ဆိုကာ သူတို့အား ဖျန်ဖြေရန် ကြိုးပမ်းလေ၏။
27သို့သော် လူမျိုးချင်းကို မတရားပြုသောသူက မောရှေကို တွန်းထုတ်ကာ ‘မည်သူသည် သင့်အား ငါတို့အပေါ် အုပ်ချုပ်သူနှင့် တရားသူကြီးအဖြစ် ခန့်ထားသနည်း။ 28မနေ့က အီဂျစ်လူမျိုးကို သတ်သကဲ့သို့ ငါ့ကို သတ်လိုသလော’ ဟု ဆိုလေ၏။ 29ထိုစကားကြောင့် မောရှေသည် ထွက်ပြေး၍ မိဒျန်ပြည်တွင် ဧည့်သည်အဖြစ် နေထိုင်၏။ ထိုပြည်တွင် သားနှစ်ဦးကို ရလေ၏။
30နှစ်ပေါင်းလေးဆယ်ကြာသော် ကောင်းကင်တမန်တစ်ပါးသည် မောရှေအား သိနာတောင်၏တောထဲ၊ မီးလောင်နေသောချုံပုတ်၌ ကိုယ်ထင်ပြလေ၏။ 31ထိုမြင်ကွင်းကို မောရှေတွေ့မြင်သောအခါ အံ့အားသင့်လျက် အနီးကပ်ကြည့်ရှုရန် ချဉ်းကပ်သွားစဉ် 32‘ငါသည် သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့၏ဘုရားဖြစ်၏’ ဟူသော ထာဝရဘုရား၏အသံတော် ထွက်ပေါ်လာ၏။ မောရှေသည် ကြောက်ရွံ့တုန်လှုပ်ကာ မော်၍ပင် မကြည့်ဝံ့ပေ။
33ထိုအခါ ထာဝရဘုရားက ‘သင်ရပ်နေသော နေရာသည် သန့်ရှင်းသောမြေဖြစ်သောကြောင့် သင့်ဖိနပ်ကို ချွတ်လော့။ 34အီဂျစ်ပြည်တွင်ရှိသော ငါ့လူမျိုးတို့ခံရသည့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ငါတပ်အပ်မြင်ပြီ။ သူတို့၏ညည်းတွားသံကိုလည်း ငါကြား၍ သူတို့အားကယ်တင်ရန် ငါဆင်းကြွလာပြီ။ ယခုသွားလော့။ ငါသည်သင့်အား အီဂျစ်ပြည်သို့ စေလွှတ်မည်’ ဟု မိန့်တော်မူ၏။
35‘မည်သူသည် သင့်ကို အုပ်ချုပ်သူနှင့် တရားသူကြီးအဖြစ် ခန့်ထားသနည်း’ ဟု ငြင်းပယ်ခံရသောမောရှေကို ဘုရားသခင်သည် ချုံပုတ်တွင် ကိုယ်ထင်ပြသောကောင်းကင်တမန်အားဖြင့် အုပ်ချုပ်သူနှင့် ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။ 36သူသည် အီဂျစ်ပြည်နှင့်ပင်လယ်နီတွင်လည်းကောင်း၊ အနှစ်လေးဆယ်ပတ်လုံးတောကန္တာရတွင်လည်းကောင်း အံ့ဖွယ်ဖြစ်ရပ်များနှင့် နိမိတ်လက္ခဏာများကို ပြလျက် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှ ခေါ်ထုတ်လာ၏။
37ထိုမောရှေမှာ ‘ဘုရားသခင် ထာဝရဘုရားသည် သင်တို့၏အမျိုးထဲမှ ငါကဲ့သို့သော ပရောဖက်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်းစေတော်မူလိမ့်မည်’ ဟု အစ္စရေးလူမျိုးတို့အား ပြောခဲ့သူဖြစ်၏။ 38သူသည် သိနာတောင်တွင် သူ့အား စကားပြောသော ကောင်းကင်တမန်နှင့်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုးဘေးများနှင့်လည်းကောင်း၊ တောကန္တာရတွင် စုဝေးသောလူတို့နှင့်လည်းကောင်း ရှိခဲ့သောသူဖြစ်၏။ သူသည် ကျွန်ုပ်တို့အား ပေးအပ်ရန် အသက်ရှင်စေသော ဗျာဒိတ်တော်ကို လက်ခံရရှိလေ၏။
39ကျွန်ုပ်တို့၏ဘိုးဘေးများက သူ၏စကားကို မနာခံလိုကြဘဲ သူ့အားပစ်ပယ်၍ အီဂျစ်ပြည်သို့သာ လှည့်ပြန်လိုစိတ်ရှိကြ၏။ 40သူတို့က အာရုန်အား ‘ငါတို့ရှေ့တွင်သွားမည့် ဘုရားများကို ငါတို့အတွက် ပြုလုပ်ပေးပါ။ ငါတို့ကို အီဂျစ်ပြည်မှ ခေါ်ထုတ်လာသောမောရှေသည် မည်သို့ဖြစ်နေသည်ကို ငါတို့မသိရ’ ဟု ဆိုကြလေ၏။ 41ထိုနေ့ရက်များ၌ သူတို့သည် နွားသငယ်ကဲ့သို့သော ရုပ်တုကို သွန်းလုပ်ကြပြီး မိမိတို့ဖန်တီးထားသော ထိုရုပ်တုအား ပူဇော်ပသ၍ ပွဲလုပ်ကြ၏။ 42ထိုအခါ ဘုရားသခင်သည် သူတို့ကို မျက်ကွယ်ပြု၍ ကောင်းကင်နက္ခတ်များကို ကိုးကွယ်ကြစေရန် စွန့်ပစ်ထားတော်မူ၏။ ပရောဖက်ကျမ်းများတွင် ရေးသားဖော်ပြထားသည်မှာ
‘အို အစ္စရေးလူမျိုးတို့… သင်တို့သည် တောကန္တာရတွင် အနှစ်လေးဆယ်ပတ်လုံး
တိရစ္ဆာန်နှင့် ယဇ်ကောင်များကို ငါ့အတွက် ပူဇော်ခဲ့ကြသလော။
43သင်တို့ ကိုးကွယ်ရန် ထုလုပ်သည့်ရုပ်တုများဖြစ်သော
မောလုတ်ဘုရား၏တဲတော်နှင့်
သင်တို့ဘုရား ရင်ဖန်၏ကြယ်ကို
သင်တို့သည် သယ်ဆောင်ကြပြီ။
ငါသည်လည်း သင်တို့ကို
ဘေဘီလုံမြို့အလွန်သို့ နှင်ထုတ်မည်’#7:43 အာ ၅:၂၅-၂၇။
ဟူ၍ ဖြစ်၏။
44တောကန္တာရတွင် ကျွန်ုပ်တို့၏ဘိုးဘေးများ၌ သက်သေခံတဲတော်ရှိ၏။ ထိုတဲတော်ကို မောရှေအား ဘုရားသခင်ညွှန်ကြားတော်မူသည့်ပုံစံနှင့်အညီ ပြုလုပ်ထား၏။ ထိုတဲတော်သည် မောရှေမြင်တွေ့ခဲ့သည့်ပုံစံအတိုင်းဖြစ်၏။ 45ကျွန်ုပ်တို့၏ဘိုးဘေးများသည် ထိုတဲတော်ကို ဆက်ခံကြ၏။ ထို့နောက် သူတို့ရှေ့တွင် ဘုရားသခင်နှင်ထုတ်သော လူမျိုးခြားတို့၏ပြည်အား ယောရှုနှင့်အတူ သိမ်းပိုက်ကြသောအခါ ထိုတဲတော်ကို ယူဆောင်သွားကြ၏။ ထိုတဲတော်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ရှိလေ၏။
46ဒါဝိဒ်မင်းသည် ဘုရားသခင်ရှေ့တွင် မျက်နှာသာရပြီး ယာကုပ်၏ဘုရား စံမြန်းရာ နေရာတစ်ခု တည်ဆောက်ရန် ခွင့်ပန်လေ၏။ 47သို့ရာတွင် ဘုရားသခင်အတွက် အမှန်တည်ဆောက်ရသူမှာ ရှောလမုန်မင်းဖြစ်၏။ 48သို့သော် အမြင့်မြတ်ဆုံးသောဘုရားသည် လူသားတို့လက်ဖြင့် ဆောက်လုပ်သောအိမ်တော်တွင် မစံမြန်းပေ။ ထိုသို့ ထာဝရဘုရားက ပရောဖက်တစ်ပါးအားဖြင့် ဟောသည်မှာ
49‘ကောင်းကင်ဘုံသည် ငါ၏ရာဇပလ္လင် ဖြစ်၏။
ကမ္ဘာမြေကြီးသည် ငါ၏ခြေတင်ခုံ ဖြစ်၏။
သင်တို့သည် ငါ့အတွက် မည်သို့သောအိမ်တော်ကို ဆောက်လုပ်မည်နည်းဟု
ဘုရားသခင်မိန့်တော်မူ၏။
ငါစံမြန်းနားခိုရာသည် အဘယ်အရပ်ဖြစ်သနည်း။
50ဤအရာများ အားလုံးကို ငါ့လက်ဖြင့် ဖန်ဆင်းခဲ့သည်မဟုတ်လော’#7:50 ဟေရှာ ၆၆:၁-၂။
ဟူ၍ ဖြစ်၏။
51ခေါင်းမာသောလူမျိုးတို့… သင်တို့၏နားများသည် မည်သည့်အခါမျှ နားမထောင်။ သင်တို့၏စိတ်နှလုံးသည်လည်း မည်သည့်အခါမျှ နောင်တမရ။#7:51 မူရင်းဂရိကျမ်းတွင် “စိတ်နှလုံးနှင့်နားတို့ဖြင့် အရေပြားလှီးခြင်းမခံသောသူတို့” ဟု ပါရှိသည်။ သင်တို့သည် သင်တို့၏ဘိုးဘေးများ ပြုခဲ့သည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို အမြဲတစေ ဆန့်ကျင်လျက်ရှိ၏။ 52သင်တို့ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်ဟူ၍ ရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင် ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကို သတ်ဖြတ်ကြ၏။ ယခု သင်တို့သည် ထိုအရှင်ကို သစ္စာဖောက်၍ သတ်ကြပြီ။ 53သင်တို့သည် ကောင်းကင်တမန်များအားဖြင့် ပေးအပ်သော ဘုရားသခင်၏ပညတ်ကျမ်းကို ရရှိသော်လည်း လိုက်နာစောင့်ထိန်းခြင်းမရှိကြပေ” ဟု ဆိုလေ၏။
54ထိုသို့ ပြောဆိုသည်ကို ဂျူးခေါင်းဆောင်များ ကြားလျှင် သတေဖန်အား ဒေါသထွက်၍ အံကြိတ်ကြလေ၏။ 55သို့ရာတွင် သတေဖန်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် ကောင်းကင်သို့ မျှော်ကြည့်ရာ ဘုရားသခင်၏ဘုန်းတော်နှင့် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေတော်မူသော ယေရှုကို တွေ့မြင်ရ၏။ 56ထိုအခါ သတေဖန်က “ကြည့်ပါ။ ကောင်းကင်ပွင့်၍ လူသားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေတော်မူသည်ကို ကျွန်ုပ်မြင်ရပါသည်” ဟု ပြောလေ၏။
57သို့သော် ထိုသူတို့သည် ကျယ်လောင်စွာ အော်ဟစ်၍ နားများကို ပိတ်လျက် သူ့ထံသို့ အရှိန်အဟုန်ဖြင့် တညီတညွတ်တည်း ပြေးသွားကြ၏။ 58ထို့နောက် သူ့အား မြို့ပြင်သို့ ထုတ်ကာ ကျောက်ခဲနှင့်ပေါက်ကြ၏။ သက်သေခံတို့သည် မိမိတို့၏ဝတ်ရုံများကို ချွတ်ပြီး ရှောလုဟု ခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ပုံထားကြ၏။
59ထိုသူတို့သည် ကျောက်ခဲဖြင့် ပေါက်နေကြစဉ် သတေဖန်က “သခင်ယေရှု… အကျွန်ုပ်၏ဝိညာဉ်ကို လက်ခံတော်မူပါ” ဟု ဆုတောင်းလေ၏။ 60ထို့နောက် ဒူးထောက်လျက် ကျယ်သောအသံဖြင့် “သခင်ဘုရား… ဤသူတို့ ပြုသောအပြစ်များကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်၍ အသက်ဆုံးလေ၏။
လက်ရှိရွေးချယ်ထားမှု
တမန်တော် 7: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.