YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 4

4
ပေတရု​နှင့် ယောဟန် တရားလွှတ်တော်​၌ စစ်ဆေးခံခြင်း
1ပေတရု​နှင့် ယောဟန်​တို့​သည် လူတို့​အား တရားဟော​လျက်​နေစဉ် ဗိမာန်တော်​အစောင့်တပ်မှူး​အပါအဝင် ယဇ်ပုရောဟိတ်များ​နှင့် ဇဒ္ဒုကဲတို့​သည် သူတို့​ထံသို့ ရောက်လာကြ၏။ 2တမန်တော်တို့​သည် လူတို့​အား ဆုံးမသွန်သင်​၍ ယေရှု​အားဖြင့် သေလွန်သော​သူတို့​ပြန်ရှင်ကြသည့်​အကြောင်း​ကို ဟောပြောနေ​သောကြောင့် ထို​သူတို့​သည် အလွန်​စိတ်​အနှောင့်အယှက်​ဖြစ်ကြ၏။ 3သူတို့​သည် ပေတရု​နှင့် ယောဟန်​တို့​ကို ဖမ်းဆီး​၍ ညနေစောင်းပြီ​ဖြစ်​သောကြောင့် အချုပ်ခန်း​တွင် နောက်​တစ်နေ့​တိုင်အောင် ချုပ်ထားကြ၏။ 4သို့သော်လည်း တရားစကား​ကို ကြားသော​လူ​များစွာတို့​သည် ယုံကြည်လာကြပြီး ယခင်​ယုံကြည်သော​သူများ​အပါအဝင် အမျိုးသား​အရေအတွက် ငါးထောင်​ခန့်​အထိ ရှိလာ၏။
5နောက်​တစ်နေ့​၌ အာဏာပိုင်များ၊ အကြီးအကဲများ​နှင့် ကျမ်းတတ်ဆရာများ​သည် ဂျေရုဆလင်မြို့​၌ စည်းဝေးကြ၏။ 6ထို​သူတို့​နှင့်အတူ ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန်းဒါး​နှင့် ယဇ်ပုရောဟိတ်မင်း​၏​မိသားစုဝင်​အပေါင်းတို့​သည်လည်း ရှိကြ၏။ 7တမန်တော်တို့​ကို သူတို့​အလယ်​၌ ရပ်စေပြီး​သောအခါ “သင်တို့​သည် မည်သည့်​တန်ခိုး၊ မည်သည့် အမည်​နာမ​အားဖြင့် ဤ​အမှု​ကို ပြုသနည်း” ဟု မေးမြန်းကြ၏။
8ထိုအခါ ပေတရု​သည် သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် ပြည့်ဝ​သဖြင့် “လူတို့​၏​အာဏာပိုင်များ​နှင့် အကြီးအကဲများတို့… 9ခြေမသန်စွမ်းသူ​အား ကောင်းမှုပြု​သောကြောင့် ထို​လူ​ကို မည်သို့​အကောင်း​ပကတိ​အတိုင်း ဖြစ်စေသနည်း​ဟု ယနေ့ ကျွန်ုပ်တို့​စစ်ဆေးခံရ​လျှင် 10နာဇရက်မြို့သား ယေရှု​ခရစ်တော်#4:10 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏​အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​၏​အမည်​နာမ​အားဖြင့် ထို​သူ​သည် သင်တို့​ရှေ့​၌ ကျန်းမာ​သန်စွမ်း​လျက်​ရှိသည်​ကို သင်တို့​မှစ၍ အစ္စရေး​လူမျိုးအပေါင်း​တို့ သိမှတ်ကြလော့။ ထို​ယေရှု​မှာ သင်တို့​လက်ဝါးကပ်တိုင်​တွင် သတ်​သော်လည်း သေခြင်း​မှ ဘုရားသခင်​ရှင်ပြန်​ထမြောက်​စေတော်မူသော​သူ​ဖြစ်၏။ 11ကျမ်းစာ​၌
‘တိုက်ဆောက်သော​သင်တို့ ပယ်ထားသည့်​ကျောက်​သည်
ထောင့်ချုပ်ကျောက်​ဖြစ်လာ၏’#4:11 ဆာ ၈:၂။ ဟု ရည်ညွှန်းခံရသူ​မှာ ဤ​ယေရှု​ပင်​ဖြစ်၏။
12ကယ်တင်ခြင်း​သည် အခြား​မည်သူ​၌မျှ​မရှိ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်​အောက်​တွင် ထို​အရှင်​၏​အမည်​နာမ​မှတစ်ပါး ကျွန်ုပ်တို့​ကို ကယ်တင်နိုင်သော​အခြား​အမည်​နာမ မရှိပါ” ဟု ဖြေဆိုလေ၏။
13ပေတရု​နှင့် ယောဟန်​တို့​မှာ ပညာတတ်​မဟုတ်၊ သာမန်လူ​သာ​ဖြစ်​လျက်နှင့် ထိုသို့​ရဲစွမ်းသတ္တိ​ရှိကြသည်​ကို မြင်​သောအခါ ထို​သူတို့​သည် အံ့သြကြ၏။ ထို့ပြင် ယေရှု​၏​အပေါင်းအဖော်များ​ဖြစ်ကြောင်း​ကိုလည်း မှတ်မိကြ၏။ 14ကျန်းမာသွားသော​သူ​သည် တမန်တော်တို့​၏​ဘေး​တွင် ရပ်နေသည်​ကို မြင်​နေရ​သဖြင့် ဆန့်ကျင်​ပြောဆို​ရန်​စကား မရှိကြ။ 15ထို့ကြောင့် သူတို့​သည် တမန်တော်တို့​ကို တရားလွှတ်တော်​အစည်းအဝေး​မှ ထွက်သွား​ရန် အမိန့်ပေး​၍ ထို​အမှု​ကို အချင်းချင်း ဆွေးနွေးတိုင်ပင်ကြ၏။
16သူတို့​က “ငါတို့​သည် သူတို့​ကို မည်သို့​ပြုရမည်နည်း။ သူတို့​သည် ဂျေရုဆလင်မြို့​၌ နေသော​သူတို့​အား ထင်ရှားသော​နိမိတ်​လက္ခဏာ​ကို ပြခဲ့ပြီး​ဖြစ်သည်​ကို ငါတို့​မငြင်းဆိုနိုင်ကြ။ 17သို့သော်လည်း ထို​တရား​သည် လူတို့​တွင် ပျံ့နှံ့မသွား​စေရန် ထိန်းသိမ်း​လျက် ထို​အမည်​နာမ​အားဖြင့် တစ်စုံတစ်ယောက်​ကိုမျှ မဟောပြော​ရန် သူတို့​အား သတိပေးကြစို့” ဟု ပြောဆိုကြ၏။ 18ထို့ကြောင့် သူတို့​သည် တမန်တော်တို့​ကို ခေါ်​ကာ ယေရှု​၏​အမည်​နာမ​ကို အမှီပြု​၍ ဟောပြော​သွန်သင်ခြင်း​ကို လုံးဝ​မပြု​ရန် အမိန့်ပေးကြ၏။
19သို့ရာတွင် ပေတရု​နှင့် ယောဟန်​တို့​က “ဘုရားသခင်​၏​စကားတော်​ကို နားမထောင်ဘဲ သင်တို့​၏​စကား​ကို နားထောင်ခြင်း​သည် ဘုရားသခင်​၏​ရှေ့တော်​၌ မှန်သည်​မမှန်သည်​ကို သင်တို့​ဆုံးဖြတ်ကြလော့။ 20ကျွန်ုပ်တို့​သည် မြင်တွေ့​၍ ကြားခဲ့ပြီးသော​အရာတို့​ကို မဟောပြောဘဲ​မနေနိုင်ပါ” ဟု ပြန်ဖြေကြ၏။
21တရားလွှတ်တော်​အဖွဲ့ဝင်တို့​သည်လည်း တမန်တော်တို့​ကို ထပ်မံ​ခြိမ်းခြောက်​သတိပေး​၍ လွှတ်လိုက်ကြ၏။ လူ​အပေါင်းတို့​သည် ဖြစ်ပျက်ခဲ့သော​အရာ​အတွက် ဘုရားသခင်​ကို ချီးမွမ်းကြ​သောကြောင့် တရားလွှတ်တော်​အဖွဲ့ဝင်တို့​သည် တမန်တော်တို့​အား ပြစ်ဒဏ်ပေး​ရန် နည်းလမ်း​ရှာမတွေ့ကြပေ။ 22ဤ​နိမိတ်​လက္ခဏာ​အားဖြင့် အကောင်းပကတိ​ဖြစ်လာသောသူ​သည် အသက်လေးဆယ်​ကျော်​ရှိ၏။
ရဲရင့်ခြင်း​အတွက် ယုံကြည်သူများ​ဆုတောင်းခြင်း
23ပေတရု​နှင့်​ယောဟန်​တို့​သည် လွတ်လာ​ပြီးနောက် အခြား​ယုံကြည်သူများ​ထံသို့ သွား​၍ မိမိတို့​အား ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် အကြီးအကဲတို့​ပြောခဲ့သမျှတို့​ကို ပြန်ပြောပြကြ၏။ 24ထို​အကြောင်းအရာ​ကို ကြားသော​အခါ သူတို့​က “ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့် ထို​အရပ်တို့​၌ ရှိသမျှသော​အရာများ​ကို ဖန်ဆင်းတော်မူ​၍ အရာ​အားလုံး​ကို အုပ်စိုးတော်မူသော​ဘုရားသခင်… 25ကိုယ်တော်​သည် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် အကျွန်ုပ်တို့​၏​ဖခင်ကြီး အစေခံ​ဒါဝိဒ်မင်းကြီး​မှတစ်ဆင့် မိန့်တော်မူသည်​မှာ
‘လူမျိုးခြားတို့​သည် အဘယ်ကြောင့် အမျက်​ဒေါသ​ထွက်ကြသနည်း။
လူတို့​သည် အချည်းနှီး​အမှုတို့​ကို အဘယ်ကြောင့် ကြံစည်ကြသနည်း။
26လောကီ​ရှင်ဘုရင်တို့​သည် ထကြ​၍
အာဏာပိုင်တို့​သည် အတူတကွ​စုရုံး​လျက်
ထာဝရဘုရား​ကို ဆန့်ကျင်ဘက်​ပြု​၍
ဘိသိက်ခံရသူ​ကို ပုန်ကန်ကြ၏’#4:26 ဆာ ၂:၁-၂။
ဟူ၍ ဖြစ်၏။
27ဤ​မြို့​၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်း​နှင့်တကွ လူမျိုးခြားများ​နှင့် အစ္စရေးလူမျိုးတို့​သည် အရှင်​ဘိသိက်ပေးတော်မူသော​သူ၊ အရှင်​၏​သန့်ရှင်းတော်မူသော​အစေခံ​ယေရှု​ကို အတူတကွ​စုရုံး​လျက် ဧကန်အမှန် ဆန့်ကျင်ဘက်​ပြုခဲ့ကြ၏။ 28ထို​သူတို့​သည် အရှင်​၏​တန်ခိုးတော်​နှင့် အလိုတော်​အရ ကြိုတင်​စီမံတော်မူသည့်​အတိုင်း​ဖြစ်လာ​ရန် ထိုသို့​ပြုလုပ်ကြခြင်း​ဖြစ်၏။ 29အို ထာဝရဘုရား… ယခု​တွင် သူတို့​၏​ခြိမ်းခြောက်ခြင်း​ကို မှတ်တော်မူပါ။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို ရဲစွမ်းသတ္တိ​နှင့် ဟောပြော​ရန် ကိုယ်တော်​၏​အစေအပါးတို့​အား အခွင့်​ပေးတော်မူပါ။ 30အို ဘုရားသခင်… လူများ​ကို ကျန်းမာ​စေရန် လက်တော်​ကို ဆန့်တော်မူ​စဉ် သန့်ရှင်းတော်မူသော​အစေခံ#4:30 မူရင်း​ဂရိကျမ်း​တွင် “ကလေး” ဟု ဖော်ပြထားပြီး အကြောင်းအရာ​အပေါ် မူတည်​၍ “သား၊” သို့မဟုတ် “အစေခံ” ဟု အဓိပ္ပာယ်​ဖွင့်ဆိုနိုင်သည်။​ယေရှု​၏​အမည်​နာမ​အားဖြင့် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ဖြစ်ပေါ်စေတော်မူပါ” ဟု ဘုရားသခင်​ထံ ဆုတောင်းကြ၏။
31ထိုသို့ ဆုတောင်း​ပြီးနောက် စုရုံးနေသော​နေရာ​သည် တုန်ခါ​လျက် ထို​သူ​အားလုံးတို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် ပြည့်ဝ​သဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ကို ရဲရင့်​စွာ ဟောပြောကြ၏။
ဥစ္စာပစ္စည်းများ​ကို မျှဝေခြင်း
32ယခု​အခါ​၌ ယုံကြည်သော​သူ​ရှိသမျှတို့​သည် တစ်စိတ်တစ်ဝမ်းတည်း​ရှိကြ​သဖြင့် မည်သူ​မျှ မိမိ​ဥစ္စာပစ္စည်းများ​ကို မိမိ​ပိုင်သည်​ဟု မဆိုဘဲ ရှိသမျှ​ဥစ္စာတို့​ကို မျှဝေ​အသုံးပြုကြ၏။ 33သခင်​ယေရှု​၏​ရှင်ပြန်​ထမြောက်တော်မူခြင်း​ကို တမန်တော်တို့​သည် ကြီးမြတ်သော​တန်ခိုး​နှင့် သက်သေခံကြ​သဖြင့် ဘုရားသခင်​၏​ကြီးမြတ်သော​ကျေးဇူးတော်​သည်လည်း သူတို့​အပေါ်​တွင် ရှိလေ၏။ 34ထို​သူတို့​တွင် ဆင်းရဲချို့တဲ့သော​သူ တစ်ယောက်မျှ​မရှိ။ အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင်​အိမ်ခြံမြေများ​ပိုင်ဆိုင်သော​သူတို့​သည် ပိုင်ဆိုင်သော​အရာများ​ကို ရောင်း​ပြီးလျှင် ရသော​ငွေများ​ကို ယူဆောင်လာ​၍ 35တမန်တော်တို့​ထံ အပ်ကြ​သောကြောင့်​ဖြစ်၏။#4:35 မူရင်းဂရိကျမ်း​တွင် “တမန်တော်တို့​၏​ခြေရင်း​တွင် ချထားကြ​ပြီး” ဟူ၍ ဖော်ပြထားသည်။ တမန်တော်တို့​ကလည်း လူ​တစ်ဦးစီ​၏​လိုအပ်သည့် ပမာဏ​အတိုင်း ပေးကမ်းဝေငှကြ၏။
36ထို​သူတို့​တွင် ယောသပ်​အမည်​ရှိ​သူ​တစ်ယောက် ရှိ၏။ တမန်တော်များ​က သူ့​အား ဗာနဗ​ဟု ခေါ်ကြ၏။ ထို​အမည်​မှာ “နှစ်သိမ့်ခြင်း​၏​သား” ဟူ၍ အဓိပ္ပာယ်​ရ၏။ ထို​သူ​သည် လေဝိ​မျိုးနွယ်​တစ်ဦး​ဖြစ်၍ ဆိုက်ပရပ်ကျွန်းသား​လည်း​ဖြစ်၏။ 37ဗာနဗ​သည် မိမိ​ပိုင်ဆိုင်သော​လယ်ယာမြေ​ကို ရောင်း​ပြီးလျှင် ရသော​ငွေ​ကို ယူဆောင်ခဲ့​၍ တမန်တော်တို့​ထံ အပ်လေ၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 4: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ