YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 11

11
1အို လေ​ဗ​နုန်​တောင်၊ သင်၏​အာ​ရဇ်​ပင်​တို့​ကို မီး​လောင်​စေ​ခြင်း​ငှာ သင်၏​တံ​ခါး​တို့​ကို ဖွင့်​လော့။ 2အို ထင်း​ရှူး​ပင်၊ အာ​ရဇ်​ပင်​လဲ​သော​ကြောင့် မြည်​တမ်း​လော့။ မြတ်​သော​အ​ပင်​တို့​သည် ပျက်​စီး​ကြ​ပြီ။ အို ဗာ​ရှန်​သ​ပိတ်​ပင်​တို့၊ ခိုင်​ခံ့​သော​တော​ကို ခုတ်​လှဲ​သော​ကြောင့် မြည်​တမ်း​ကြ​လော့။ 3သိုး​ထိန်း​တို့​သည် မိ​မိ​တို့​အ​သ​ရေ​ပျက်​သော​ကြောင့်၊ မြည်​တမ်း​သော​အ​သံ​ကို ပြု​ကြ၏။ ယော်​ဒန်​မြစ်၏ ဂုဏ်​အ​သ​ရေ​ပျက်​သော​ကြောင့်၊ ခြင်္သေ့​ပျို​ဟောက်​သော​အ​သံ​ကို ကြား​ရ၏။
မိုက်သောသိုး​ထိန်း
4ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သတ်​ဖို့​ရာ​ထား​သော ဤ​သိုး​စု​ကို ကျွေး​မွေး​လော့။ 5ပိုင်​သော​သူ​တို့​သည် သတ်၍ ကိုယ်​အ​ပြစ်​ရှိ​သည်​ကို မ​သိ​ကြ။ ရောင်း​စား​သော သူ​တို့​က​လည်း၊ ငါ​ရ​တတ်​သည်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဆို​ကြ၏။ သိုး​ထိန်း​တို့​သည်​လည်း သ​နား​ခြင်း က​ရု​ဏာ​မ​ရှိ​ကြ။ 6ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ပြည်​သူ​ပြည်​သား​တို့​ကို နောက်​တစ်​ဖန်​မ​သ​နား၊ မ​နှ​မြော​ဘဲ၊ လူ​အ​သီး​အ​သီး​တို့​ကို အိမ်​နီး​ချင်း​လက်​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​လက်​သို့​လည်း​ကောင်း အပ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ပြည်​လုံး​ကို နှိပ်​စက်​ကြ​လိမ့်​မည်။ သူ​တို့​လက်​မှ ငါ​မ​ကယ်​လွှတ်​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။
7ထို​သို့ သတ်​ဖို့​ရာ​ထား​သော သိုး​စု​တည်း​ဟူ​သော၊ ဆင်း​ရဲ​သော​သိုး​တို့​ကို ငါ​ကျွေး​မွေး​ရ၏။ သိုး​ထိန်း တောင်​ဝှေး​နှစ်​စင်း​ကို​ယူ၍၊ တစ်​စင်း​ကို ကျေး​ဇူး​ဟူ၍​လည်း​ကောင်း၊ တစ်​စင်း​ကို အ​နှောင်​အ​ဖွဲ့​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​လျက်၊ သိုး​စု​ကို ကျွေး​မွေး၏။ 8သိုး​ထိန်း​သုံး​ယောက်​ကို​လည်း တစ်​လ​တွင် ငါ​ပယ်​ဖြတ်၏။ သူ​တို့​ကြောင့် ငါ့​စိတ်​ငြီး​ငွေ့၏။ သူ​တို့​သည်​လည်း ငါ့​ကို ရွံ​ရှာ​ကြ၏။ 9နောက်​တစ်​ဖန် သင်​တို့​ကို ငါ​မ​ကျွေး။ သေ​သော အ​ကောင်​သည် သေ​ပါ​လေ​စေ။ အ​သတ်​ခံ​ရ​သော အ​ကောင်​သည် ခံ​ရ​ပါ​လေ​စေ။ ကျန်​ကြွင်း​သော​အ​ကောင်​တို့​သည် တစ်​ကောင်​ကို​တစ်​ကောင် စား​ပါ​လေ​စေ​ဟု ငါ​ဆို​လျက်၊ 10ခပ်​သိမ်း​သော​လူ​မျိုး​တို့​နှင့် အ​ရင်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို ဖျက်​လို၍၊ ကျေး​ဇူး​အ​မည်​ရှိ​သော ငါ၏​တောင်​ဝှေး​ကို ယူ၍ ချိုး၏။ 11ထို​ပ​ဋိ​ညာဉ်​သည် ထို​နေ့၌​ပျက်​သော​ကြောင့်၊ ငါ့​ကို​အ​မှီ​ပြု​သော သိုး​ဆင်း​ရဲ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​လည်​ကြ၏။ 12တစ်​ဖန် ငါ​က၊ ငါ​ရ​ထိုက်​သော အ​ခ​ကို​ပေး​အံ့​သော​ငှာ၊ သင်​တို့​သည် အ​လို​ရှိ​လျှင် ပေး​ကြ​လော့။ အ​လို​မ​ရှိ​လျှင် မ​ပေး​ကြ​နှင့်​ဟု ဆို​သော်၊ သူ​တို့​သည် ငါ့​အား အ​ခ​ပေး​အံ့​သော​ငှာ ငွေ​သုံး​ဆယ်​ကို ချိန်​ကြ၏။#မ၊ ၂၆:၁၅။ 13ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​ငွေ​ကို အိုး​ထိန်း​သ​မား​ရှေ့​မှာ ပစ်​ချ​လော့။ ငါ့​ကို အ​ဖိုး​ဖြတ်၍ ငွေ​များ​လှ​သည်​တ​ကား​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​ငွေ​သုံး​ဆယ်​ကို ငါ​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၌ အိုး​ထိန်း​သ​မား​ရှေ့​မှာ ပစ်​ချ၏။#မ၊ ၂၇:၉-၁၀။ 14ထို​အ​ခါ ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို ဖျက်​လို၍၊ အ​နှောင်​အ​ဖွဲ့​အ​မည်​ရှိ​သော အ​ခြား​တောင်​ဝှေး​ကို ငါ​ချိုး၏။
15တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ မိုက်​သော သိုး​ထိန်း၏​တန်​ဆာ​တို့​ကို သိမ်း​ယူ​လော့။ 16အ​ကြောင်း​မူ​ကား၊ ဤ​ပြည်၌ သိုး​ထိန်း​တစ်​ဦး​ကို ငါ​ပေါ်​ထွန်း​စေ​မည်။ သူ​သည် အ​သတ်​ခံ​ရ​သော အ​ကောင်​ကို မ​ကြည့်​မ​ရှု၊ လမ်း​လွဲ​သော​အ​ကောင်ကို မ​ရှာ၊ နာ​သော​အ​ကောင်​ကို အ​နာ​ပျောက်​စေ​ခြင်း​ငှာ မ​ပြု၊ ရပ်​နေ​သော အ​ကောင်​ကို မ​မ​စ၊ ဆူ​သော​အ​ကောင်​တို့​ကို စား​လိမ့်​မည်။ သူ​တို့ ခွာ​ကို​လည်း ချိုး​ဖဲ့​လိမ့်​မည်။ 17သိုး​စု​ကို စွန့်​ပစ်​သော အ​ချည်း​နှီး​သိုး​ထိန်း​သည် အ​မင်္ဂ​လာ ရှိ​စေ​သ​တည်း။ သူ၏​လက်​ရုံး​နှင့် လက်​ယာ​မျက်​စိ၌ ဓား​ဘေး ရောက်​လိမ့်​မည်။ လက်​ရုံး​သည် အ​ကုန်​အ​စင် ခြောက်​ကပ်​လိမ့်​မည်။ လက်​ယာ​မျက်​စိ​သည် အ​ကုန်​အ​စင်​မိုက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဇာခရိ 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ