ငါ့ကိုယ်ကိုကိုယ်သိသောစိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌ သက်သေခံလျက်၊ ငါသည် မုသားမပါ၊ ခရစ်တော်ရှေ့၌ မှန်ကန်စွာ ပြောသည်ကား၊- ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏။- အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက်၊ ငါသည် ကိုယ်တိုင် ခရစ်တော်နှင့်ခွာ၍ ကျိန်ခြင်းကို ခံချင်လောက်အောင် စိတ်ရှိ၏။- ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ ချီးမြှောက်ခြင်းနှင့်လည်းကောင်း၊ ဘုန်းအာနုဘော်တော်နှင့်လည်းကောင်း၊ ပဋိညာဉ်တရားတို့နှင့်လည်းကောင်း၊ ပညတ်တရားထားခြင်းနှင့်လည်းကောင်း၊ ဝတ်ပြုခြင်းနှင့်လည်းကောင်း၊ ကတိတော်တို့နှင့်လည်းကောင်း၊ ဆိုင်ကြ၏။- ဘိုးဘေးများတို့နှင့် ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏အမျိုး ဖြစ်တော်မူ၏။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၍ ထာဝရမင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။ ထိုသို့ဆိုသော် ဘုရားသခင်၏ ကတိတော်မတည်ဟု ငါမဆိုလို။ အကြောင်းမူကား၊ ဣသရေလနှင့် ဆက်နွယ်သော သူအပေါင်းတို့သည် ဣသရေလလူမှန် မဟုတ်။- ထိုနည်းတူ အာဗြဟံ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏သားမှန် မဟုတ်။ ဣဇာက်၌သာ သင်၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။- ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏သားမှန် မဟုတ်။ ကတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ၏။- ကတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလအချိန်စေ့သောအခါ၊ ငါလာ၍ စာရာသည် သားကိုရလိမ့်မည်ဟု လာသတည်း။- ထိုမျှမက၊ ရေဗက္ကသည် ငါတို့အဘဣဇာက်နှင့် စုံဖက်၍ ပဋိသန္ဓေစွဲယူသောအခါ၊- ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသောသူ၏ အလိုတော်အားဖြင့် တည်မည်အကြောင်း၊ သားမဖွားမီ၊ ထိုသားတို့သည် ကောင်းသောအကျင့်၊ မကောင်းသောအကျင့်ကို မကျင့်မီ၊- သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။- ထိုသို့နှင့်အညီ၊ ယာကုပ်ကိုငါချစ်၏။ ဧသောကိုမုန်း၏ဟု ကျမ်းစာလာသတည်း။ သို့ဖြစ်၍၊ အဘယ်သို့ ပြောရမည်နည်း။ ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့မပြောရ။- ဘုရားသခင်က၊ ငါသည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနားမည်ဟု မောရှေကို မိန့်တော်မူ၏။- ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။- ကျမ်းစာ၌ ဖာရောဘုရင်ကိုဆိုသည်ကား၊ ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာလည်းကောင်း၊ သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း။- ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခိုင်မာစေလိုသော သူကိုလည်း ခိုင်မာစေတော်မူ၏။ သို့ဖြစ်လျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ အဘယ်သူသည် အလိုတော်ကို ဆီးတားဖူးသနည်းဟု ဆိုမည်လော။- ဘုရားသခင်ကို ငြင်းဆန်သော အချင်းလူ၊ သင်သည်ကား အဘယ်သူနည်း။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူအား၊ အဘယ်ကြောင့် ငါ့ကို ဤသို့လုပ်သနည်းဟု ဆိုရမည်လော။- အိုးထိန်းသမားသည် အိုးမြေကို ပိုင်သည် မဟုတ်လော။ အိုးမြေတစ်ပုံတည်းနှင့် အိုးမြတ်၊ အိုးယုတ်ကို လုပ်ပိုင်သည်မဟုတ်လော။
ရောမ 9 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 9:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ