ရောမ 9:1-21
ရောမ 9:1-21 Judson Bible (JBMLE)
ငါ့ကိုယ်ကိုကိုယ်သိသောစိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌ သက်သေခံလျက်၊ ငါသည် မုသားမပါ၊ ခရစ်တော်ရှေ့၌ မှန်ကန်စွာ ပြောသည်ကား၊- ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏။- အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက်၊ ငါသည် ကိုယ်တိုင် ခရစ်တော်နှင့်ခွာ၍ ကျိန်ခြင်းကို ခံချင်လောက်အောင် စိတ်ရှိ၏။- ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ ချီးမြှောက်ခြင်းနှင့်လည်းကောင်း၊ ဘုန်းအာနုဘော်တော်နှင့်လည်းကောင်း၊ ပဋိညာဉ်တရားတို့နှင့်လည်းကောင်း၊ ပညတ်တရားထားခြင်းနှင့်လည်းကောင်း၊ ဝတ်ပြုခြင်းနှင့်လည်းကောင်း၊ ကတိတော်တို့နှင့်လည်းကောင်း၊ ဆိုင်ကြ၏။- ဘိုးဘေးများတို့နှင့် ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏အမျိုး ဖြစ်တော်မူ၏။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၍ ထာဝရမင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။ ထိုသို့ဆိုသော် ဘုရားသခင်၏ ကတိတော်မတည်ဟု ငါမဆိုလို။ အကြောင်းမူကား၊ ဣသရေလနှင့် ဆက်နွယ်သော သူအပေါင်းတို့သည် ဣသရေလလူမှန် မဟုတ်။- ထိုနည်းတူ အာဗြဟံ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏သားမှန် မဟုတ်။ ဣဇာက်၌သာ သင်၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။- ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏သားမှန် မဟုတ်။ ကတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ၏။- ကတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလအချိန်စေ့သောအခါ၊ ငါလာ၍ စာရာသည် သားကိုရလိမ့်မည်ဟု လာသတည်း။- ထိုမျှမက၊ ရေဗက္ကသည် ငါတို့အဘဣဇာက်နှင့် စုံဖက်၍ ပဋိသန္ဓေစွဲယူသောအခါ၊- ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသောသူ၏ အလိုတော်အားဖြင့် တည်မည်အကြောင်း၊ သားမဖွားမီ၊ ထိုသားတို့သည် ကောင်းသောအကျင့်၊ မကောင်းသောအကျင့်ကို မကျင့်မီ၊- သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။- ထိုသို့နှင့်အညီ၊ ယာကုပ်ကိုငါချစ်၏။ ဧသောကိုမုန်း၏ဟု ကျမ်းစာလာသတည်း။ သို့ဖြစ်၍၊ အဘယ်သို့ ပြောရမည်နည်း။ ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့မပြောရ။- ဘုရားသခင်က၊ ငါသည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနားမည်ဟု မောရှေကို မိန့်တော်မူ၏။- ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။- ကျမ်းစာ၌ ဖာရောဘုရင်ကိုဆိုသည်ကား၊ ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာလည်းကောင်း၊ သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း။- ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခိုင်မာစေလိုသော သူကိုလည်း ခိုင်မာစေတော်မူ၏။ သို့ဖြစ်လျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ အဘယ်သူသည် အလိုတော်ကို ဆီးတားဖူးသနည်းဟု ဆိုမည်လော။- ဘုရားသခင်ကို ငြင်းဆန်သော အချင်းလူ၊ သင်သည်ကား အဘယ်သူနည်း။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူအား၊ အဘယ်ကြောင့် ငါ့ကို ဤသို့လုပ်သနည်းဟု ဆိုရမည်လော။- အိုးထိန်းသမားသည် အိုးမြေကို ပိုင်သည် မဟုတ်လော။ အိုးမြေတစ်ပုံတည်းနှင့် အိုးမြတ်၊ အိုးယုတ်ကို လုပ်ပိုင်သည်မဟုတ်လော။
ရောမ 9:1-21 Common Language Bible (BCL)
ငါသည်ခရစ်တော်၏တပည့်ဖြစ်၍မှန် သောစကားကိုယခုငါပြော၏။ လိမ်လည် ၍မပြော။ ငါသည်မှန်သောစကားကိုပြော ကြောင်းသန့်ရှင်းသောဝိညာဉ်တော်၏အုပ်စိုး မှုကိုခံသောငါ၏သြတ္တပ္ပစိတ်ကလည်း သက်သေခံ၏။- ငါ၏စိတ်နှလုံးသည်ငါ၏အမျိုးသား၊ ငါ ၏သားချင်းတို့အတွက်ဝမ်းနည်းပူဆွေးလျက် အခါမလပ်ပြင်းပြသောဝေဒနာကိုခံ စားလျက်ရှိ၏။ သူတို့၏အကျိုးငှာငါ သည်ဘုရားသခင်၏ကျိန်စာသင့်တော်မူ ခြင်းကိုလည်းကောင်း၊ ခရစ်တော်နှင့်ကွဲကွာ မှုကိုလည်းကောင်းခံလိုသောဆန္ဒရှိ၏။- သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။- သူတို့သည်ဟေဗြဲအမျိုးသားဘိုးဘေး များမှဆင်းသက်လာသူများတည်း။ ခရစ် တော်သည်လူ့ဇာတိအားဖြင့်ထိုသူတို့၏ အမျိုးအနွယ်ပင်ဖြစ်ပေသည်။ ခပ်သိမ်းသော အရာတို့ကိုအစိုးရတော်မူသောဘုရား သခင်သည်ထာဝစဉ်မင်္ဂလာရှိတော်မူပါ စေသတည်း။ အာမင်။ ဘုရားသခင်၏ကတိတော်အတိုင်းအကောင် အထည်မပေါ်ဟုငါမဆိုလို။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏လူစုတော်တွင် ဣသရေလအမျိုးသားအားလုံးမပါဝင် သောကြောင့်ဖြစ်၏။- ထို့အပြင်အာဗြဟံမှဆင်းသက်လာသူအား လုံးတို့သည်အာဗြဟံ၏သားမြေးအစစ် မဟုတ်ပေ။ ဘုရားသခင်က``သင်သည်ဣဇက် အားဖြင့်သာလျှင်သားမြေးများရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။- တစ်နည်းကားသာမန်အားဖြင့်မွေးဖွားသော အာဗြဟံ၏သားမြေးများသည် ဘုရားသခင် ၏သားသမီးများမဟုတ်။ ကိုယ်တော်ကတိတော် အတိုင်းမွေးဖွားလာသူများကိုသာလျှင် အာဗြဟံ၏သားမြေးအစစ်အမှန်များ ဟုခေါ်နိုင်ပေသည်။- ဘုရားသခင်က``အချိန်တန်သောအခါငါလာ ခဲ့မည်။ စာရာသည်သားယောကျာ်းကိုဖွားမြင် လိမ့်မည်'' ဟုအာဗြဟံအားကတိထားတော် မူသတည်း။ ထို့အပြင်ရေဗက္က၏သားနှစ်ယောက်တို့သည် ငါ တို့ဘိုးဘေးဣဇာက်နှင့်ရသောသားများဖြစ် ကြ၏။- သို့သော်သူတို့မဖွားမီ၊ အဆိုးအကောင်းကို မပြုမကျင့်နိုင်မီကပင်လျှင် ဘုရားသခင် သည်ရေဗက္ကအား``သင်၏သားကြီးသည်သား ငယ်၏အစေကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။ ဘုရားသခင်ဤသို့မိန့်တော်မူခြင်း မှာကိုယ်တော်သည် မိမိအကြံအစည်ကို ဖော်ပြရန်ဖြစ်ပေသည်။ ယင်းသို့ရွေးကောက် တော်မူရာ၌အကျင့်အပေါ်တွင်တည်သည် မဟုတ်၊ ကိုယ်တော်ခေါ်ယူတော်မူခြင်း အပေါ်၌တည်ပေသည်။- ကျမ်းစာတော်တွင်``ယာကုပ်ကိုငါချစ်၏။ ဧသောကိုမုန်း၏'' ဟုလာသတည်း။ သို့ဖြစ်၍ဘုရားသခင်သည်တရားမျှတမှု မရှိဟုဆိုရမည်လော။ အဘယ်နည်းနှင့်မျှ မဆိုနိုင်။- ကိုယ်တော်ကမောရှေအား``ငါကျေးဇူးပြုလို သူကိုကျေးဇူးပြုမည်။ သနားလိုသူကို သနားမည်'' ဟုမိန့်တော်မူ၏။- ထို့ကြောင့်ဘုရားသခင်၏ရွေးချယ်မှုသည် လူ၏အလိုဆန္ဒသို့မဟုတ်လူ၏ကြိုးစား အားထုတ်မှုအပေါ်တွင်မတည်။ ကိုယ်တော် ၏ကရုဏာတော်အပေါ်၌သာတည်ပေသည်။- ကိုယ်တော်ကဖာရောဘုရင်အား``သင့်ကိုဘုရင် အဖြစ်ငါချီးမြှောက်ရခြင်းအကြောင်းမှာ သင့် အားဖြင့်ငါ၏တန်ခိုးတော်ကိုပြ၍ကမ္ဘာတစ် ဝန်းတွင်ငါ၏ဂုဏ်သတင်းပျံ့နှံ့စေရန်ဖြစ်၏'' ဟုမိန့်တော်မူကြောင်းကျမ်းစာတော်က ဆိုသည်။- သို့ဖြစ်၍ကိုယ်တော်သည်မိမိသနားလိုသူကို သနားတော်မူ၍ မိမိခေါင်းမာစေလိုသူကို ခေါင်းမာစေတော်မူ၏။ ``ထိုသို့ဖြစ်ပါမူဘုရားသခင်သည်လူတို့ ကိုအဘယ်သို့လျှင်အပြစ်တင်နိုင်ပါမည်နည်း။ အဘယ်သူသည်ကိုယ်တော်၏အလိုတော်ကို ဆန့်ကျင်ဘက်ပြုနိုင်ပါမည်နည်း'' ဟူ၍မေး မြန်းလိုသူရှိလိမ့်မည်။- မိတ်ဆွေ၊ သင်သည်အဘယ်သူဖြစ်၍ဘုရား သခင်အားဤသို့လျှောက်ထားနိုင်သနည်း။ အဖန်ဆင်းခံကဖန်ဆင်းတော်မူရှင်အား``အရှင် သည်အဘယ်ကြောင့်အကျွန်ုပ်အားဤသို့ ဖန်ဆင်းတော်မူပါသနည်း'' ဟုမေးနိုင်မည် လော။- အိုးထိန်းသည်၌ရွှံ့စေးကိုမိမိအလိုဆန္ဒ အတိုင်းပြုလုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။ သူသည်ရွှံ့တုံးတစ်ခုတည်းမှအိုးကောင်း အိုးညံ့ကိုပြုလုပ်ပိုင်သည်မဟုတ်လော။
ရောမ 9:1-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် ခရစ်တော်၌ မုသားမပါ ဟုတ်မှန်ရာကိုပြောမည်။ ငါ၏အသိစိတ်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါနှင့်အတူသက်သေခံလျက်နေသည့်အကြောင်းကား ငါ၌အလွန်ဝမ်းနည်းခြင်းရှိ၍ ငါ၏စိတ်နှလုံးထဲတွင် အမြဲမပြတ်ပူပန်ခြင်းဝေဒနာရှိ၏။ အမှန်စင်စစ် သွေးသားဇာတိအားဖြင့် ငါ၏အမျိုးသားချင်းများဖြစ်ကြသော ငါ့ညီအစ်ကိုတို့အတွက် ငါကိုယ်တိုင် ခရစ်တော်နှင့်ကွဲကွာလျက် ကျိန်ခြင်းကိုပင် ခံလိုသောဆန္ဒရှိ၏။ သူတို့သည် အစ္စရေးအမျိုးသားများဖြစ်ကြပြီး သားသမီးအရာဖြစ်စေ၊ ဘုန်းအသရေဖြစ်စေ၊ ပဋိညာဉ်များဖြစ်စေ၊ ပညတ်တရားပေးအပ်ခြင်းဖြစ်စေ၊ ဝတ်ပြုခြင်းဖြစ်စေ၊ ကတိတော်များဖြစ်စေ ထိုသူတို့နှင့်ဆိုင်၏။ ရှေးဘိုးဘေးတို့သည် သူတို့နှင့်ဆက်နွှယ်ကြ၍ ခရစ်တော်သည်လည်း လူသားအနေဖြင့် သူတို့ထဲမှပေါ်ထွန်းတော်မူ၏။ ထိုအရှင်သည် အရာခပ်သိမ်းတို့အထက်၌ရှိ၍ ကာလအစဉ်အဆက်မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ပျက်ပြယ်သွားသည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးအနွယ်ဝင်အားလုံးသည် အစ္စရေးလူမျိုးမဟုတ်။ အာဗြဟံ၏အမျိုးအနွယ်ဖြစ်သောကြောင့် အားလုံးသည် သားသမီးများဖြစ်ကြသည်မဟုတ်။ “ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု အမိန့်တော်ရှိ၏။ ဆိုလိုသည်ကား သွေးသားနှင့်ဆိုင်သောသားသမီးများသည် ဘုရားသခင်၏သားသမီးများမဟုတ်ဘဲ ကတိတော်နှင့်ဆိုင်သောသားသမီးများသာလျှင် အမျိုးအနွယ်အဖြစ်သတ်မှတ်ခြင်းခံရ၏။ အဘယ်ကြောင့်ဆိုသော် ကတိတော်စကားမှာ “ဤသို့သောအချိန်အခါတွင် ငါလာခဲ့ဦးမည်။ စာရာသည်လည်း သားတစ်ဦးကိုရရှိလိမ့်မည်”ဟူ၍ ဖြစ်၏။ ထိုမျှမက ရေဗက္ကာသည်လည်း ငါတို့၏ရှေးဘိုးဘေးဣဇက်တစ်ဦးတည်းနှင့်ပင်စုံဖက်၍ ကိုယ်ဝန်ရရှိသောအခါ သားတို့မမွေးဖွားမီ၊ ထိုသားတို့သည် အကောင်းအဆိုးကိုမပြုကျင့်မီကပင် ဘုရားသခင်၏ရွေးကောက်ခြင်းနှင့်ဆိုင်သော အကြံအစည်တော်သည် အကျင့်အားဖြင့်မဟုတ်ဘဲ ခေါ်ယူတော်မူသောသူအားဖြင့် တည်စေရန် “အကြီးသည် အငယ်ကို အစေခံရလိမ့်မည်”ဟု ရေဗက္ကာအား မိန့်တော်မူ၏။ “ယာကုပ်ကို ငါချစ်၏။ ဧသောကိုမူကား ငါမုန်း၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။ သို့ဖြစ်လျှင် ငါတို့သည် မည်သို့ဆိုရမည်နည်း။ ဘုရားသခင်၌ မတရားမှုရှိသလော။ လုံးဝမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မောရှေအား “ငါသည် သနားလိုသောသူကိုသနား၍ သက်ညှာလိုသောသူကို သက်ညှာမည်”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ဤအရာသည် လူ၏အလိုဆန္ဒအပေါ်၌လည်းကောင်း၊ ကြိုးစားအားထုတ်မှုအပေါ်၌လည်းကောင်း မမူတည်ဘဲ ကရုဏာထားတော်မူသောဘုရားသခင်အပေါ်၌သာ မူတည်၏။ အကြောင်းမူကား ကျမ်းစာ၌ ဖာရောဘုရင်အား “သင့်ကို ငါချီးမြှောက်ခြင်းမှာ သင်၌ ငါ့တန်ခိုးကိုပြသ၍ ကမ္ဘာမြေတစ်ဝန်းလုံးတွင် ငါ၏နာမကို ကျော်ကြားစေရန်ဖြစ်၏”ဟု ဆိုထား၏။ ထို့ကြောင့် ဘုရားသခင်သည် သနားလိုသောသူကို သနားတော်မူ၍ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။ ထိုအခါ သင်က “သို့ဖြစ်လျှင် ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ မည်သူသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်နိုင်မည်နည်း”ဟု ငါ့အား မေးမြန်းလိမ့်မည်။ သို့သော် အချင်းလူ၊ သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ပြန်ခံပြောဆိုသနည်း။ ပုံသွင်းခံရသောအရာသည် ပုံသွင်းပေးသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ပြုလုပ်ခဲ့သနည်း”ဟု ပြောဆိုနိုင်ပါမည်လော။ အိုးထိန်းသည်သည် ရွှံ့စေးတစ်ပုံတည်းထဲမှ အသရေရှိသောအရာအတွက်သုံးရန် အိုးခွက်ကိုလည်းကောင်း၊ အသရေမရှိသောအရာအတွက်သုံးရန် အိုးခွက်ကိုလည်းကောင်း လုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။