သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်။- ထိုသို့ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သော သူ၏အကျိုးကို ထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏အလိုသို့ လိုက်ကြကုန်အံ့။- အကြောင်းမူကား၊ ခရစ်တော်သည် ကိုယ်အလိုသို့ မလိုက်။ ကျမ်းစာလာသည်အတိုင်း ကဲ့ရဲ့ခြင်းကို ခံတော်မူ၏။ ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏ဟု ကျမ်းစာလာသတည်း။- ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသော အခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး၍ ရေးထားသတည်း။- သင်တို့သည် ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှာ၊- ယေရှုခရစ်၏အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်း ရှိကြမည်အကြောင်း၊ သည်းခံခြင်း၊ သက်သာခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။ ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကို လက်ခံတော်မူသည်နည်းတူ၊ သင်တို့သည် တစ်ယောက်ကိုတစ်ယောက် လက်ခံကြလော့။ တစ်ဖန် ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏ သစ္စာတော်ကိုထောက်၍၊ ဘိုးဘေးများခံရသော ကတိတော်တို့ကို တည်စေခြင်းငှာ၊- အရေဖျားလှီးခြင်းကိုခံသော သူတို့၏အမှုကို ဆောင်ရွက်တော်မူ၏။ တစ်ပါးအမျိုးသားတို့သည်လည်း၊ ဘုရားသခင်၏ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုကြောင့် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်ဟု လာသတည်း။- တစ်ဖန်လာသည်ကား၊ တစ်ပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့ဟုလာ၏။- တစ်ဖန်ကား၊ လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့၊ အလွန်ချီးမွမ်းကြလော့ဟုလာ၏။- တစ်ဖန် ဟေရှာယဆိုသည်ကား၊ ယေရှဲ၏အမြစ်ပေါက်၍ တစ်ပါးအမျိုးသားတို့ကို အုပ်စိုးခြင်းငှာ ပေါ်ထွန်းသောသူ ဖြစ်လိမ့်မည်။ ထိုသူကို တစ်ပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟု ဆိုသတည်း။- သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှာ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း၊ မျှော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။
ရောမ 15 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 15:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ