အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက် မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာ ဖြစ်သတည်း။- ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။- မင်းမူကား၊ ကောင်းသောအကျင့်ကိုကျင့်သောသူ ကြောက်ဖို့ဖြစ်သည်မဟုတ်။ မကောင်းသော အကျင့်ကို ကျင့်သောသူ ကြောက်ဖို့၏။ မင်းအာဏာကို မကြောက်ဘဲ နေချင်သလော။ ကောင်းသောအကျင့်ကို ကျင့်လော့။ ကျင့်လျှင် မင်းအာဏာကြောင့် ချီးမွမ်းခြင်းကို ခံရလိမ့်မည်။- မင်းသည်ကား၊ သင်၏အကျိုးအလိုငှာ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသောအကျင့်ကို ကျင့်လျှင်၊ ကြောက်ခြင်း ရှိစေလော့။ အကြောင်းမူကား၊ မင်းသည်အချည်းနှီး ဓားကိုဆောင်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။- ထိုကြောင့်၊ ရာဇဝတ်ကိုကြောက်သောကြောင့်သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံရမည် မဟုတ်။ ကိုယ်ကိုကိုယ်သိသော စိတ်ကို ထောက်၍ ဝန်ခံရမည်။- ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏ အမှုစောင့်ဖြစ်၍၊ အမှုတော်ကို အမြဲထမ်းကြ၏။- ထိုကြောင့်၊ လူအသီးအသီး ခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကိုခံထိုက်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ကို ခံထိုက်သောသူအား အကောက်ကို လည်းကောင်း ပေးကြလော့။ ကြောက်ထိုက်သောသူကို ကြောက်ကြလော့။ ရိုသေထိုက်သောသူကို ရိုသေကြလော့။ အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။- အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ခု၌ အပါအဝင် ဖြစ်ကြ၏။- ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့် စပ်ဆိုင်သော သူ၏အကျိုးကို မဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။ ထိုမှတစ်ပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌နီးသည်ထက် ယခုသာ၍ နီးသောကြောင့်လည်းကောင်း၊- ညအချိန်ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်လည်းကောင်း၊ ယခုအခါ အိပ်ပျော်ရာမှ နိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည်သိ၍ ကာလအချိန်ကို ထောက်လျက်၊ မှောင်မိုက်၏အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။- ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့။- သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှာ မကြံစည်ကြနှင့်။
ရောမ 13 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 13
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 13:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ