လူဇာတိအားဖြင့် ဒါဝိဒ်အမျိုးဖြစ်တော်မူထသော၊- သေခြင်းမှထမြောက်တော်မူ၍၊ သန့်ရှင်းသောဝိညာဉ်အားဖြင့်၊- တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်းဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင်သည် ရှေးကမိမိပရောဖက်များအားဖြင့်၊ သန့်ရှင်းသောကျမ်းစာ၌ ကတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှာ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော ယေရှုခရစ်၏ကျွန် ငါပေါလုသည်၊- ဘုရားသခင်ချစ်တော်မူ၍၊ သန့်ရှင်းသူအရာ၌ ခန့်ထားသော ရောမမြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ၏။- သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကိုအမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်စေခြင်းငှာ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ်ထားတော်မူသော သင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါအဝင်ဖြစ်ကြ၏။ သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတစ်ပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရားသခင်ကျေးဇူးတော်ကို ရှေ့ဦးစွာ ငါချီးမွမ်း၏။- ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ် ဆုတောင်းပတ္ထနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏သက်သေခံဖြစ်တော်မူ၏။- မကြာမမြင့်မီ ဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသောအခွင့် တစ်စုံတစ်ခုရှိပါမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။- သင်တို့သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစ်စုံတစ်ခုကို အပ်ပေးခြင်းငှာ၊ သင်တို့ကို အလွန်တွေ့မြင်ချင်ပါ၏။- ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သောအားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြမည်အကြောင်းကို ဆိုလိုသတည်း။ ညီအစ်ကိုတို့၊ ငါသည်အခြားသော တစ်ပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစ်စုံတစ်ခုကိုရခြင်းငှာ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။
ရောမ 1 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 1:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ